
ရန်ကုန် အောက်တိုဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်နှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကို ယမန်နေ့မှစ၍ လွှတ်ပေးခဲ့ရာ ယနေ့ နံနက်ပိုင်း တွင်လည်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ အချုပ် သား/ အချုပ်သူတို့ကို ဆက်လက်လွှတ်ပေးလျက် ရှိသည်။
လွတ်ငြိမ်းသက်သာခွင့်ရရှိသည့် အကျဉ်းသား/အကျဉ်းသူ ၆၄၇ ဦးအား နိုဝင်ဘာ ၁၈ ရက်က စတင်လွှတ်ပေးခဲ့ပြီး ယနေ့နံနက် ၇ နာရီမှစတင်၍ အချုပ်သား ၃၁၅ ဦးနှင့် အချုပ်သူ ၈၅ ဦး စုစုပေါင်း ၄၀၀ တို့ကို ဆက်လက်လွှတ်ပေးခဲ့ရာ သက်ဆိုင် ရာ တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ခဲ့သည်။
“ကျွန်တော်တို့ ဒီကနေ့ထပ်ပြီး လွှတ်တာကတော့ အချုပ်သားတွေဖြစ်ပါတယ်။ အကျဉ်းသားတွေကို တော့ မနေ့က စိစစ်ပြီးလွှတ်ပေးခဲ့ပါတယ်။ ဒီနေ့မှာ အချုပ်သား ၃၁၅ ဦးနဲ့ အချုပ်သူ ၈၅ ဦး စုစုပေါင်း ၄၀၀ ကို လွှတ်ပေးခဲ့ပြီးတော့ ဆက်လက်လွှတ်ပေးဖို့ စီစစ်ဆောင်ရွက်နေပါတယ်။ အမှုရင်ဆိုင်နေရတဲ့ သူတွေကိုနိုင်ငံတော်အကြီးအကဲ စာနာထောက်ထား သောအားဖြင့် နိုင်ငံရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် အမှုတွေကို ရုပ်သိမ်း ပြီး ပြန်လည်စေလွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်” ဟု အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်က ပြောသည်။
ယမန်နေ့က အကျဉ်းသား/အကျဉ်းသူ ၆၄၇ ဦး ကို ညနေပိုင်းနှင့် ညပိုင်းတို့တွင် လွှတ်ပေးခဲ့ပြီး ယနေ့တွင် အချုပ်သား/အချုပ်သူ ၄၀၀ ကို ဆက်လက်လွှတ်ပေးခဲ့ကာ လွှတ်ပေးရန်ကျန်ရှိသည့် အချုပ်သားများကို ဆက်လက်လွှတ်ပေးရန် စိစစ် ဆောင်ရွက်လျက်ရှိသည်။
ယခုလို ပြန်လည်လွှတ်ပေးခြင်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှု များတွင်ပါဝင်ခဲ့သဖြင့် အရေးယူခံရ၍ နိုင်ငံတော် အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်း ခံနေရသူများ၊ အကျဉ်းကျခံနေရသူများအား လူသား ချင်း စာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေး တွင် ပါဝင်နိုင်စေရေးအတွက် ပြစ်ဒဏ်နှင့်ပြစ်မှုများ အား ရုပ်သိမ်းပြီး ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး