
နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများ လိုက်ပါ၍ အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ် ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ စက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးတို့က အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)စီမံကိန်း၏ ပကတိအခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ချမှတ်နိုင်ရေးအတွက် စိစစ် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စက်ရုံ အတွက် လျှပ်စစ်ဓာတ်အားနှင့် သဘာဝ ဓာတ်ငွေ့များ လုံလောက်စွာရရှိရေး အတွက် စီမံဆောင်ရွက်လျက်ရှိမှု အခြေ အနေများအားလည်းကောင်း၊ စက်ရုံ မှူးက စက်ရုံဆိုင်ရာ အချက်အလက် များနှင့် စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ပထမဦးဆုံး သံနှင့် သံမဏိစက်ရုံ စီမံကိန်းကြီးတစ်ခုဖြစ်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင် အကောင်အထည်ဖော်ခဲ့သည့် သံနှင့် သံမဏိစက်ရုံ စီမံကိန်းကြီး တစ်ခုဖြစ် ကြောင်း၊ စီမံကိန်းကြီးပြီးစီးပါက နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် သံ၊ သံမဏိ ထုတ်ကုန်များကို ပြည်ပသွင်းကုန် အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခိုင်မာသည့် ဈေးကွက် ရှိခြင်းတို့ကြောင့် မဖြစ်မနေ အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရန် လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်း တစ်ခုလုံး၏ ပြီးစီးမှု ရာခိုင်နှုန်း ၉၈ ဒသမ ၈၆ ရာခိုင်နှုန်းထိ ပြီးစီးခဲ့ပြီးဖြစ် သော်လည်း ၂၀၁၅ ခုနှစ်တွင် တက်လာ သည့် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ရှေ့ နောက် မဆင်မခြင်ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်း ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွက် များစွာ ထိခိုက်ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ စီမံကိန်းသည် နိုင်ငံတော်အတွက် လက်တွေ့အကျိုး ဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်သည့်အတွက် မိမိတို့ အစိုးရလက်ထက်တွင် စီမံကိန်း တည်ဆောက်မှုများ အမြန်ဆုံး ပြန်လည် စတင်နိုင်ရေး စီမံဆောင်ရွက်နေခြင်းဖြစ် ကြောင်း။
စီမံကိန်းစတင်ရန် လျှပ်စစ်၊ သဘာဝ ဓာတ်ငွေ့၊ ကုန်ကြမ်းနှင့် သယ်ယူ ပို့ဆောင်ရေးစနစ်တို့ကို အသင့်ကြိုတင် ပြင်ဆင်ထားရန်လိုကြောင်း၊ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ပါ က စက်ရုံများအတွက် ဆုံးရှုံးမှုတန်ဖိုး ကြီးမားသည့်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်လို ကြောင်း၊ စက်ရုံအား သတ်မှတ်ရက် အတွင်း စတင်လည်ပတ်၍ သံမဏိ ထုတ်လုပ်မှုအား အမြန်ဆုံးဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ သတ္တုမိုင်းများနှင့် စက်ရုံမှထွက် ရှိသည့် သံရိုင်းများနှင့် သံမဏိများအား ငွေကုန်ကြေးကျ သက်သာစွာဖြင့် သယ်ယူနိုင်ရေး လျှပ်စစ်ရထားပြေးဆွဲနိုင် ရန်အတွက် ရထားလမ်းများ စနစ်တကျ တည်ဆောက်ရန်နှင့် လျှပ်စစ်ဓာတ်အား မပြတ်ရရှိအောင် စနစ်တကျ စီမံ ဆောင်ရွက်ရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့သည်။
စက်ရုံအတွင်းလှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းတောင်ရှုရပ်(View Point)မှတစ်ဆင့် စက်ရုံနှင့် ကုန်ကြမ်း ထုတ်ယူနိုင်မည့် နေရာများအားကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၁ ရက်နေ့တွင် စက်မှုဝန်ကြီးဌာန သို့ လွှဲပြောင်း၍ ဆက်လက်အကောင် အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတည် ဆောက်မှု ရပ်ဆိုင်းထားသည်မှာ လေးနှစ်၊ ခြောက်လခန့် ကြာမြင့်ပြီဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်းများ ကို ပြန်လည်စတင်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်