အနော်ရထာတံတား(ချောက်)ရေလမ်း ပြောင်းလဲမည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၄


အနော်ရထာတံတား(ချောက်)  ရေလမ်းတွင်  ရေယာဉ်များ  ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်၊ အဆန် လမ်းအဖြစ် ရေလယ်တိုင်အမှတ် (၃)နှင့် (၄)အကြားမှ သတ်မှတ်ပေးထားသည်။ ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် (၅)နှင့် (၆)အကြားမှ လည်း ကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် (၄)နှင့် (၅) အကြားမှလည်းကောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက် တွင် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။

 


ပြောင်းလဲမည့် ရေလမ်းကြောင်း၏  ကင်းလွတ်အကျယ်မှာ မီတာ(၁၁၀)ရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက် (၁၇)မီတာ ရှိသည်။ ရေယာဉ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသားပြသ၍၊ ညအခါ မီးစိမ်းထွန်းပြသထားပါမည်။ မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်းပြသထားမည်ဖြစ်သည်။

 


တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင်  ၁၅ ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်(၂)ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ   ချိတ်ဆွဲဖြတ်သန်းကြရန်အပြင်  အစုန်ဦးစားပေး၍  ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် သတင်း ထုတ်ပြန်ထား‌ကြောင်း သိရသည်။                                                   

သတင်းစဉ်