
ဂျကာတာ မေ ၄
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီ ကျွန်း၏ မြောက်ဘက်ခြမ်းရှိ ရူအန်မီးတောင် ဧပြီလအတွင်းက ပြင်းထန်စွာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီးနောက် လူထောင်ပေါင်း များစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ သည်။
မီးတောင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့မှုကြောင့် လူပေါင်း ၁၂၀၀၀ ကျော်ကို ဘေး လွတ်ရာသို့ ရွှေ့ပြောင်းရန် နိုင်ငံ ၏ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီ (ဘီအင်န် ပီဘီ) က အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်ခဲ့သည်။ ရူအန် မီးတောင် ပေါက်ကွဲမှုကြောင့် ယင်း၏အရှေ့ဘက်ရှိ တာဂူ လန်ဒန်ကျွန်းတွင် လူပေါင်း ၃၀၀၀ ကျော်ကို ရေတပ်သင်္ဘော များ၊ အရပ်ဘက်သင်္ဘောများနှင့် ရဟတ်ယာဉ် တစ်စင်းတို့ဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေး ထားရကြောင်း ဘီအင်န်ပီဘီ အကြီးအကဲ ဆူဟာယန်တိုက နိုင်ငံပိုင်သတင်းဌာန အန်တာရာ သို့ မေ ၃ ရက်က ပြောကြားသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားသောကြောင့် တာဂူ လန်ဒန်ကျွန်းရှိ ဒေသခံအားလုံးကို ဘေးလွတ်ရာသို့ သုံးရက်အတွင်း ဆက်လက်ရွှေ့ပြောင်းနိုင်မည်ဟု ၎င်းက မျှော်လင့်ထားသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၇၂၅ မီတာအမြင့်ရှိ ရူအန် မီးတောင်၏ အန္တရာယ်ရှိသော အဆင့်သည် နိုင်ငံ၏အမြင့်ဆုံး အဆင့်ဖြစ်သည့် အဆင့်(၄)သို့ ထပ်မံတိုးမြင့်လာခဲ့ပြီး တာဂူ လန်ဒန်ကျွန်းရှိ လူများကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အကြံပြုထားသည်။ ပြည်နယ် မြို့တော် မာနာဒိုမှ ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ ရူအန်မီးတောင် သည် ဧပြီ ၁၆ ရက်တွင် မီးတောင် လှုပ်ရှားမှုများ တိုးလာပြီးနောက် ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ရက်အနည်းငယ် ခေတ္တရပ်နားပြီး နောက် ဧပြီ ၃၀ ရက်တွင် မီးတောင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။
မီးတောင် ပေါက်ကွဲမှုကြောင့် ဘေးအန္တရာယ် ကျရောက်သည့် ဒေသများရှိ စာသင်ကျောင်းများ နှင့် ပြည်နယ်လေဆိပ်များ အပါအဝင် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို ပိတ်ထား ခဲ့ရသည်။ ဒေသဆိုင်ရာ အာဏာ ပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ် များကြောင့် လူပေါင်း ၂၁၀၀၀ ခန့် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၄၅၀၀ ထက် မနည်း ပျက်စီးခဲ့သည်။ ဆင်ဟွာ