အနာဂတ်မျိုးဆက်သစ်လူငယ်များ မူးယစ်အန္တရာယ်ကင်းစင်ကြံ့ခိုင်ရေး

 

မျက်မှောက်ကမ္ဘာတွင်   မူးယစ်ဆေးဝါးသည်   ကမ္ဘာ့နိုင်ငံတိုင်း လိုလို   ရင်ဆိုင်နေကြရသော   ပြဿနာဖြစ်ပြီး   မူးယစ်ဆေးဝါး အန္တရာယ်သည် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်  အန္တရာယ် ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည်  လွန်စွာရှုပ်ထွေးပြီး တားဆီးကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်  တစ်နိုင်ငံ ချင်း ဆောင်ရွက်၍မရဘဲ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံတို့ အပါအဝင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ကြရခြင်းဖြစ်သည့် အလျောက် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ကုလ သမဂ္ဂ အထွေထွေညီလာခံကြီးက နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်  ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အဖြစ်  သတ်မှတ်၍ ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် နှစ်စဉ်ကျင်းပဆော်ဩနေခြင်းဖြစ်သည်။

 


ယစ်မူးစွဲလမ်းစေသော မူးယစ်ဆေးဝါးသည် လူတစ်ဦးချင်း အတွက်ရော၊ လူ့အသိုက်အဝန်း တစ်ခုစီအတွက်နှင့် လူ့အဖွဲ့ အစည်းတစ်ရပ်လုံးအတွက်ပါ အန္တရာယ်ဖြစ်ခြင်းကြောင့် ရှေးခေတ် အဆက်ဆက်ကပင်   တားမြစ်ခဲ့ကြသည်။   အသစ်အဆန်းကို စူးစမ်းတတ်သော သဘာဝရှိသည့်   လူငယ်များသည်   မူးယစ် ဆေးဝါးရောင်းချသူ၊ ဖြန့်ဖြူးသူတို့၏ ဈေးကွက်များပင်ဖြစ်ပြီး လူငယ်များ၏လက်ထဲသို့  နည်းမျိုးစုံဖြင့်  ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများက သုံးစွဲသူ၏ဘဝကို ပျက်စီးစေခြင်းဖြစ်သည်။ အသက်အရွယ်အလိုက်၊   ငွေကြေးသုံးစွဲနိုင်သည့်   အခြေအနေ အလိုက် လူငယ်အသိုက်အဝန်းများအတွင်း  မူးယစ်ဆေးဝါးများ ကလည်း ပုံစံအမျိုးမျိုးဖြင့်  ဝင်ရောက်နေကြရာ တစ်ခါစမ်းသပ် မိရာမှ အစရှိအနောင်နောင်ဆိုသလို မရှောင်နိုင်ဘဲ စွဲလမ်းကာ ပျက်စီးမှုလမ်းကြောင်းပေါ်  ရောက်ကြရခြင်းဖြစ်သည့်အတွက် အသိတရားဖြင့် သတိထားရှောင်ရှားနိုင်ကြရန်လိုသည်။

 


မူးယစ်ဆေးဝါးအန္တရာယ်သည်  နိုင်ငံအတွက်   အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော လူငယ်များအပေါ်တွင် အဓိက ခြိမ်းခြောက်နေခြင်းဖြစ်ရာ အခြေခံပညာကျောင်းသူ ကျောင်းသား အရွယ်များမှစ၍   မူးယစ်ဆေးဝါးတို့၏   လူ့စွမ်းအားများကို ဖျက်ဆီးတတ်သည့် အာနိသင်၊  လူတစ်ဦး၏  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန်တို့ကို ပျက်စီးစေနိုင် သည့်သဘောတို့ကို     ကောင်းစွာသိနားလည်ထားကြစေရန် သင်ကြားမှု၊ အသိပညာပေးမှုတို့ပြုလုပ်ပေးရမည့်အပြင် မူးယစ် ဆေးဝါးကို ဆန့်ကျင်တိုက်ဖျက်လိုသော၊ မူးယစ်ဆေးဝါးအန္တရာယ်  ကို တားဆီးကာကွယ်လိုသော စိတ်ဓာတ်များပေါ်ထွန်းရေးအတွက် ပါ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုသည်။ လူငယ်အများအပြား   စုရုံးရာနေရာများ၊  လူငယ်အသိုက်အဝန်းများ၏  ပတ်ဝန်းကျင်၌    မူးယစ်ဆေးဝါးများ   အသွင်အမျိုးမျိုးဖြင့်   ရောက်ရှိနေခြင်းကို လည်း ပြတ်ပြတ်သားသားရှင်းလင်းဖယ်ရှားနိုင်ကြရန် လိုသည်။

 


မိမိတို့နိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို အစိုးရအဆက်ဆက်က  လုပ်ဆောင်ခဲ့ကြသော်လည်း  လက်ရှိ ကာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများကို ပမာဏကြီးမား စွာ      မကြာခဏ    တွေ့မြင်နေရဆဲဖြစ်နေသည်။    တစ်ချိန်က  ဘိန်းအခြေခံမူးယစ်ဆေးဝါးများ၏နေရာတွင် ဓာတုပစ္စည်းများ အခြေခံသည့်   မူးယစ်ဆေးဝါးများက   ပိုမိုကျယ်ပြန့်လာနေပြီး  မူးယစ်ဆေးဝါးအမျိုးအစားသစ်များစွာလည်း  ပေါ်ထွက်လာနေ သည်။ ၎င်းမူးယစ်ဆေးဝါးတို့၏ အာနိသင်ကလည်း  ဘိန်းဖြူ၊ မော်ဖင်း စသည်တို့ထက် အဆပေါင်း ၅၀ - ၁၀၀ ပိုမိုပြင်းထန်သလို ထုတ်လုပ်ရန်မှာလည်း ပိုမိုလွယ်ကူသည်ဟုဆိုရာ နှိမ်နင်းနိုင်ရန် လည်း ခက်ခဲသည်။ မူးယစ်ဆေးအသစ်တို့က ပိုမိုပြင်းထန်လာ သည့်အလျောက်   အသက်အန္တရာယ်နှင့်လည်း   အလွန့်အလွန် နီးသည်ကို လူငယ်များ သိရှိထားကြရန်လိုသည်။

 


မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်း များသည် မိမိတို့နိုင်ငံတွင် ထုတ်လုပ်ခြင်းမရှိသော်လည်း အိမ်နီး ချင်းနိုင်ငံကြီးများတွင်  ထုတ်လုပ်လျက်ရှိသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရာနေရာများသည်    တည်ငြိမ်အေးချမ်းမှုမရှိသော၊ တရားဥပဒေစိုးမိုးမှုနှင့် အလှမ်းဝေးသောဒေသများတွင် တည်ရှိ နေကြခြင်းဖြစ်ရာ   နိုင်ငံအတွင်း   ဖြတ်သန်းသယ်ဆောင်ရာ လမ်းကြောင်းများတွင်  ဖမ်းဆီးခြင်း၊   လူငယ်များစုရုံးကြသည့်  ကလပ်များ၊ ဘားများ၊ KTV များတွင် စဉ်ဆက်မပြတ် စောင့်ကြည့် တားဆီးခြင်း၊ လူငယ်လူရွယ်များအတွင်း မူးယစ်ဆေးဝါးဆန့်ကျင် ရေးအသိပညာပေးမှုများ မြှင့်တင်ခြင်းဖြင့် အနာဂတ်မျိုးဆက်သစ် များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကာ  ကျန်းမာကြံ့ခိုင် နိုင်ကြပါစေကြောင်း။     ။