အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်မှုကြောင့် ပြည်တွင်း၌ ထောပတ်သီးဈေးကွက် ပိုမိုတွင်ကျယ်လာ

 

ပြင်ဦးလွင်   ဒီဇင်ဘာ  ၂၃


အွန်လိုင်းစနစ်ကိုအသုံးပြုကာ   ထောပတ်သီး အရည်အသွေး   အာမခံသည့်စနစ်ဖြင့် ရောင်းဝယ်မှုပုံစံသို့    ပြောင်းလဲလာမှုများ ကြောင့် စားသုံးသူများ၏ ယုံကြည်မှုကို ပိုမို ရရှိလာကာ   ပြည်တွင်း၌     ထောပတ်သီး ဈေးကွက် ပိုမိုတွင်ကျယ်လာကြောင်း မြန်မာ နိုင်ငံ   ထောပတ်သီး  စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ       ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောကြားသည်။ 

 


ယခုအချိန်ကာလသည် ထောပတ်သီးများ လှိုင်လှိုင်ပေါ်သည့် ရာသီချိန်ဖြစ်သည့်အတွက် ရပ်နီးရပ်ဝေးမှထွက်ရှိသည့် ထောပတ်သီးမျိုး များ  ဈေးကွက်အတွင်းသို့   အပြိုင်အဆိုင် ဝင်ရောက်လျက်ရှိပြီး၊  လက်ရှိတွင် ပြည်ပကို တင်ပို့နိုင်ရန်အတွက်   အခက်အခဲများရှိနေ ခြင်းကြောင့် ပြည်တွင်းဈေးကွက်၌  တွင်ကျယ် စွာရောင်းချနိုင်စေရန်  ရောင်းဝယ်မှုပုံစံအမျိုး မျိုးဖြင့် ပြောင်းလဲဆောင်ရွက်လာကြကြောင်း သိရသည်။ 

 


“ယခုထောပတ်ရာသီမှာ  အွန်လိုင်းစနစ် ကို   အသုံးပြုပြီး    ပြည်တွင်းဈေးကွက်က စားသုံးသူတွေကို   အာမခံစနစ်နဲ့   ရောင်းချပေး နေပါတယ်။ အွန်လိုင်းကနေ   ရောင်းချရာမှာ လည်း   ထောပတ်သီးထွက်ရှိတဲ့      အရပ်ဒေသ အသီးသီးက  ခြံရှင်‌တွေတိုင်ပင်ပြီး   ရောင်းချသူ တွေနဲ့ စားသုံးသူတွေ     နှစ်ဦးနှစ်ဖက်အဆင်ပြေ တဲ့ဈေးနှုန်းများနဲ့    ညှိနှိုင်းရောင်းချကြတာ ဖြစ်တဲ့အတွက်    နောက်ပိုင်းမှာ     ဈေးကွက် အတွင်း  ပေါပေါများများ ဝင်ရောက်လာရင်  ယခုလက်ရှိ ဈေးနှုန်းထက်  လျော့ကျလာနိုင်တဲ့   အနေအထား   ရှိလာနိုင်ပါတယ်”    ၎င်းက ပြောသည်။

 


အဆိုပါ   ထောပတ်သီးသည်      တစ်နှစ် တစ်ကြိမ်သီးသည့် ရာသီသီးနှံဖြစ်ပြီးရာသီဥတု အခြေအနေ၊  ပင်လယ်ရေမျက်နှာပြင် အနိမ့် အမြင့်ပေါ်မူတည်ပြီး    အသီးပေါ်သည့်အချိန် အနည်းငယ်ကွာခြားကာ   စက်တင်ဘာလမှ ဖေဖော်ဝါရီလအထိ ရရှိနိုင်သည်။ ထောပတ် သီးမျိုးကွဲများစွာရှိသည့်အနက်    ပြည်တွင်း စားသုံးမှုမြင့်မားသည့်   Export   တန်းဝင် ဟက်(စ်) ထောပတ်မျိုးများကို  ရွေးချယ်ဝယ်ယူ စားသုံးမှု ပိုမိုများနေကြောင်းလည်း သိရသည်။ 

 


ထောပတ်သီးကို    အသီးအရွယ်အစား အလိုက်      ဝိတ်ချိန်ခွဲကာ   ကီလိုစနစ်ဖြင့် ရောင်းချမှုများပြီး   ဟက်(စ်)မျိုး   ထောပတ်သီး ဆိုပါက A-grade တစ်ကီလိုလျှင်   ငွေကျပ် ၉၅၀၀ မှ    ၁၀၀၀၀ ဝန်းကျင်၊     B-grade တစ်ကီလိုလျှင်  ငွေကျပ် ၈၅၀၀ ဝန်းကျင်၊ C-grade နှင့် C-grade အောက် တစ်ကီလိုလျှင် ငွေကျပ် ၆၅၀၀ မှ ၇၀၀၀ ဝန်းကျင် ရောင်းချ ကြကြောင်း၊      အလုံးအရွယ်အစားကြီးပြီး အရည်အသွေးကောင်းသည့်   ထောပတ်သီး တစ်လုံးလျှင်  ပျမ်းမျှငွေကျပ်  ၁၅၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)