
Road Safety ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာ
ပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရန် တွန်းအားပေးခြင်းနှင့် စစ်ဆေးအရေးယူခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမည်
နေပြည်တော် စက်တင်ဘာ ၂
အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ (Nati-onal Road Safety Council- NRSC) ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ မြို့တော်ဝန်များနှင့် တာဝန်ရှိသူ များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
ပထမအကြိမ် အစည်းအဝေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် အသစ်ဖွဲ့စည်းခဲ့သော အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကို National Road Safety Action Plan (2021-2030) နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ယခင် NRSC ၏ လုပ်ဆောင်ခဲ့မှုများအပေါ် ပြန်လည်သုံးသပ် ပြီး ပိုမိုတိုးတက်အောင်မြင်စေမည့် ရှေ့လုပ်ငန်းစဉ် များနှင့် အစီအမံများဖော်ဆောင်နိုင်ရေးအတွက် ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုသည်မှာ ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါ မတော်တဆမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ထိခိုက် ဒဏ်ရာရမှုများနှင့် သေဆုံးမှုများလျော့နည်းကျဆင်း သွားရန်၊ ထိုမှတစ်ဆင့် လုံးဝပပျောက်သွားအောင် စီမံအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ သို့သော် အဆိုပါကိစ္စရပ်သည် ကျယ်ပြန့် သည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ပြည်သူတစ်ဦး ချင်းစီက စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်ဆောင် ရွက်မှသာ တိုးတက်အောင်မြင်မှုရရှိနိုင်မည့် လုပ်ငန်း သဘာဝမျိုးဖြစ်ကြောင်း။
ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု
ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ဦးတည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည့် Global Status Report on Road Safety (2018) အရ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် Road Accident ကြောင့် နှစ်စဉ်ပျမ်းမျှ လူ(၁ ဒသမ ၃) သန်းခန့် အသက်ဆုံးရှုံးနေကြရပြီး လူဦးရေသန်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေကြရကြောင်း၊ ကမ္ဘာတစ်ဝန်း လုံးရှိ လူဦးရေ တစ်သိန်းတွင် ယာဉ်မတော်တဆမှု ကြောင့် သေဆုံးမှုနှုန်း (၁၈ ဒသမ ၂) ရာခိုင်နှုန်းဖြစ်ပြီး အာဖရိကနှင့် အရှေ့တောင်အာရှဒေသများတွင် သေဆုံးမှုနှုန်းအများဆုံးဖြစ်ကြောင်း၊ လူများ သေဆုံး ရသည့် အကြောင်းရင်းများတွင် Road Accident ကြောင့် သေဆုံးရခြင်းသည် အဆင့် (၈) နေရာတွင် ရှိပြီး အသက်(၅)နှစ်မှ (၂၉)နှစ်အတွင်းရှိ လူ့အဖွဲ့ အစည်း၏ အဖိုးတန်ကလေးသူငယ်၊ လူငယ် လူရွယ် များ သေဆုံးခြင်းတွင် အဆင့်(၁) အကြောင်းရင်း ဖြစ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း။
ထိခိုက်ဆုံးရှုံးမှုများ များပြား
ထို့ပြင် Road Accident ကြောင့် နိုင်ငံအများစု တွင် နှစ်စဉ် GDP ၏ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့် အထိ ဆုံးရှုံးနေရပြီး ထိုထိခိုက်ဆုံးရှုံးနစ်နာမှုများ သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး ရင်ဆိုင်နေကြ ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အချိန်နှင့်အမျှ ယာဉ်အသုံးပြုမှု ပိုမိုတိုးတက်များပြားလာပြီး ယာဉ်အရေအတွက် လျင်မြန်စွာတိုးပွားလာမှုအပေါ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အစီအမံများ လုံလောက်ပြည့်စုံအောင် အချိန်မီ ဆောင်ရွက်ကြရန် ပျက်ကွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ ထိခိုက်ဆုံးရှုံးမှုများ များပြားနေရခြင်း ဖြစ်ကြောင်း။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများ သည် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် တဖြည်းဖြည်းကြီးထွားလာနေခြင်းကို ဟန့်တား ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းလုံးတွင် Road Safety ကိစ္စရပ်ကို အထူးအလေးအနက်ထား ဆောင်ရွက်လာကြသည်မှာ ဒုတိယဆယ်စုနှစ်အတွင်း ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် နိုဝင်ဘာ လတွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပခဲ့သည့် Global Ministerial Road Safety Conference မှ တစ်ဆင့် Moscow Declaration ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ အဆိုပါ Moscow Declaration ကိုအခြေခံ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆယ်စု နှစ်လှုပ်ရှားမှု (၂၀၁၁-၂၀၂၀) Decade of Action for Road Safety(2011-2020)ကို ချမှတ်ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ အလားတူ အာဆီယံနိုင်ငံများ၌လည်း ASEAN Regional Road Safety Strategic Plan ကိုရေးဆွဲချမှတ်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ အနေဖြင့်လည်း National Road Safety Action Plan(2014-2020) ကို ရေးဆွဲချမှတ်ပြီး Road Safety ဆိုင်ရာလုပ်ငန်းစဉ်များကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်
ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာသည့် အတွက် Decade of Action for Road Safety လှုပ်ရှားမှုများ အလေးထားဆောင်ရွက်နေကြသကဲ့သို့ တစ်ဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ Sustainable Development Goals (SDG)၏ Article 3.6 တွင် ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူအရေ အတွက်ကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချရေး ရည်မှန်း ထည့်သွင်းရေးဆွဲပြီး ကမ္ဘာ့နိုင်ငံအသီးသီးက တက်ညီ လက်ညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ၊ တာဝန်ကျေသည့် ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ပီသစွာ အကောင်းဆုံးပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဖော်ဆောင်
ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကို အကောင်အထည်ဖော်ရာတွင် “ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကြီးကြပ်မှု (Road Safety Management)”၊ “ပိုမိုအန္တရာယ်ကင်း သော လမ်းများနှင့် ယာဉ်သွားလာမှု (Safer Road and Mobility)”၊ “ပိုမိုအန္တရာယ်ကင်းသောယာဉ်များ (Safety Vehicles)”၊ “ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများ (Safer Road Users)”နှင့် “ယာဉ်တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက် မှု(Post-Crash Response)” ဆိုသည့် မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း။
မြန်မာနိုင်ငံ၏ ယခင် NRSC များအနေဖြင့် အဆိုပါမဏ္ဍိုင်ကြီး (၅)ရပ်ကို အခြေပြု၍ Road Safety လုပ်ငန်းစဉ်များကို အလေးထားကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး ထိုက်သင့် သည့် တိုးတက်အောင်မြင်မှုများလည်း ရရှိခဲ့ကြပြီး ဖြစ်ကြောင်း။
ယခု ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု၏ ဒုတိယဆယ်စုနှစ်ကာလအတွက် ရေးဆွဲအတည်ပြု ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည့် Myanmar National Road Safety Action Plan (2021-2030) ပါ ရည်မှန်း ချက်များ၊ လုပ်ငန်းအစီအမံများနှင့်အညီ မိမိတို့ NRSC အနေဖြင့် ဆက်လက်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စနစ်တကျစစ်ဆေးကြပ်မတ်
Road Safety ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရေးအတွက် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်း လိုက်နာရန် တွန်းအားပေးခြင်းနှင့် စစ်ဆေးအရေးယူ ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မော်တော်ယာဉ်များအသုံးပြုမှုနှင့် ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးကြပ်မတ်ခြင်း၊ယာဉ်အန္တရာယ်ကင်းရှင်းရေးအစီအမံများ ပြည့်ပြည့် စုံစုံတပ်ဆင်စေခြင်းကိုလည်း စနစ်တကျဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
ထို့ပြင် ယာဉ်များမောင်းနှင်အသုံးပြုမည့် လမ်း များ၏ ဒီဇိုင်းမှန်ကန်ရေး၊ လမ်းများကို စံချိန်စံညွှန်း ကိုက်ညီအောင် တည်ဆောက်ရေးနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းရေးစသည့် လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များကိုလည်း မပျက်မကွက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသည့် 5 Es System ဟု ခေါ်ဆိုသည့် Education(ပညာပေးခြင်း)၊ Engin-eering (အင်ဂျင်နီယာပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း)၊ Enforcement (ဥပဒေအရ အရေးယူခြင်း)၊ Emer-gency Medical Care (အရေးပေါ်ဆေးကုသမှုပေး ခြင်း)နှင့် Evaluation (အကျိုးရလဒ်ကို သုံးသပ်အကဲ ဖြတ်ခြင်း) တို့ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ 5 Es ကို အခြေခံကာ မိမိနိုင်ငံ အဓိကရင်ဆိုင်နေရသည့် မြေပြင်လက်တွေ့ပြဿနာ များကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် ဦးစားပေးကဏ္ဍ ရွေးချယ်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အလားတူ Road Safety နှင့် ပတ်သက်၍ Strategy, Structure, Skills, Shared, Systems, Staff, Style ဆိုသည့် 7s Implementation Frame-work ကို အခြေခံကာ ချဉ်းကပ်လေ့လာသုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းစဉ် များအားလုံးကို NRSC အနေဖြင့် Leading Council အဖြစ် တာဝန်ယူပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အားလုံး ဟန်ချက်ညီ ပူးပေါင်းပါဝင် လာနိုင်အောင် စနစ်တကျ စုစည်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
အကြံပြုဆွေးနွေး
ယနေ့အစည်းအဝေးတွင် NRSC ဆပ်ကော်မတီ (၄)ရပ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီများ အနေဖြင့် ယခင် Action Plan ပါ လုပ်ငန်းစဉ်များ၊ Quick-Win အစီအမံများ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို လေ့လာသုံးသပ်ကြရန်၊ အတွေးသစ်၊ အကြံသစ်၊ ဉာဏ်သစ်များကို အခြေခံ၍ မိမိနိုင်ငံ၏ ပကတိအခြေအနေမှန်နှင့် ကိုက်ညီ ဆီလျော်သော လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် လုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် ထိရောက် လျင်မြန်အောင်မြင်စေနိုင်မည့် နည်းလမ်းကောင်းများ ရရှိနိုင်ရန် အကြံပြုဆွေးနွေးကြစေလိုကြောင်း။
ယာဉ်မတော်တဆမှုဆိုသည်မှာ အဓိကအားဖြင့် လူ့ပယောဂကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာ ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ ကိုယ်စီလိုက်နာ ထိန်းသိမ်းဆောင်ရွက်ကြမည်ဆိုလျှင်၊ အသုံးပြုသည့် ကားများ၏ ကြံ့ခိုင်မှုကောင်းမွန်နေမည်ဆိုလျှင်၊ လမ်းများလည်း လုံခြုံစိတ်ချရမှုရှိနေမည်ဆိုလျှင်၊ လမ်းအသုံးပြုသူအားလုံး စည်းကမ်းလိုက်နာကြမည် ဆိုလျှင် စသည်ဖြင့်အဘက်ဘက်က ဟန်ချက်ညီလာ သည့် တစ်နေ့တွင် ယနေ့ Road Safety ဆိုင်ရာ မျှော်မှန်းချက်ဖြစ်သည့် “Towards Zero Together” ဆိုသည့် Vision သည် အမှန်တကယ်ဖြစ်လာရမည် ဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာရေးအတွက် အဓိကအား ဖြင့် မိမိတို့နိုင်ငံ၏ National Road Safety Action Plan(2021-2030)ပါ ရည်ရွယ်ချက်များ၊ ရည်မှန်းချက် များနှင့် လုပ်ငန်းစဉ်များအတိုင်း မဆုတ်မနစ်ကြိုးပမ်း အားထုတ် လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် Road Safety နှင့်ပတ်သက်၍ အဓိက တာဝန်ရှိကြသည့် ဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ အနေဖြင့် အလေးနက်ထား ကြိုးပမ်းအားထုတ် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေတွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေးအဓိက ရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံဘဲ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း တို့က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ကြသည်။
ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက ၂၀၂၁ ခုနှစ် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ၏ နှစ်ချုပ်အစီရင်ခံစာများ၊ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၃) ဆိုင်ရာများ၊ အမျိုး သား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များနှင့် တာဝန်ရှိသူများက အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးကြရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမောင်မောင် အုန်း၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသီတာဦးနှင့် တာဝန်ရှိသူများ က ဖြည့်စွက်ဆွေးနွေးကြသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် က ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်