
နေပြည်တော် ဒီဇင်ဘာ ၆
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) National Education Strategic Plan - NESP(2021-2030) မူကြမ်းကို သက်ဆိုင်ရာကဏ္ဍ များအလိုက် အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ တို့ဖြင့် ပြုစုလျက်ရှိရာ အဆိုပါစီမံကိန်းမူကြမ်း စိစစ်ရေးအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားပညာ ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဆိုပါမူကြမ်းကို အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀)ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (၂၆)ကြိမ်မှ အကြံပြုချက်များနှင့်အညီ ရေးဆွဲခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သော ပညာရေးဝန်ကြီးဌာန၊ ဥပဒေကြမ်း များစိစစ်ရေး ကော်မတီက စိစစ်တည်းဖြတ်ထားသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကို ထပ်မံစိစစ်ပေးရန်နှင့် ယင်းသို့ စိစစ်ရာတွင် အလေးထား ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးဆောင်ရွက် ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင် ရာ ညွှန်ကြားရေးမှူးချုပ်များက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) မူကြမ်းရေးဆွဲ စိစစ်အတည်ပြုရေးနှင့် ပတ်သက်၍ ဆွေးနွေး အကြံပေးညှိနှိုင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်