
နေပြည်တော် ဩဂုတ် ၂၆
အင်တာနက်အသုံးပြု၍ အွန်လိုင်းမှ တစ်ဆင့် လိမ်လည်မှုကျူးလွန်သည်ဟု သံသယရှိသူငါးဦးကို ယနေ့တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့ထံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းပေးပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ ယခုအချိန် အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ တရုတ်နိုင်ငံသား ၂၄ ဦးအား မြန်မာနိုင်ငံမှ လေးရက်အတွင်း တရုတ် နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ ကြောင်း သိရသည်။
ယခုလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၊ မြန်မာရဲတပ်ဖွဲ့ဌာနချုပ်၊ ထိုင်းရဲတပ်ဖွဲ့ ဌာနချုပ်၊ လာအိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌လောင်းကစားလိမ်လည်မှုအပြင် လူကုန် ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ဖမ်းဆီး ချုပ်နှောင်မှု အစရှိသည့် ရာဇဝတ်ပြစ်မှု များကို လက်တွဲတိုက်ဖျက်ရေး အစည်း အဝေးကို ပူးတွဲကျင်းပခဲ့ကြပြီး အစည်း အဝေးအတွင်း လောင်းကစားလိမ်လည်မှု ပျံ့နှံ့နေသော ဒေသများတွင် ပူးပေါင်း ဆောင်ရွက်ရေးနေရာများ တည်ထောင် ခြင်းဖြင့် ပိုမိုနီးကပ်စွာပူးပေါင်း၍ တယ်လီ ကွန်းနှင့် အင်တာနက်လိမ်လည်မှု လောင်းကစားရာဇဝတ်မှုများကို ပြင်းထန် စွာ တိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ကြ သည်။
ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လအတွင်း က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စတာချန်းဟိုင်သည် မြန်မာနိုင်ငံ အတွင်းရှိ အွန်လိုင်းလိမ်လည်မှုများ နှင့် အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက လည်း လိမ်လည်မှုနှင့် လောင်းကစား ရာဇဝတ်မှုများကို တိုက်ဖျက်ရာ၌ ပြတ်ပြတ် သားသားရပ်တည်သွားမည်ဖြစ်ပြီး အိမ်နီး ချင်းနိုင်ငံများနှင့်အတူ နောက်ဆက်တွဲ နှိမ်နင်းမှုများကို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတိအလင်းပြောကြား ခဲ့သည်။
“တယ်လီကွန်းနဲ့ အင်တာနက်ကနေ လိမ်လည်သူတွေဟာ လစာကောင်းတွေ ပေးပြီး အလုပ်သမားတွေ ခန့်ထားကြ သလို ခြိမ်းခြောက်ခိုင်းစေတာ၊ အကြမ်း ဖက်တာနဲ့ လူကုန်ကူးတာတွေစတဲ့ ဒုစရိုက်ကွင်းဆက်တွေကိုလည်း လုပ်ခဲ့ ကြပါတယ်။ လိမ်လည်သူတွေဟာ ဂိုဏ်း ဖွဲ့ပြီး Block Chain, Metaverse, Cryptocurrency တွေနဲ့ AI နည်းပညာ တွေကိုပေါင်းစပ်ပြီး နည်းပညာအသုံးပြုမှု တွေကို အဆက်မပြတ်မြှင့်တင်နေကြ တယ်။ ငွေကြေးလိမ်လည်မှုပမာဏ များပြားသလို လိမ်လည်တဲ့နည်းလမ်း တွေမှာ ခြိမ်းခြောက်တာနဲ့ ရက်စက် ကြမ်းကြုတ်တာတွေကိုလည်း လုပ်ဆောင် လျက်ရှိတယ်”ဟု တရုတ်မီဒီယာတစ်ခု ဖြစ်သည့် China Radio International မြန်မာပိုင်းအစီအစဉ်တွင် သုံးသပ်ဖော်ပြ ထားသည်။
တရုတ်နိုင်ငံအတွင်း တယ်လီကွန်း လိမ်လည်မှုများကို အိမ်နီးချင်းနိုင်ငံများမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းနှိမ်နင်း ခဲ့ရာတွင် ၂၀၁၆ ခုနှစ်ကထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကွမ်ကျိုးပြည်သူ့လုံခြုံရေးဌာနသည် အကြီးစားနိုင်ငံကူး တယ်လီ ကွန်းလိမ်လည်မှု 6.26 ကို နှိမ်နင်းခဲ့ဖူး သည်။ အဆိုပါလူလိမ်ဂိုဏ်းမှာ သုံးလ အတွင်း တရုတ်နိုင်ငံအတွင်း တယ်လီဖုန်း လိမ်လည်ခေါ်ဆိုမှု ၂ ဒသမ ၄သန်းကျော် ပြုလုပ်ခဲ့ပြီး တရုတ်ပြည်နယ်အသီးသီး တွင် အမှုပေါင်း ၃၀၀ ကျော်ကျူးလွန်ခဲ့ရာ လိမ်လည်ငွေ ယွမ် သန်း ၃၀ ကျော်ရှိခဲ့ သည်။ ၂၀၂၂ ခုနှစ်တွင် ရှန်ဟိုင်းရဲတပ်ဖွဲ့ သည် ထိုင်းနိုင်ငံဥပဒေဌာနနှင့် ပူးပေါင်း၍ သံသယရှိသူ ၅၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယွမ်သန်း၁၃၀ကျော် ပြန်လည်ရရှိခဲ့ဖူးသည်။
နှစ်နိုင်ငံမှ ပြည်သူများအနေဖြင့် အွန်လိုင်းမှ မိတ်ဆွေဖွဲ့ခြင်းများကို သတိထားကြရန်၊ အကျိုးအမြတ်များစွာ ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဟူသည့် ဆွဲဆောင်မှုများနှင့် လောင်းကစား ဆော့ဖ်ဝဲများ၊ အက်ပလီကေးရှင်းများ၊ ဝက်ဘ်ဆိုက်များကို မယုံကြည်ဘဲ လိမ်လည်မှုမခံရစေရန်လည်း သတိပေး ထားကြောင်း သိရှိရသည်။
ခင်ရတနာ၊ ဓာတ်ပုံ- တရုတ်သံရုံး