
ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အီတလီအသင်းနှင့် အင်္ဂလန်အသင်းတို့ပွဲစဉ်ကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အင်္ဂလန်နိုင်ငံရှိ ဝင်ဘလေကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ရာ အီတလီအသင်းက ပယ်နယ်တီအဆုံးအဖြတ် တွင် သုံးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ယူရိုဖလားအား ၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆွတ်ခူး နိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် သာမန်ပွဲချိန်အတွင်း တစ်ဖက် တစ်ဂိုးစီသရေကျနေ၍ အချိန်ပို ဆက်လက် ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရခြင်းဖြစ်သည်။
ယနေ့ပွဲစဉ်တွင် နည်းပြမန်စီနီ၏ အီတလီအသင်းသည် ဆီမီးဖိုင်နယ်တွင် စပိန်အသင်းအား အနိုင်ရရှိခဲ့သည့် ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်လာခြင်း မရှိဘဲ ဒွန်နာ ရမ်မာ၊ ဘိုနူချီ၊ ချီလီနီ၊ ဂျော်ဂျင်ဟို၊ ဗာရက်တီ၊ အင်မိုဘီလီစသည့် ကစားသမားများဖြင့် အင်္ဂလန်အသင်းကို ရင်ဆိုင်လာခဲ့သည်။ နည်းပြ ဆောက်ဂိတ်၏ အင်္ဂလန်အသင်းက ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဒိန်းမတ် အသင်းအား အနိုင်ရရှိခဲ့သည့် ကစားသမားစာရင်းကို တစ်ဦးသာ အပြောင်းအလဲ ပြုလုပ်ပြီး ပစ်ဖို့ဒ်၊ မက်ဂွိုင်းယား၊ ဝေါ်လ်ကာ၊ လုခ်ရှော၊ ထရစ်ပီယာ၊ စတားလင်း၊ ကိန်းစသည့် ကစားသမားများဖြင့် အီတလီ အသင်းကို ရင်ဆိုင်လာခဲ့သည်။ အင်္ဂလန်အသင်းသည် ပွဲအစ နှစ်မိနစ် တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး ထရစ်ပီယာ၏ ဖန်တီးပေးမှုမှတစ်ဆင့် လုခ်ရှောက သွင်းယူပေးနိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် အပြန်အလှန်ထိုး ဖောက် တိုက်စစ်ဆင်မှုများရှိခဲ့သော်လည်း ပွဲချိန်အများစုကို အီတလီ အသင်းကသာ ထိန်းချုပ်ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် ၆၇ မိနစ်တွင် အီတလီအသင်းက ချေပဂိုးရရှိခဲ့ပြီး ဗာရက်တီ၏ ဖန်တီးပေး မှုမှတစ်ဆင့် ဘိုနူချီက သွင်းယူပေးနိုင်ခဲ့သည်။
ထို့နောက် နှစ်သင်းစလုံး လူစားလဲမှုများ ပြုလုပ်လာခဲ့သော်လည်း လိုပ်အပ်နေသည့် ဂိုးများကို သွင်းယူနိုင်ခြင်း မရှိသောကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပယ်နယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီ အဆုံးအဖြတ်တွင် အင်္ဂလန်အသင်းမှ ဟယ်ရီကိန်းနှင့် မက်ဂွိုင်းယားတို့သာ ဂိုးဝင်အောင် သွင်းယူနိုင်ပြီး အီတလီအသင်းမှ ဘာရာဒီ၊ ဘိုနူချီ၊ ဘာနာဒက်စ်ချီတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သောကြောင့် အီတလီအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိကာ အသင်းသမိုင်းတစ်လျှောက် ယူရိုဖလားကို နှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ပွဲအစတွင် ရရှိခဲ့သော လုခ်ရှော၏ ဂိုးသည် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် တစ်မိနစ်နှင့် ၅၇ စက္ကန့်ဖြင့် အလျင်မြန်ဆုံးဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အီတလီအသင်း မှ ဘိုနူချီသည် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အသက် ၃၄ နှစ်နှင့် ၇၁ ရက်ဖြင့် အသက်အကြီးဆုံး ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းဝင် ခဲ့သည်။
ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒိန်းမတ်၊ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန် အပါအဝင် နိုင်ငံ (၁၁) နိုင်ငံက လက်ခံ ကျင်းပခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို အီတလီဂိုးသမား ဒွန်မာရမ်မာက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစား သမားဆုကို စပိန်ကစားသမား ပီဒရီက ရရှိခဲ့သည်။ ဂိုးသွင်းအများဆုံးဆု (ရွှေဖိနပ်)ဆုကို ပေါ်တူဂီတိုက်စစ်ကစားသမား စီရော်နယ်ဒိုက ရရှိခဲ့ သည်။ စီရော်နယ်ဒိုသည် ချတ်တိုက်စစ်ကစားသမား ရှစ်ချ်နှင့် သွင်းဂိုး ငါးဂိုးစီ တူညီနေသော်လည်း ဂိုးရရှိအောင် တစ်ကြိမ်ဖန်တီးပေးထားနိုင်သောကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
အောင်ဇော်