
နေပြည်တော် မေ ၁၇
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများ လှူဒါန်းရာတွင် လွယ်လင့်တကူ လှူဒါန်း နိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဘေးဒဏ်သင့်ဒေသများ၌ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပမှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိရာ ပစ္စည်းများ လက်ခံရယူရေး၊ ဖြန့်ခွဲရေး နှင့်စပ်လျဉ်း၍ အဖွဲ့များဖွဲ့စည်းကာ စနစ်တကျ လက်ခံဖြန့်ခွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလှူငွေများနှင့် စပ်လျဉ်း၍လည်း ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ ပေးပို့လှူဒါန်းနိုင်သည့် ငွေစာရင်း အမှတ်များကို အများပြည်သူသိရှိစေရေး ကြေညာဆောင်ရွက်ထား ပါကြောင်း၊ သို့ရာတွင် ဘေးသင့်သူများ၊ ဘေးဒဏ်သင့်ဒေသများအပေါ် စာနာထောက်ထားသော မြန်မာလူမျိုးတို့၏ စေတနာသဒ္ဓါတရား ထက်သန်မှု၊ ကူညီဆောင်ရွက်လိုမှု စိတ်ထားများအရ ငွေကြေးလှူဒါန်းမှု အနည်းအများမဆို လွယ်ကူစွာလှူဒါန်းနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ အများပြည်သူ လွယ်ကူစွာလှူဒါန်းနိုင်ရေး နည်းလမ်းများ စဉ်းစားရာတွင် ဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ် ရန်လည်းလိုကြောင်း၊ ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဘဏ်များသို့ ငွေသားဖြင့် တိုက်ရိုက်လှူဒါန်းနိုင်မှု၊ စာရင်းပြောင်းနည်းလမ်းဖြင့် လှူဒါန်းနိုင်မှုအခြေအနေများ၊ အများ ပြည်သူ လွယ်ကူစွာ သိရှိနားလည်နိုင်ရေး အသိပေးကြေညာ ဆောင်ရွက်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက နိုင်ငံခြားငွေ၊ မြန်မာငွေ လှူဒါန်းနိုင်မည့်/ လက်ခံရယူနိုင်မည့် နည်းလမ်းများ၊ လုပ်ငန်းစဉ် မြန်ဆန်စေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများ လွယ်လင့်တကူ လှူဒါန်းနိုင်ရန်အတွက် အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်နှင့် မိုဘိုင်း ငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်းနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်