
နေပြည်တော် ဒီဇင်ဘာ ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးတင်အေးနှင့်အတူ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)သို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များ အား စက်ရုံခွဲများအလိုက် အဆင့်အလိုက် တိုးမြှင့်ပေးနိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီး သည် စက္ကူထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စက်ရုံရှိ စက်ပစ္စည်းများကို ပျက်စီးဆုံးရှုံး မှု မရှိစေရေး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဦးစီး မှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းများ ထိရောက်သော ကူညီမှုများကို ပေးအပ်နိုင်ရေး အတွက် ၎င်းတို့၏ ရင်ဆိုင် တွေ့ကြုံနေရသည့် အခက်အခဲ များကို သိရှိအောင်ဆောင်ရွက် ရန် မှာကြားသည်။ ထို့နောက် အသေးစား၊ အငယ်စားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ပြုစုထားရှိ သည့် စာတမ်းများကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃၂) အကြီးစားစက်ရုံ (ကြံခင်း) သို့ ရောက်ရှိပြီး ဝန်ထမ်းများအား အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ နည်းပညာလွှဲပြောင်း ရရှိ ရေးတို့အတွက်ပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပြီး စက်ရုံ အတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်း စဉ် အဆင့်ဆင့်နှင့် ကုန်ကြမ်းများ သယ်ယူရာတွင် အသုံးပြုသည့် လျှပ်စစ်ရထားတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြိုးစားဆောင်ရွက်
ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်း တွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ်ရှိ အမှတ်(၁) စက်မှု သင်တန်းကျောင်း (ဆင်တဲ) နှင့် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသ ကြီး မကွေးမြို့ရှိ အမှတ်(၅)စက်မှု သင်တန်း ကျောင်း (မကွေး) တို့သို့ ရောက်ရှိပြီး နည်းပြဆရာ ဆရာမ များ၊ သင်တန်းသား သင်တန်းသူ များနှင့် တွေ့ဆုံ၍ နိုင်ငံနှင့် လူမျိုးအတွက် ကျရာအခန်းကဏ္ဍ မှ စက်မှုနှင့် ပတ်သက်သည့် အကျိုးပြုလုပ်ငန်းများ ဆောင် ရွက်နေရမည်ဖြစ်ကြောင်း၊ စက်မှု အခြေခံကောင်းများမှ တီထွင် သုတေသနပြုမှု၊ ဒီဇိုင်းဆန်းသစ်မှု၊ ခေတ်နှင့် ရင်ပေါင်တန်းနိုင်မှု၊ စီးပွားရေး တွက်ခြေကိုက်မှုများ နှင့် စက်မှုကုန်ထုတ်လုပ်ငန်း များ အဆင့်မြှင့် ဆောင်ရွက်နိုင် သည်အထိ ကြိုးစားသွားကြရန်၊ နည်းပြများအနေဖြင့် နှလုံးသား လှသည့် ဆရာ ဆရာမများ ဖြစ်အောင် ကြိုးစားဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်