အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၃

အမျိုးသမီးများကို   ပြည့်တန်ဆာ အဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ်   ခေါင်းပုံ ဖြတ်ရယူခဲ့သူများကို  လူကုန်ကူးမှု ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁နှစ်စီ ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရသည်။

 


ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နေမ---- ၃၃နှစ်၊ မ---- ၃၄ နှစ်၊ မ---- ၃၀နှစ်နှင့် မ----(ကွယ်လွန်)တို့ လေးဦးကို တစ်မြို့ တည်းနေ   ဒေါ်သန်းသန်းဝင်းက ရေးမြို့တွင်   အလုပ်လုပ်ကိုင်ပါက ငွေအမြောက်အမြား    ရမည်ဟု လိမ်လည်ပြောဆို      စည်းရုံးပြီး  ရေးမြို့ အဏ္ဏဝါရပ်ကွက်နေ “ဘုရင်မ”   ဘီယာဆိုင်ပိုင်ရှင်   ဦးထင်ကျော်ထံ    ပြည့်တန်ဆာ အဖြစ်  လုပ်ကိုင်ရန်ရောင်းစား၍  ငွေကြေးအကျိုးအမြတ်  ခေါင်းပုံ ဖြတ်ရယူခဲ့သဖြင့်           ဝေါမြို့မ   ရဲစခန်း(ပ) ၂၉/၂၀၂၀၊ လူကုန်ကူးမှု   တားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး  ပဲခူး ခရိုင်တရားရုံးသို့တရားစွဲတင်ပို့ခဲ့ ရာ ဒီဇင်ဘာ ၁ ရက်တွင်     တရားခံ ဒေါ်သန်းသန်းဝင်းနှင့် ထင်ကျော် တို့    နှစ်ဦးအား      လူကုန်ကူးမှု တားဆီးကာကွယ်ရေး   ဥပဒေ  ပုဒ်မ ၂၄  အရ     အလုပ်နှင့်  ထောင်ဒဏ်  ၁၀နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 


ထို့အတူ ရန်ကုန်တိုင်းဒေသ ကြီး   ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေသူ မ ----  ၁၅ နှစ်   နှစ်လအား  တစ်မြို့နယ်တည်း နေသူ   အောင်ဇော် ၂၁ နှစ်၊ (ဘ)ဦးပေါက်စနှင့် ဇနီးဖြစ်သူ မမော် မော်သန်း(ခ) မချစ်ပို(ခ)လရိပ် ၂၁ နှစ် (ဘ)ဦးတင်ထွန်းတို့က KTV တွင်   အလုပ်လုပ်ကိုင်လျှင်    ငွေ အမြောက်အမြားရမည်ဟု   လိမ် လည်ပြောဆိုစည်းရုံးပြီး  မကြည် ကြည်ခိုင်(ခ) မခိုင်မှ       တစ်ဆင့် ပြည့်တန်ဆာအိမ်သို့    ပို့ဆောင် ရောင်းစား၍ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ    လုပ်အားခ ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ရန်ကုန် တိုင်းဒေသကြီး     ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့မရဲစခန်း (ပ)၁၀၆၃/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂  ဖြင့်     အမှုရေးဖွင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ ရာ နိုဝင်ဘာ ၂၆ ရက်တွင် တရားခံ အောင်ဇော်၊ မမော်မော်သန်း(ခ) ချစ်ပိုနှင့်   မကြည်ကြည်ခိုင် (ခ) မခိုင်တို့ သုံးဦးကို   လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)အရ အလုပ်နှင့်ထောင်ဒဏ် နှစ်၂၀စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်