အမျိုးသားပြတိုက် (နေပြည်တော်) တွင် “ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း” များ တိုးချဲ့ဖွင့်လှစ်

 

နေပြည်တော်   ဩဂုတ်  ၃၁ 


အမျိုးသားပြတိုက် (နေပြည်တော်) ၌ ဗုဒ္ဓအနုပညာ ပြခန်းနှင့်    မြန်မာနိုင်ငံ၏   နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း နှစ်ခန်း ထပ်မံ တိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

 


အခမ်းအနားသို့  သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီး(သာသနာရေး) ဦးအေးထွန်း၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြား ထားသော   ဧည့်သည်တော်များ၊   ဝန်ထမ်းများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခု  တိုးချဲ့ပြသမည့်  ပြခန်းနှစ်ခန်းမှာ “ဗုဒ္ဓအနုပညာပြခန်း” နှင့် “နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့်    မော်တော်ယာဉ်များပြခန်း”တို့ ဖြစ်ကြောင်း၊ အဆိုပါပြခန်းများကို ဗုဒ္ဓဘုရားရှင်အား ရည်မှန်းပြီး ပျူခေတ်မှ ခေတ်အဆက်ဆက် မြန်မာ လူမျိုးတို့    ထုလုပ်ပူဇော်ကိုးကွယ်ခဲ့ကြသည့်    ဗုဒ္ဓ ရုပ်ပွားတော်များ၏ လက်ရာပြောင်းလဲပုံအဆင့်ဆင့် ကို  ပြည်သူလူထု  နှိုင်းယှဉ်လေ့လာပြီး  ကြည်ညို သဒ္ဓါပွားနိုင်ကြစေရန်၊ မြန်မာနိုင်ငံ၏ သမ္မတကြီးများ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် မော်တော် ယာဉ်များကို ပြည်သူလူထုအနေဖြင့် လေ့လာသိရှိပြီး ဗဟုသုတပွားများနိုင်ကြစေရန်ဆိုသည့်   ရည်ရွယ် ချက်များဖြင့် အများပြည်သူအတွက် ယခင်ဖွင့်လှစ် ပြီးပြခန်းများနှင့်အတူ    ပြခန်းနှစ်ခန်းကို   တိုးချဲ့ ခင်းကျင်းပြသရခြင်းဖြစ်ကြောင်း၊ ပြတိုက်ဝန်ထမ်း များသည်   ခေတ်နှင့်အညီ  အိုင်တီနည်းပညာကို အသုံးချ၍ Digital Museum ပေါ်ထွက်လာအောင် ကြိုးပမ်းကြရန်နှင့် လူသားအရင်းအမြစ်စွမ်းဆောင် ရည်မြှင့်တင်ရေး   Capacity Building   ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က ပြခန်းများ တိုးချဲ့ဖွင့်လှစ် ရသည့်  ရည်ရွယ်ချက်များကိုလည်းကောင်း၊ အမျိုး သားပြတိုက်  (နေပြည်တော်)    ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးသင်းက    တိုးချဲ့ဖွင့်လှစ်မည့် ပြခန်းများ၌ ခင်းကျင်းပြသထားမှုကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြခန်း နှစ်ခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုးချဲ့ဖွင့်လှစ်ပြသသည့်      ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် စာတမ်းဖတ်ပွဲကို ဆက်လက် ကျင်းပရာ  စာတမ်းရှင်   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေးက မြန်မာ့နန်းတွင်း ကွမ်းစားခြင်းဓလေ့ စာတမ်း၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုး ဝေ က   အမျိုးသားပြတိုက်  (နေပြည်တော်)    ၏ ပြည်တွင်းပြည်ပဧည့်သည်ဦးရေအား      လေ့လာ ဆန်းစစ်ချက်စာတမ်း၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းအိစံ က အမျိုးသားပြတိုက် (နေပြည်တော်) ၏ ဧည့်သည် ဝန်ဆောင်မှု ကဏ္ဍအား လေ့လာချက်စာတမ်းများကို အသီးသီးဖတ်ကြားကြပြီး သဘာပတိက  စာတမ်း များအပေါ်  သုံးသပ်ဆွေးနွေး၍   နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။  

       

သတင်းစဉ်