အင်းတော်ကြီးကန်၌ အဏ္ဏဝါသိပ္ပံလောကတွင် မှတ်တမ်းတင်ထားခြင်းမရှိသေးသည့် ငါးမျိုးစိတ် လေးမျိုးနှင့် ကမ္ဘာ့ရှားပါးငါးမျိုးစိတ် နှစ်မျိုးတို့ ရှင်သန်ကျက်စားလျက်ရှိ

 

မိုးညှင်း    ဒီဇင်ဘာ   ၂၅


မြန်မာနိုင်ငံတွင် အကြီးဆုံးရေချိုကန်ကြီးဖြစ်သည့် အာဆီယံအမွေအနှစ်ဥယျာဉ်နှင့် ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်ထားသော ကချင်ပြည်နယ် မိုးညှင်း ဒေသရှိ အင်းတော်ကြီးကန်တွင် အဏ္ဏဝါသိပ္ပံလောက ၌ မှတ်တမ်းတင်ထားခြင်းမရှိသေးသည့် ငါးမျိုးစိတ် လေးမျိုးနှင့်   ကမ္ဘာ့ရှားပါးငါးမျိုးစိတ်   နှစ်မျိုးတို့ ရှင်သန်ကျက်စားလျက်ရှိသည်။

 


အင်းတော်ကြီးကန်ဒေသသည်    ၃၁၄  ဒသမ   ၆၇ စတုရန်းမိုင်  ကျယ်ဝန်းပြီး   တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သစ်တောဦးစီးဌာနမှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့်အပြင်  ရေချိုကန်ကြီး အတွင်းရှိ ငါးမျိုးစိတ်များစာရင်းကောက်ယူခြင်းနှင့်  ကန်အတွင်းရှိ ရေအရည်အသွေးဆန်းစစ်ခြင်းကို   FFI   အဖွဲ့နှင့်   ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။    ဇီဝအဝန်းနယ်မြေဖြစ်၍ ဆောင်းခိုငှက်များ နှစ်စဉ် ဝင်ရောက်ကျက်စားလျက်ရှိသည့်အပြင် ရုက္ခနှင့်ဇီဝ တို့ ရှင်သန်လျက်ရှိရာ ငါးမျိုးစိတ်များစွာ ရှင်သန် ပေါက်ပွားမှုကြောင့်    ကန်၏အရည်အသွေးသည် အထူးအရေးပါသည့်အတွက်  FFI နှင့်  ပူးပေါင်း လေ့လာ၍ ဂျာမနီနိုင်ငံရှိ တက္ကသိုလ်တို့တွင် ကန်ရေ ကို ဓာတ်ခွဲစမ်းသပ် လုပ်ဆောင်လျက်ရှိသည်။

 


“အင်းတော်ကြီးကန်ရဲ့အရည်အသွေးကို နှစ်စဉ် စမ်းသပ်ပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး ယနေ့အချိန်ထိ ကန်အရည်အသွေး   သိသိသာသာ  ပြောင်းလဲမှု မရှိပေမယ့်   အနည်းငယ်  ပြောင်းလဲမှုရှိတယ်လို့ ဆိုရမှာပါ။ ကမ္ဘာပေါ်မှာ မရှိသေးဘဲ အဏ္ဏဝါသိပ္ပံ လောကမှာလည်း မှတ်တမ်းတင်ထားခြင်းမရှိသေး တဲ့ ငါးသလဲထိုး ငါးမျိုးစိတ် လေးမျိုးနဲ့ အဲဒီဒေသမှာ  သာတွေ့ရတဲ့ ငါးမျိုးစိတ် နှစ်မျိုးကို အင်းတော်ကြီး ကန်မှာ တွေ့ရတာဟာ အင်းတော်ကြီးရမ်ဆာရေဝပ် ဒေသအတွက် ဂုဏ်ယူဖွယ်တစ်ခုပါ”ဟု အင်းတော် ကြီးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး  ဦးမောင်ဝင်းက ပြောသည်။

 


အင်းတော်ကြီးကန်သည် အင်းလေးကန်ကဲ့သို့ လူနေထိုင်မှုမရှိခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကန်အရည်အသွေး သိသာစွာထိခိုက်မှုမရှိခြင်းဖြစ် ပြီး မြန်မာနိုင်ငံ၏ ရမ်ဆာရေဝပ်ဒေသ ရှစ်ခုတွင် ဆောင်းခိုငှက်များ အများဆုံးပျော်မွေ့ရာနေရာတစ်ခု အဖြစ် တွေ့မြင်ရခြင်းဖြစ်သည်။ ကန်အတွင်း ငါးမျိုး စိတ်များပေါများခြင်းသည်    ဌာနေငှက်များနှင့် ရေပျော်   ဆောင်းခိုငှက်တို့   ဆွဲဆောင်လျက်ရှိပြီး ရေအရည်ကောင်းမွန်ခြင်းသည် ဆောင်းခိုငှက်များနှင့်  ကမ္ဘာ့ရှားပါးငါးမျိုးစိတ်တို့ ရှင်သန်ပေါက်ပွားရာနေရာ အဖြစ် နိုင်ငံအတွက် ဂုဏ်ဆောင်လျက်ရှိသည်။ 

 


အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဧရိယာ တွင် မှတ်တမ်းတင်ထားခြင်းမရှိသေးသည့် ငါးသလဲထိုး မျိုးစိတ်   လေးမျိုးနှင့်   အင်းတော်ကြီးကန်ဒေသ မျိုးရင်း   ငါးမျိုးစိတ်   နှစ်မျိုးဖြစ်သော   မိကျောင်း သွားကြားထိုးတံငါးနှင့် ရေနယားငါး နှစ်မျိုးတို့အပြင် ငါးမျိုးစိတ်ပေါင်း ၉၅ မျိုးတို့ ရှင်သန်လျက်ရှိသည်။ အင်းတော်ကြီးကန်တွင်     ကျက်စားလျက်ရှိသည့် ငါးမျိုးစိတ်များနှင့်စပ်လျဉ်း၍       နော်ဝေနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့က      သိပ္ပံနည်းကျစမ်းသပ်မှုနှင့် စာရင်းကောက်ယူမှုကိုလည်း   ဆောင်ရွက်လျက် ရှိသည်။

 


မြန်မာနိုင်ငံရှိ   ဇီဝမျိုးစုံမျိုးကွဲများ    ရှင်သန် ပေါက်ပွားရာ အင်းတော်ကြီးကန်ဒေသသည် သဘာဝ ကိုအခြေခံသည့် ခရီးသွားလုပ်ငန်းကို အထောက်အပံ့ ဖြစ်စေလျက်ရှိပြီး   မြန်မာနိုင်ငံတွင် အကြီးဆုံးရေချို ကန်ကြီးလည်းဖြစ်ကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး