
နေပြည်တော် အောက်တိုဘာ ၁၆
အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး အစည်းအဝေးခန်းမ၌ Online Virtual Meeting ဖြင့် ကျင်းပ သည်။
အစည်းအဝေးတွင် အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေး အထောက် အကူပြု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က Covid-19 ရောဂါ ဖြစ်ပွားမှုများကြောင့် အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယခု မှသာ ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့၏ အဓိကလုပ်ငန်းတာဝန်မှာ အမျိုးသား မြေအသုံးချမှု မူဝါဒနှင့် ညီညွတ်သော မြေယာစီမံခန့်ခွဲရေးနှင့် သက်ဆိုင် သည့် တည်ဆဲဥပဒေ အသီးသီးကို လွှမ်းခြုံသည့် အမျိုးသား မြေဥပဒေ (မူကြမ်း) ကို ကနဦးရေးဆွဲနိုင်ရေး ဖြစ်ကြောင်း၊ တည်ဆဲမြေ စီမံခန့်ခွဲရေး ဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး အတွက် မြေယာစီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများကို လေ့လာခြင်း၊ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့် အချက်များ ဖော်ထုတ် ခြင်းတို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)ပါ လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး အထောက်အကူပြုလုပ်ငန်း အဖွဲ့ဝင် ဖြစ်သော သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့အား အဖွဲ့ ခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းထား သည့် လုပ်ငန်းအဖွဲ့ငယ် (၇) ဖွဲ့တို့က မိမိတို့တာဝန်ကျရာ ဆောင်ရွက်ရမည့် ကဏ္ဍများကို ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြား သည်။
ထို့နောက် အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်း အဝေးသို့ တက်ရောက်လာကြသည့် အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင် များက အကြံပြုဆွေးနွေးတင်ပြရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ဆွေးနွေး သည်။
အစည်းအဝေးသို့ အထောက် အကူပြုလုပ်ငန်း အဖွဲ့ဝင်များဖြစ်ကြ သော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်