အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကျင်းပ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၁၇
 
 
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
တန်းတူရည်တူရှိ
အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန် က ယနေ့ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားလာသည့် ကာလကြီးတွင် တစ်နိုင်ငံတည်း သီးသန့်နေထိုင်ရန် ပိုမိုခက်ခဲလာသလို လုံခြုံမှုနှင့်လည်း ပိုမိုဝေးကွာလာစေပါကြောင်း၊ မိမိတို့ နိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာကော်မတီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ လူ့အခွင့် အရေးနှင့်ဆက်စပ်သည့် အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ( Conven-tion on the Elimination of the all Forms of Discrimination Against Women – CEDAW) ကို လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး ဓလေ့ထုံးတမ်းများသည် ယောက်ျား၊ မိန်းမ မခွဲခြားဘဲ တန်းတူရည်တူ ရှိသည်ကို စာပေများတွင် ဆုံးမ ထားသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုဟု ရှုမြင်နိုင်မှုအားနည်း နေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် သည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားခြင်း မရှိသေးခြင်းများကြောင့် အကြမ်း ဖက်ခံ အမျိုးသမီးအများစုသည် အကြမ်းဖက်မှုမှ အကာအကွယ်ရယူ နိုင်ခွင့် ကင်းမဲ့နေပါကြောင်း။
ဝီရိယထား၍ ကြိုတင်ဆောင်ရွက်
မြန်မာနိုင်ငံ၏ လူဦးရေ ငါးဆယ် ရာခိုင်နှုန်းကျော်သည် အမျိုးသမီး များဖြစ်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် နိုင်ပါက နိုင်ငံသားအများစုကို အကြမ်း ဖက်မှုမှ တားဆီးကာကွယ်နိုင်ရာ ရောက်ပါကြောင်း၊ CEDAW ကော်မတီ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ အဆင့် အစီရင်ခံစာများ တင်သွင်း လျက်ရှိပြီး CEDAW ကော်မတီမှ အစီရင်ခံစာအပေါ် အကြံပြု သုံးသပ်ချက် (၅၆) ချက် ပြန်လည် ပေးပို့ခဲ့ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် သည့် ဥပဒေပြဋ္ဌာန်းရန်နှင့် ခွဲခြား ဆက်ဆံမှုများဖြစ်စေသည့် ဥပဒေ များနှင့် ပြဋ္ဌာန်းချက်များကို အမြန်ဆုံး ပြန်လည် သုံးသပ်ရန်ဆိုသည့် အချက် များ ပါဝင်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ အကြံပြုချက်နှင့်အညီ ရေးဆွဲ ထားသည့် ယခုဥပဒေသည် အခြား ဥပဒေများနှင့် မတူညီဘဲ လူမှုရေး ဥပဒေဖြစ်နေခြင်းနှင့် ဥပဒေတစ်ရပ် သည် ပြဋ္ဌာန်းပြီးရုံမျှနှင့် လုံလောက် ခြင်းမရှိဘဲ ပြည်သူများ လိုက်နာ ကျင့်သုံးမှသာ ဥပဒေသဘော သက်ဝင်မည်ဖြစ်ပါကြောင်း၊ ဥပဒေ အသစ်တစ်ခုကို လွှတ်တော်ကိုယ်စား လှယ်များအား ဖိတ်ခေါ်၍ ရှင်းလင်း မိတ်ဆက်ခြင်းသည် လွှတ်တော်တွင်း ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဝီရိယထား၍ ကြိုတင်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် မိမိတို့သိလိုသည်များ၊ ရှင်းလင်းမှုမရှိသည်များကို ပွင့်ပွင့် လင်းလင်း မေးမြန်းဆွေးနွေးအကြံပြု ပူးပေါင်း ကူညီပေးကြပါရန် တိုက်တွန်းပြောကြားသည်။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲရာတွင် အဓိက ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်မှုများကို မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အာဆီယံဒေသတွင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်း အစီအစဉ် ( ASEAN Regional Plan of Action On Elimination of Violence Against Women- EVAW) ကို ရေးဆွဲထားသဖြင့် ၎င်းလုပ်ငန်းစဉ် နှင့် အညီဖြစ်စေရန်လည်း အမျိုးသမီး များအပေါ်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း) ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်း ခဲ့ကြခြင်းဖြစ်ကြောင်း။
တားဆီးကာကွယ်ရန်လို
အမျိုးသမီးများ၏ အခွင့်အရေး များကို ဖော်ဆောင်ခြင်းနှင့် ကာကွယ် စောင့်ရှောက်ခြင်းများ လိုအပ်သကဲ့သို့ ပဋိပက္ခများအတွင်း လိင်အကြမ်း ဖက်မှုများအတွက် တားဆီးကာကွယ် ရန်လည်း လိုအပ်ပါကြောင်း၊ ကမ္ဘာ့ နိုင်ငံအနှံ့အပြားတွင် ပဋိပက္ခများ အတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ကာကွယ်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် ကုလသမဂ္ဂသဘော တူညီချက်များကို လိုက်နာဆောင်ရွက် ရပါကြောင်း၊ ထို့ကြောင့် ပဋိပက္ခ အတွင်း လိင်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ( Joint Comm-unique) ကို ပဋိပက္ခအတွင်း အမျိုး သမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် လက်မှတ် ရေးထိုး၍ အကောင်အထည်ဖော် နိုင်ရန်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း။
အကျိုးပြုနိုင်အောင် ဆောင်ရွက်ထား
သို့ရာတွင် မြန်မာ့ဓလေ့ ထုံးတမ်း အားလုံးကိုလည်း ပစ်ပယ်၍မရပါ ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာ နိုင်ငံနှင့် ကိုက်ညီသည့် အမျိုးသမီးများ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်စောင့်ရှောက်မှုများအတွက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသမီးနှင့် ပတ်သက်၍ အကာအကွယ်ပေးသည့် ပြစ်မှု၊ ပြစ်ဒဏ်အပိုင်းများကို စနစ် တကျဖော်ပြထားခြင်း မရှိသေးသည့် အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း) တွင် ထည့်သွင်း ထားပါကြောင်း၊ အဆိုပါကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများက လေ့လာပြီး အကြံပြုပေးကြစေလို ကြောင်း၊ မိမိတို့ရေး ဆွဲထားသည့် ဥပဒေ (မူကြမ်း)သည် နိုင်ငံနှင့်ကိုက်ညီ ပြီး အမျိုးသမီးများကို အကျိုးပြုနိုင် အောင် ဆောင်ရွက်ထားပါကြောင်းနှင့် ယခုဥပဒေ (မူကြမ်း) သည် မိသားစု တစ်စု၊ အိမ်ထောင်စု တစ်စု ပြိုကွဲမှုကို ဦးတည်သည့် ဥပဒေမဖြစ်စေဘဲ အမျိုး သမီးများ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက် မှုနှင့် အကာအကွယ်ပေးနိုင်မှုအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်း အကြံပြု ဆောင်ရွက်ပေးကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
မေးမြန်းဆွေးနွေး
ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥပဒေ(မူကြမ်း) ကို ရှင်းလင်း တင်ပြ ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များက သိရှိ လိုသည်များကို မေးမြန်းဆွေးနွေး အကြံပြုကြသည်။
 
သတင်းစဉ်