အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

==============================================

နေပြည်တော် ဒီဇင်ဘာ ၄

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေး ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးတည်ဆောင်ရွက်နေ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)အရ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မည်သည့် ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိ ရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူခွင့်မဆုံးရှုံးရေးတို့ကို အခြေခံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူလူငယ်များအားလုံး လူသားကောင်းများ ဖြစ်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်လာ စေရန်၊ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်သူများဖြစ်လာ စေရန်၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာ စေရန် စသည့် မျှော်မှန်းရလဒ်များဖြင့် ၂၁ ရာစု ပညာရေး အရည်အသွေးများ ပြည့်ဝစေရေး ဦးတည်ဆောင်ရွက်နေပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊ ဆရာ ဆရာမနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်ရန် ဆောင်ရွက်ပေးခြင်း၊ နည်းပညာနှင့် အခြေခံအဆောက် အအုံများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တိုင်းရင်းသား ဒေသများကို ပိုမိုဦးစားပေး ဆောင်ရွက်ပေးခြင်းတို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် သင်ယူပြီး မြောက်မှုများ ပိုများလာသလို နည်းပညာနှင့် သက်မွေး သင်တန်းများ၊ တက္ကသိုလ်ပညာ သင်ယူခွင့်ရရှိသူများလည်း ပိုမိုတိုးတက်များပြားလာပါကြောင်း။

အရှေ့တောင်အာရှ မူလတန်းအဆင့် သင်ယူ တတ်မြောက်မှုစစ်တမ်း ၂၀၁၉ ရလဒ်များ ထုတ်ပြန်မှုတွင် လည်း မြန်မာကျောင်းသားများသည် စစ်တမ်းကောက်ယူ ခဲ့သည့် နိုင်ငံ ခြောက်ခုအနက် အခြားနိုင်ငံ သုံးခုထက် စွမ်းဆောင်ရည်ပိုမိုမြင့်မားနေပါကြောင်း၊ ကျောင်းအရွယ် အစား၊ ကျောင်းပစ္စည်း၊ လူမှုစီးပွားအခြေအနေတို့ ကွဲပြား သော်လည်း သင်ယူတတ်မြောက်မှု စွမ်းရည်ကွာဟချက် နည်းပါးပါကြောင်း၊ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံသာလျှင် စစ်တမ်းကောက်ယူသော ခြောက်နိုင်ငံအနက် ကျောင်းသား တစ်ဦးလျှင် ကျောင်းသုံးဖတ်စာအုပ်တစ်စုံနှုန်း ထောက်ပံ့ ပေးခြင်း၊ ကျောင်းသား ၃ ပုံ ၁ ပုံ၏ သင်္ချာတတ်မြောက်မှု စွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၄ ပုံ ၁ ပုံ၏ စာဖတ်စွမ်းရည်မှာ ပျမ်းမျှအထက်၌ရှိခြင်း၊ ကျောင်းသား ၅ ပုံ ၁ ပုံ၏ အရေးစွမ်းရည်မှာလည်း ပျမ်းမျှ အထက်၌ရှိခြင်းတို့ကို စစ်တမ်းများတွင် တွေ့ရှိရပါကြောင်း၊ ယခုလို အောင်မြင်မှုများသည် ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ မိဘအုပ်ထိန်းသူပြည်သူများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုများကြောင့်ပင် ဖြစ်ပါကြောင်း။

ပွင့်လင်းမြင်သာစွာဆောင်ရွက်နေ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် လည်း မည်သည့်လက်ဆောင်ကိုမျှ ပေးခြင်း၊ ယူခြင်း ခွင့်မပြု သလို ဘက်လိုက်မှုမရှိအောင်လည်း ပွင့်လင်းမြင်သာစွာ အဓိကထားဆောင်ရွက်နေပါကြောင်း၊ အရည်အသွေး ရှိသော ပညာရေးစနစ် ဦးတည်ဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများ အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀)ရေးဆွဲရေး လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၅) အခြေခံပညာကဏ္ဍနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူ များက အခြေခံပညာ သင်ရိုးညွှန်းတမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ၊ သိရှိလိုသည်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြ သည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀)အခန်း(၆) နည်းပညာနှင့် သက်မွေး ပညာကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) အခန်း(၇)အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)နှင့် စပ်လျဉ်း ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်