
နေပြည်တော် မေ ၁၀
မုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေးအတွက် ကြိုတင် ပြင်ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre-DMC)နှင့် တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁)၊ တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဆောင်ရွက်ရမည့်လုပ်ငန်းများချမှတ်
ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ၁၁ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မုန်တိုင်း ငယ်အဆင့်မှ အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိနေပြီး မေ ၁၂ ရက် နံနက်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ မေ ၆ ရက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်း အဝေးကျင်းပခဲ့ပြီး အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို မေ ၈ ရက် ညနေ ၃ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ စတင် ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းကော်မတီ ၁၂ ခုမှ ကိုယ်စား လှယ်များ (၂၄)နာရီ တာဝန်ထမ်းဆောင်လျက် ရှိကြောင်း၊ DMC တွင် နေ့စဉ် ညနေ ၃ နာရီ၌ အစည်း အဝေးပြုလုပ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆုံးဖြတ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအဖွဲ့များ နှင့် ညှိနှိုင်းဆောင်ရွက်ကြောင်း၊ DMC နှင့် တိုင်း ဒေသကြီး/ပြည်နယ်များ ဆက်သွယ်ရာတွင် သတင်း အချက်အလက်များ မြန်ဆန်စွာရရှိရေး အရေးကြီး ပါကြောင်း၊ ပြည်ထောင်စုတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန ဖွင့်လှစ်ထားရှိသကဲ့သို့ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် များတွင်လည်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနများ ဖွင့်လှစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနများ (၂၄)နာရီ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် ဆက်သွယ်မှု ကွန်ရက်ထူထောင်ထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့် (၂၀၂၂)တို့ကိုလည်း ရည်ညွှန်းကိုးကားဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ မေ ၆ ရက်က ပြုလုပ်သည့် အမျိုးသားကော်မတီ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက် (၁၉)ချက်၊ DMC တွင် ပြုလုပ်သည့် မေ ၈ ရက် အစည်းအဝေးဆုံးဖြတ်ချက် (၁၅) ချက် နှင့် မေ ၉ ရက် အစည်းအဝေးဆုံးဖြတ်ချက် (၁၇)ချက်တို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဗဟိုဌာန(DMC) အတွင်းရေးမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး စိုးမြင့်အောင် က DMC နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်သွယ်ဆောင်ရွက်မှု ၊ သတင်းအချက်အလက်များ ကောက်ယူမည့်ပုံစံ သတ်မှတ်ထားရှိမှုကို ရှင်းလင်း တင်ပြသည်။
ကြိုတင်ဆောင်ရွက်ထား
ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ ဖြစ်သည့် နေပြည်တော်ကောင်စီအဖွဲ့ဝင် (၁) နှင့် တိုင်းဒေသကြီး/ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးများက နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ရုံးများ ဖွင့်လှစ် ဆောင်ရွက်နေမှု၊ အရေးပေါ်အစည်းအဝေးများ ပြုလုပ်မှု၊ ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးအတွက် ကြိုတင်စီမံထားရှိမှု၊ အရေးပေါ်စားရေရိက္ခာများ ကြိုတင်စုစည်းထားရှိမှု၊ အရေးပေါ်ထပ်မံဝယ်ယူရန် လိုအပ်မည်ဆိုပါက ရရှိနိုင်ရေးဒေသရှိ ကုန်သည်ကြီး များနှင့် ကြိုတင်ချိတ်ဆက်ထားရှိမှု၊ အရေးပေါ် ခိုလှုံ ရန်နေရာများ ကြိုတင်ရွေးချယ်ထားရှိမှု၊ အရေးပေါ် ရွှေ့ပြောင်းရေးစီစဉ်ထားရှိမှု၊ ယာဉ်/စက်ယန္တရားများ၊ စက်သုံးဆီများ အသင့်ပြင်ဆင်ထားရှိမှုအခြေအနေ များ၊ မိမိ တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မုန်တိုင်းဘေး မကျရောက်ခဲ့သော်လည်း လိုအပ်ပါက အခြားဘေးသင့်ဒေသများသို့ အင်အားဖြည့်ဆည်း ပူးပေါင်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသ ကြီး / ပြည်နယ်အတွင်း ဌာနဆိုင်ရာများအပြင် ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံထားရှိမှု၊ ပြန်လည် ထူထောင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို မှာကြားသည်။
သတင်းစဉ်