အန်းဒရွိုက် ၁၂ စတင်ပါဝင်သည့် MIUI 13 အပ်ဒိတ်ကို စတင်ထုတ်ပေးပြီး Xiaomi 12 ဖုန်းသစ်သုံးမျိုး စတင်ရောင်းချ

 

ရန်ကုန် ဇန်နဝါရီ ၅


Xiaomi အနေဖြင့် Android 12 ကို အခြေခံထားသော MIUI 13 ပထမဆုံး စတင်ပါဝင်သည့် စမတ်ဖုန်းသစ်သုံးမျိုးဖြစ်သော Xiaomi 12, Xiaomi 12X နှင့် Xiaomi 12 Pro တို့ကို ဒီဇင်ဘာ ၂၈ ရက်က တရုတ်နိုင်ငံ ဈေးကွက်အတွင်း စတင်ပြသရောင်းချခဲ့သလို ယခင်ရောင်းချထားသော ဖုန်းများထဲမှ  ဖုန်းအချို့အတွက်  MIUI 13 သို့ မြှင့်တင်နိုင်မည့် Update ကို ထိုနေ့မှာပင် စတင်ထုတ်ပေးခဲ့သည်။ 

 


စတင်ရောင်းချသော Xiaomi 12 စီးရီး စမတ်ဖုန်းသစ်သုံးမျိုးလုံးမှာ ပထမဆုံး MIUI 13 ပါဝင်လာသကဲ့သို့ ဟာ့ဒ်ဝဲပိုင်းတွင်လည်း အများစု ကြိုတင်မျှော်လင့်သလို မျက်နှာပြင်အောက်ဆယ်လ်ဖီကင်မရာ မပါ သည်မှလွဲ၍ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိနိုင်မည့် တန်ဖိုးမြင့်ဖုန်း များဖြစ်သည်။ ထိုဖုန်းသုံးမျိုးတွင် Xiaomi 12 က အလယ်အလတ်ဖြစ်ကာ 12X မှာ Xiaomi 12 ကို ပိုဈေးသက်သာအောင် စွမ်းဆောင်ရည်အချို့ လျှော့ချထားပြီး Xiaomi 12 နှင့် 12X တို့မှာ အရွယ်အစား တူညီသည်။ 12 Pro မှာမူ အရွယ်အစားပိုကြီးသလို စွမ်းဆောင်ရည်ပိုင်းတွင်လည်း အမြင့်ဆုံးဖြစ်ပြီး  ဈေးနှုန်းလည်းအများဆုံးဖြစ်သည်။ Xiaomi 12 စီးရီး စမတ်ဖုန်းသစ်သုံးမျိုး၏ အဓိကကျသောအချက်များကို နှိုင်းယှဉ်ဖော်ပြ လိုက်ပါသည်။

 


ဈေးနှုန်းပိုင်းအနေဖြင့် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မလာ သေးသဖြင့် ဈေးအတိအကျကို မသိရသေးသော်လည်း နိုင်ငံတကာ ဈေးကွက်တွင် မိတ်ဆက်သည့် ဈေးနှုန်းများအရ ဖုန်းအားလုံးမှာ ကျပ် ၁၀ သိန်းကျော် ကျသင့်နိုင်သည်။  အနိမ့်ဆုံး Xiaomi 12X တွင် 8/128 က ကျပ် ၁၀ သိန်းဝန်းကျင်၊ 8/256 က ကျပ် ၁၁ သိန်းဝန်းကျင်၊ 12/256 က ကျပ် ၁၂ သိန်းဝန်းကျင် ကျသင့်နိုင်ပြီး Xiaomi 12 တွင် 8/128 က ကျပ် ၁၂ သိန်းဝန်းကျင်၊ 8/256 က ကျပ် ၁၃ သိန်းဝန်းကျင်၊ 12/256 က ကျပ် ၁၄ သိန်းဝန်းကျင် ကျသင့်နိုင်သည်။ အမြင့်ဆုံး 12 Pro တွင်မူ 8/128 က ကျပ် ၁၅ သိန်းဝန်းကျင်၊ 8/256 က ကျပ် ၁၆ သိန်းဝန်းကျင်နှင့် 12/256 က ကျပ် ၁၇ သိန်းဝန်းကျင်အထိ ကျသင့်နိုင်မည်ဖြစ်သည်။

 


Xiaomi အနေဖြင့် ယခင်ရောင်းချထားသော ဖုန်းများထဲမှ Android 12 ပါဝင်သော MIUI 13 သို့ အဆင့်မြှင့်တင်နိုင်မည့် Update ကိုလည်း ဖုန်းမော်ဒယ်  ခုနစ်မျိုးအတွက်  ပထမဆုံး ထုတ်ပေးခဲ့သည်။ MIUI 13 သို့ အဆင့်မြှင့်တင်နိုင်မည့်ဖုန်းများမှာ Mi Mix 4, Mi 11, Mi 11 Ultra, Mi 11 Pro, Mi 11 Lite 5G, Redmi K40 နှင့် Redmi K40 Pro တို့ ဖြစ်သည်။  အခြား ဖုန်းနှင့် တက်ဘလက် မော်ဒယ်ပေါင်း ၁၀၀ ခန့် အတွက်  အပ်ဒိတ်များကိုလည်း  ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း တစ်သုတ်၊ မတ်လနှင့် မေလအတွင်း တစ်သုတ်နှင့် မေလနောက်ပိုင်းတွင် တစ်သုတ်ဟု သုံးကြိမ်ခွဲ၍ ဆက်ထုတ်ပေးမည်ဖြစ်ကြောင်း၊ အပ်ဒိတ်များ ထုတ်ပေးရာတွင် China Stable အလုံးများက အရင် အပ်ဒိတ်ရရှိ မည်ဖြစ်ပြီး   နိုင်ငံတကာဈေးကွက်တွင်ရောင်းသည့်   ဂလိုဘယ်ဖုန်းများ အတွက် အပ်ဒိတ်က နောက်ကျပြီးမှ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ MIUI 13 အပ်ဒိတ်တွင် Xiaomi ၏ ထုတ်ကုန်များဖြစ်သော ဖုန်း၊ တက်ဘလက်၊ စမတ်နာရီ၊ စမတ်တီဗွီများ အပါအဝင် အခြား ထုတ်ကုန်အမျိုးမျိုးကို  စနစ်တစ်ခုတည်းအတွင်း  ပို၍အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်စေရန်   အဆင့်မြှင့်တင်ထားသလို  ဖုန်းများ၏ လုံခြုံရေးပိုင်းအတွက် Electronic Fraud ဆိုသည့် ကာကွယ်ရေးစနစ် တစ်ခုကိုလည်း   ထည့်သွင်းပေးထားသောကြောင့်   အင်တာနက်မှ  Malware  တိုက်ခိုက်မှုကဲ့သို့သော  အန္တရာယ်များကို ပို၍ကာကွယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဒီဇိုင်းပိုင်းတွင်မူ Mi Sans ဟု ခေါ်သည့် ကိုယ်ပိုင်စာလုံးပုံစံအသစ်တစ်မျိုး၊ Widgets နှင့် Wallpaper အသစ်များ ပါဝင်လာခြင်းမှလွဲ၍ ယခင် MIUI 12 နှင့်နှိုင်းယှဉ်ပါက သိသာထူးခြား သောပြောင်းလဲမှုမျိုး ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတကာမှ သုံးသပ်ချက် များအရ သိရသည်။  

 


Xiaomi အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ပြပွဲတွင် Xiaomi 12 ဖုန်းသစ်သုံးမျိုးနှင့်အတူ ဖုန်းများ၊ တက်ဘလက်များနှင့် မျက်နှာပြင်ကိုခေါက်နိုင်သောဖုန်းများအတွက် MIUI 13 ပုံစံသစ်များကို မိတ်ဆက်ပြသခဲ့သလို စမတ်နာရီ မော်ဒယ်သစ်တစ်ခုဖြစ်သည့် Xiaomi S1 ကိုလည်း မိတ်ဆက်ပြသခဲ့သည်။                                    

ကိုစိုး