အနာဂတ်လူငယ်တွေအနေနဲ့ ပြောရရင် စာပေသည်သာ ဘဝရဲ့ မီးရှူးတန်ဆောင်လို့ သဘောပိုက်ပြီး ဖတ်ရှုလေ့လာခြင်း၊ ရေးသားခြင်းတွေ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်အကျိုးကို သယ်ပိုးထမ်းရွက်နိုင်ပါစေလို့ တိုက်တွန်းလို

ဦးစိန်လှိုင် (သူရဇော်)
 

==========

ရန်ကုန်   နိုဝင်ဘာ   ၁၀ 
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ပြည်သူများအကြား မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသားပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများကို ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမျိုးသားစာပေတစ်သက်တာဆုရရှိသူများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။ 

ဦးမောင်မောင်လတ်(နောင်)
အမျိုးသားစာပေတစ်သက်တာဆုရှင်

အမျိုးသားစာပေတစ်သက်တာဆုရှင်  ဦးမောင် မောင်လတ်(နောင်)ကို  မကွေးတိုင်းဒေသကြီး စလင်း မြို့၌ ၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။  ၁၉၄၉ ခုနှစ် တွင် ပဒေသာမဂ္ဂဇင်း၊   သွေးသောက်မဂ္ဂဇင်းတို့မှ အစပြု၍ ယနေ့တိုင် စာပေအနုပညာနှင့်ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။   ဆရာကြီးသည် ၁၉၉၃ ခုနှစ်တွင် “မနက်ဖြန်အတွက် လှလက်ဆောင်” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာ)ချီးမြှင့် ခြင်းခံခဲ့ရသည်။ 

တေးဂီတနယ်ပယ်တွင်လည်း     ၁၉၅၂ ခုနှစ်မှ စတင်၍    ရေဒီယိုတေးသီချင်းများ၊    ရုပ်ရှင် တေးသီချင်းများ၊ ရောင်းတန်းဓာတ်ပြားသီချင်းများ ရေးသားခဲ့သူဖြစ်သည်။ ဆရာကြီး၏ အထင်ရှားဆုံး တေးသီချင်းမှာ   တိမ်တမန်သီချင်း   ဖြစ်သည်။ ဆရာကြီးသည် ၁၉၅၂ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အတွင်း တွင်လည်း တက္ကသိုလ် တေးယဉ်ယဉ် အပျော်တမ်း တူရိယာအဖွဲ့နှင့် ဂီတဉ္ဇလီတူရိယာအဖွဲ့ ဖွဲ့စည်း၍ မြန်မာ့အသံမှ   ရေဒီယိုတေးသီချင်းများ    ရေးသား ဖျော်ဖြေတင်ဆက်ခဲ့သူဖြစ်ပြီး သီချင်းများစွာကိုလည်း ကိုယ်တိုင်သီဆိုခဲ့သူတစ်ဦးဖြစ်သည်။

ဆုရရှိမှုနှင့်ပတ်သက်၍     ပြောကြားရာတွင် ဆရာကြီးက   “အခုလို ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရတာ အလွန်ပဲ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကျွန်တော်က အသက် ၁၆ နှစ်ကတည်းက စာတွေစရေးဖြစ်ခဲ့တာ။ ပြောရရင် ရှစ်တန်း၊ ကိုးတန်းလောက်ကတည်းကပေါ့။ စာပေနဲ့ ပတ်သက်လို့ပြောရရင် ကဗျာတွေ စတင်ရေးဖြစ်ခဲ့ တာများပါတယ်။  နောက်တော့မှ  ဘာသာပြန်ဝတ္ထု ကို ရေးဖြစ်ခဲ့တာ။ ကဗျာကတော့ အတော်များများ ရေးဖြစ်ခဲ့တယ်။ စာပေအနုပညာနဲ့ ပတ်သက်လို့ ကတော့  အခုအသက် ၉၀ နီးပါးဖြစ်တဲ့  အချိန်ထိ စိတ်အားထက်သန်စွာနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က နေ ပါဝင်ဆောင်ရွက်နေပါသေးတယ်” ဟု ရင်ဖွင့် ပြောကြားသည်။

ဦးစိန်လှိုင် (သူရဇော်)
အမျိုးသားစာပေတစ်သက်တာဆုရှင် 
“အခုလို ကျွန်တော့်အနေနဲ့ အမျိုးသားစာပေ တစ်သက်တာဆုရတဲ့အတွက်   ၁၈ နှစ်သားမှစလို့ ကဗျာကို   အစွမ်းကုန်လေ့လာရေးဖွဲ့ခဲ့ပြီး    ဘဝ တစ်လျှောက်   ကဗျာကိုအခြေခံတဲ့    စာပေတွေ ရေးသားခဲ့ရကျိုး၊ စာပေကိစ္စအဝဝကို ယခုအသက် ၈၀ ကျော်သည်အထိ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ ရကျိုးနပ်ပြီလို့ ခံယူမိတယ်။ လတ်တလောမှာလည်း ကလောင် နှစ်မျိုးနဲ့ ကဗျာတွေ၊  စာတွေ ရေးသားနေ ဆဲဖြစ်ပြီး    နောင်မှာလည်း   စာရေးနိုင်သေးသရွေ့ ကလောင်ကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်သွားမယ်လို့ ဆုံးဖြတ် ထားပါတယ်။ စာပေဆိုတာ လေ့လာလိုက်စားလို့ မကုန်ခန်းနိုင်တဲ့ ရတနာတစ်မျိုးလို့ ခံယူထားပါတယ်။ အနာဂတ် လူငယ်တွေအနေနဲ့ ပြောရရင် စာပေသည် သာ ဘဝရဲ့ မီးရှူးတန်ဆောင်လို့ သဘောပိုက်ပြီး ဖတ်ရှုလေ့လာခြင်း၊ ရေးသားခြင်းတွေ လုပ်ဆောင် ခြင်းဖြင့်     နိုင်ငံတော်အကျိုးကို    သယ်ပိုးထမ်းရွက် နိုင်ပါစေလို့ တိုက်တွန်းလိုပါတယ်” ဟု  ပြောကြား သည်။ 


ဆရာကြီးအား မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ်တွင် တွံတေးမြို့နယ် ဟံသာဝတီခရိုင် ကင်းရွာကျေးရွာ၌ အဖ ဦးအောင်ခင်- အမိ ဒေါ်စိန်ပုတို့က မွေးဖွားခဲ့ သည်။  ဆရာကြီးသည်  ၂၀၁၉ ခုနှစ်တွင်   ပခုက္ကူ ဦးအုံးဖေစာပေဆု (ကျမ်းစာပေ) ပထမဆုကို စာမရီ စာမူဖြင့် ရရှိခဲ့သည်။  ဆရာကြီးသည်  စာပေနှင့် ပတ်သက်၍ စာအုပ်ပေါင်း‌မြောက်မြားစွာ ရေးသား ခဲ့သူဖြစ်ပြီး ယနေ့တိုင် စာပေသည်သာ အသက်ဟု ထင်မှတ်ကာ လူငယ်များကို မီးမောင်းထိုးပေးနေသူ တစ်ဦးလည်း ဖြစ်သည်။  


ဒေါ်ချိုချိုတင်(မစန္ဒာ) 
အမျိုးသားစာပေတစ်သက်တာဆုရှင်
ဆရာမကြီးအား ၁၉၄၇ ခုနှစ် စက်တင်ဘာ ၄ ရက်တွင်  အဖ ဦးထွန်းတင် (စာရေးဆရာ မန်းတင်)- အမိ ဒေါ်သန်းတင်တို့က   မွေးဖွားခဲ့သည်။    မြို့မ အမျိုးသမီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် စက်မှုတက္ကသိုလ်တက်ရောက်ခဲ့ကာ ၁၉၇၁ ခုနှစ်တွင်  ဗိသုကာဘွဲ့ ရရှိခဲ့သည်။ ၁၉၆၅ ခုနှစ်၌ ငွေတာရီမဂ္ဂဇင်းတွင် ပါဝင်ခဲ့သော ကျွန်မ ဆရာမ ဝတ္ထုတိုဖြင့်    စာပေလောကသို့   ဝင်ရောက်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင်  ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သော ငယ်သူမို့မသိပါကို ရေးသားခဲ့သည်။ 
ယခုရရှိသော အမျိုးသားစာပေတစ်သက်တာဆု နှင့်ပတ်သက်၍ ဆရာမကြီးက  “ တစ်သက်တာစာပေ ဆုဆိုတာ    ကိုယ်တစ်သက်လုံး    နှစ်ပေါင်းများစွာ ရေးသားခဲ့တဲ့    စာတွေအပေါ်မှာ    အကဲဖြတ်ပြီး ရွေးချယ်တာဖြစ်လို့     ဂုဏ်ယူဝမ်းမြောက်မိတယ်။ တိုင်းပြည်လည်း အေးချမ်းမယ်၊ ပြည်သူအများလည်း ကျန်းမာပျော်ရွှင်နေကြမယ်ဆိုရင်တော့ ပိုပြီးပျော်ရွှင် မိမှာပါ။  စာပေနဲ့ပတ်သက်လို့ကတော့   လူငယ်တွေ တင်မကဘဲ လူကြီးတွေပါ အားလုံးစာဖတ်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်မ ကြားဖူးတာက ကံချင်းတူရင် ဉာဏ်ရှိတဲ့သူက သာတယ်၊ ကံနဲ့ ဉာဏ်တူရင် ဝီရိယ ရှိသူက သာတယ်၊ ကံ၊ ဉာဏ်၊ ဝီရိယတူရင်  စာဖတ် တဲ့သူက      သာတယ်တဲ့။     စာကြည့်တိုက်တွေနဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချသူများလာရင် ကျွန်မတို့တိုင်းပြည် အများကြီးတိုးတက်လာမှာပါ” ဟု ပြောကြားသည်။ 

ဆရာမကြီးသည် ယနေ့တိုင် မဂ္ဂဇင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်ပေါင်း ၂၀၀ ကျော် ရေးသားခဲ့သူဖြစ်ပြီး လုံးချင်းဝတ္ထု  ၁၃ အုပ်နှင့် ဝတ္ထုလတ်များကိုလည်း ရေးသားခဲ့သည်။  မဂ္ဂဇင်းဝတ္ထုတိုများကို   အမှတ်စဉ် (၉) အထိ ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဆရာမကြီး ရေးသား ခဲ့သော ဝတ္ထုအချို့နှင့် လုံးချင်းဝတ္ထုအချို့ကို ရုရှား၊ ဂျပန်၊ တရုတ်၊ ဂျာမနီနှင့် ထိုင်းဘာသာများသို့လည်း သက်ဆိုင်ရာနိုင်ငံအသီးသီးတွင်      ပြန်ဆိုခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ဘဝအိပ်မက် ပန်းအိမ်မက်၊ ၁၉၉၉ ခုနှစ်တွင် ဝတ္ထုတိုများ(၃) ၊ ၂၀၀၂ ခုနှစ်တွင် ဆဋ္ဌဂံ၊ ၂၀၀၆ ခုနှစ်တွင် ပန်းပွင့်ခရေနှင့် အခြားဝတ္ထုများ စာအုပ်တို့ဖြင့်  အမျိုးသားစာပေဆု လေးကြိမ်ရရှိ ခဲ့ပြီးဖြစ်သည်။ 
ဆရာမကြီး၏    ထင်ရှားသော   ဝတ္ထုများမှာ ငယ်သူမို့ မသိပါ၊ ဂျီဟောသူ၊ နှင်းဆီ၊ ဘဝအိပ်မက် ပန်းအိပ်မက်၊ အရိပ်နှင့် ဆဋ္ဌဂံတို့ဖြစ်သည်။ လုံးချင်း ဝတ္ထု ၁၃ အုပ်အနက် ၁၁ အုပ်မှာ ရုပ်ရှင်ဇာတ်လမ်းများ အဖြစ် ကူးပြောင်းရိုက်ကူးခံခဲ့ရသည်။ လက်ရှိတွင် လည်း စာရေးဆရာအသင်း၌ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ 

 

ွေ့ဆုံမေးမြန်း - မြင့်မိုရ်၊ လင်းရာမ
  ဓာတ်ပုံ - မင်းထက်ထက်