
နေပြည်တော် ဇန်နဝါရီ ၃
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများနှင့် ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ခေါင်းပုံ ဖြတ်သူများအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ငပုတောမြို့နယ် အမှတ် (၂)ရပ်ကွက်နေ မရွှေစင် (ခ)ရွှေစင်ဝင်း(မိ)၊ စစ်ကိုင်း တိုင်းဒေသကြီး တမူးမြို့နေ ထွန်းလင်း(ခ)မိုးမိုး(မိ)၊ လှိုင်သာယာမြို့နယ်နေ မချိုမာ(ခ) ခင်မိုးသူ(မိ)နှင့် မမိငယ်(တိမ်းရှောင်)တို့က လှိုင်သာယာ မြို့နယ်နေ မ --- (၃၁ နှစ်)ကို တရုတ်နိုင်ငံသားနှင့် တစ်နှစ် ပေါင်းသင်းပါက ငွေကျပ်သိန်း ၂၀ ရရှိမည် ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသား တစ်ဦးထံ ပို့ဆောင်ရောင်းစားခဲ့သဖြင့် လှိုင်သာယာ မြို့မ ရဲစခန်း(ပ) ၁၃၂၇/၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့် ခဲ့ပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တရားခံ မရွှေစင်(ခ) ရွှေစင်ဝင်းနှင့် ထွန်းလင်း (ခ)မိုးမိုး တို့ကိုလည်းကောင်း။
သရက်မြို့နယ်နေ မ --- (၂၂ နှစ်)ကို မုံရွာမြို့ နန္ဒဝန်ရပ်ကွက်နေ ကောင်းထက်စံ (ခ) မှန်ကြီး (ခ)ကောင်းချစ်စံ(မိ)၊ လိပ်စာတူ မအိသန္တာဖြိုး(ခ) မအိ(ခ)ကုလားမ(မိ)နှင့် အောင်လံမြို့နေသူ မခိုင် (တိမ်းရှောင်) တို့က ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ် ရယူခဲ့သဖြင့် ဘားအံမြို့မ ရဲစခန်း(ပ)၁၇၈/၂၀၂၁၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဘားအံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် တရားခံ ကောင်းထက်စံ(ခ) မှန်ကြီး (ခ) ကောင်းချစ်စံနှင့် မအိသန္တာဖြိုး (ခ) မအိ (ခ) ကုလားမ တို့ကိုလည်း ကောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်