အမျိုးသားစာပေဆု၊ တစ်သက်တာဆုရှင် (စာရေးဆရာ) ဆုရ ဆရာဖိုးကျော့၏ စာပေ အနုပညာရှင်ဘဝ

Type
1

 

ကြည်ကြည်ဝင်း(စာပေဗိမာန်)
 

 

ဘဝတစ်လျှောက်လုံး စာပေရေးသားခြင်း၊ စာပေသုတေသနပြုခြင်း၊ နိုင်ငံအကျိုးပြု စာပေဆိုင်ရာနှင့် အနုပညာဆိုင်ရာလုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်း၊ လေးစားထိုက်သော စာပေလက်ရာ အများအပြား ရေးသားပြုစုထားသူဖြစ်ခြင်း စသည့် မြန်မာစာပေဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်ပြုလုပ်လျက် မြန်မာစာပေဖွံ့ဖြိုးရေးကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိသည့် စာရေးဆရာကြီးများ၊ ပညာရှင်ကြီးများအား “အမျိုးသားစာပေ တစ်သက်တာဆု”အဖြစ် နိုင်ငံတော်အစိုးရက ၂၀၀၁ ခုနှစ်မှစတင်လျက် နှစ်စဉ် စာဆိုတော်နေ့တွင် ချီးမြှင့်ပေးလျက်ရှိသည်။

 

၂၀၁၇ ခုနှစ်အတွက်အမျိုးသားစာပေ တစ်သက်တာဆုကို   စာရေးဆရာကြီး ဖိုးကျော့နှင့် စာပေပညာရှင် တစ်သက် တာဆုကို ဆရာကြီးဦးထွန်းရီ(ရှေးဟောင်း သုတေသီ)တို့ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်ခံရစဉ်က ဆရာကြီးဖိုးကျော့၏ အသက်မှာ ၇၉ နှစ်အရွယ်ဖြစ်ပါသည်။

 


ဆရာကြီးဖိုးကျော့ကို    ရခိုင်ပြည် နယ်  ရမ်းဗြဲကျွန်း  ကျောက်ဖြူမြို့နယ် ချောင်းဝရွာ၌   ဖခင်ဖြစ်သူ   တိုင်းရင်း ဆေးဆရာ ဦးဘောက်ဖြူ(စာတော်ဖတ်)နှင့် အမိ ဒေါ်ချက်တောင်းမတို့မှ ၄-၈- ၁၉၄၀ ရက်တွင် မွေးဖွားသည်။ မွေးချင်း ကိုးယောက်ရှိပြီး ဆရာကြီးသည် တတိယ မြောက်  ဖြစ်ပါသည်။  အမည်ရင်းမှာ ဖိုးကျော့ပင်ဖြစ်ပြီး နိုင်ငံသားကတ်တွင်မူ ဦးမြင့်လွင်ဖြစ်ပါသည်။ 

 


စာပေအနုပညာ ဗီဇမျိုးစေ့သန္ဓေ 
စတင်တွယ်ငြိလာပုံ


ဆရာကြီးသည် ငယ်စဉ်တောင်ကျေး ကလေးဘဝတွင် အဖိတ်နေ့နှင့် ဥပုသ် နေ့များ၌ ရွာဦးဘုန်းတော်ကြီးကျောင်း သို့ မိဘများ ဥပုသ်သီလဆောက်တည် ရာတွင်    အတူ    လိုက်ပါလေ့ရှိသည်။ ဆရာကြီး၏  ဖခင်သည် ဘုန်းတော်ကြီး ကျောင်းတွင်  ဥပုသ်သီလ ဆောက်တည် ရန်လာသော   ရွာသူ၊   ရွာသားများအား ဇာတ်နိပါတ်များ   ဖတ်ပြလေ့ရှိသည်။ သံချောင်းကို ချွန်ထက်နေအောင် သွေး ထားသော  ကညစ်တံဖြင့်  ပေပေါ်တွင် ရေးသားထားသော     ရခိုင်လင်္ကာကြီး များဖြင့်   သီကုံးထားသည့်  ဇာတ်ကြီး ဆယ်ဘွဲ့၊ ဗုဒ္ဓဝင်၊ မဟာဝင် စသည်တို့ကို ဖတ်ရှုပြကာ သီလတရား၌ ပိုမို နှစ်သက် စေရန် လုပ်ဆောင်ပေးခဲ့သည်။ 

 


ဆရာကြီး၏ဖခင်သည်    ရဟန်း ဝတ်ဖူး၍ စာတော်ဖတ်အဖြစ် ဗုဒ္ဓဘာသာ တရားတော်များ၌ ရွာသူရွာသားများ ပိုမို ယုံကြည်       သဒ္ဓါတရားပွားများစေရန် ဖတ်ရှုရှင်းလင်းပေးခဲ့ပါသည်။ ဆရာကြီး ၏ ဖခင်သည် တိုင်းရင်းဆေးဆရာအဖြစ် လည်း    ရပ်ရွာရှိလူများကို  ဆေးကုပေး  လေ့ရှိသဖြင့်    ရပ်ရွာက   ဆေးဆရာ၊ စာဖတ်တတ်၊ စာတော်ဖတ် စသည်ဖြင့် ခေါ်လေ့ရှိကြသည်။     အမည်ရင်းကို မည်သူမျှ မခေါ်ကြပါ။ 

 


ဆရာကြီးသည် ကိုးနှစ်သား၊ ဆယ်နှစ် သားအရွယ်   ကလေးဘဝကပင်   ဖခင် ဖြစ်သူက   ဥပုသ်သည်များအား   ဒါန တရား၊ သီလတရားတို့၌ ယုံကြည်မှုသဒ္ဓါ ပိုမိုဖြစ်ပေါ်အောင်    ဖတ်ကြားပြသည့် ဇာတ်ကြီးဆယ်ဘွဲ့၊   ဗုဒ္ဓဝင်တို့ကို  စူးစူး  စိုက်စိုက်   နားထောင်ရာ၌  ဝါသနာထုံ ခဲ့သည်။   အခြားသော   ဥပုသ်သည် ရွာသူရွာသားများ၏  သားသမီးများကဲ့သို့ ကျောင်းအောက်သို့သွား၍   ဂျင်ပေါက် ခြင်း၊ ဒိုးပစ်ကစားခြင်းများ မပြုလုပ်ခဲ့ ပေ။ ဆရာကြီး၏ ဖခင်ဖြစ်သူ ဖတ်ပြ သည့်    ဇာတ်တော်များကိုသာ   နှစ်နှစ် ခြိုက်ခြိုက်    နားထောင်လေ့ရှိသည်။ ဇာတ်ကောင်အမျိုးမျိုးနေရာ၌ သက်ဝင် ခံစားကာ  နားထောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖခင်ကြီးပြောကြားသောဇာတ် တော်တို့ကို နားထောင်ရင်း ဇာတ်ကောင် တစ်ဦးချင်းနေရာသို့      ဝင်ရောက်ခံစား တတ်သည့် အလေ့အထုံကပင် ဆရာကြီး အား  တိရစ္ဆာန်ဇာတ်ကောင်၊   လူဇာတ် ကောင်တို့ကို    ပေါ်လွင်အောင်   ရေးဖွဲ့ တတ်သည့် ဝတ္ထုရေးဆရာတစ်ဦးဖြစ်ရန် ဦးတည်ပေးနေတော့သည်။ ဆရာကြီး၏ စာပေအနုပညာ     ဗီဇမျိုးစေ့သည် ငယ်ရွယ်နုနယ်စဉ်   ကလေးဘဝကပင် ဤကဲ့သို့  စတင်ဖြစ်တည်လာခဲ့သည်။ ဆရာကြီး၏ဖခင်သည်  ဆရာကြီးအား စာပေအနုပညာ     လမ်းကြောင်းပေါ် ရောက်ရှိစေရန်    လမ်းပြပေးခဲ့သည်။ ဖခင်ကြီးထံမှ စာပေအနုပညာဗီဇသည် ဆရာကြီးထံသို့ ရောက်ရှိလာသည်။

 


ဘုန်းတော်ကြီးကျောင်းသားဘဝ


ဆရာကြီးမွေးဖွားကြီးပြင်းခဲ့ရာ ရခိုင် ပြည်နယ်  ကျောက်ဖြူမြို့နယ်  ချောင်းဝ ရွာလေးသည်     ဝေးလံခေါင်းပါးသော အရပ်ဒေသဖြစ်သည့်အတွက် ပညာသင် ရာတွင်လည်း  ခဲခဲယဉ်းယဉ်း  သင်ယူခဲ့ ရသည်။    ဆရာကြီးတို့ရွာကို   လွန်လျှင် ဘင်္ဂလားပင်လယ်အော်သာ     ရှိတော့ သည်။  မဖွံ့ဖြိုး မတိုးတက်သောဒေသ ဖြစ်၍   ထိုစဉ်က   ကျောက်သင်ပုန်းနှင့် ကျောက်တံကိုပင် မမြင်ဖူးခဲ့ပါ။ ဆရာကြီး တို့ရွာတွင် လျှော်သားမီးသွေးအထပ်ထပ် အစာတင်ထားသော  သင်ပုန်းပေါ်တွင် ကံ့ကူဆံခေါ်     မြေကြီးမှထွက်သော စာရေး၍ရသည့်      မြေဖြူတောင့်ကဲ့သို့ အချောင်းအဆန်လေးဖြင့် စာရေးသားခဲ့ရ သည်။ ဆရာကြီးတို့ ကျောင်းသားဘဝက လျှော်သားမီးသွေးရရန်    ကိုယ်တိုင်ပြု လုပ်ရပါသည်။    ဆရာကြီးတို့ရွာသည် တောတောင်များနှင့်   နီးသည့်အတွက် တောတက်သည့်သူများက  နွားချည်ရန် ကြိုး၊ နွားလှန်ရန်ကြိုး၊ နဖားကြိုး စသည် တို့ပြုလုပ်ရန် လျှော်များကိုယူပြီးနောက် ကျန်သော လျှော်သားများကို ပစ်ထား ခဲ့ကြပါသည်။     ထိုလျှော်သားများကို ကျောင်းသားလေးများက     လိုက်လံ ကောက်ယူကြရသည်။      ထို့နောက် လျှော်သားမီးသွေးဖုတ်ရန်  ကျောင်းသို့ သယ်ဆောင်လာကြသည်။ ကျောင်းရှေ့ တွင်  မြေကြီးကို   စောက်မတိမ်မနက် ရေမြောင်းဖော်ပြီး ရေလောင်းထည့်ထား သည်။    ထို့နောက်   မြောင်းပေါ်တွင် သစ်သားချောင်းကြီးများကို     တင်ထား သည်။   လျှော်သားတုံးများကို   မီးရှို့ပြီး ရေမြောင်းပေါ်ရှိ သစ်သားချောင်းပေါ်သို့ တင်ရသည်။  နှံ့နှံ့စပ်စပ် မီးလောင်ပြီး သော  လျှော်သားတုံးများကို  ရေမြောင်း ထဲသို့ထိုးချရသည်။ ထိုအခါမှ လျှော်သား မီးသွေး ရရှိသည်။ ထို့နောက် ကျောင်းရှိ ကိုရင်ကြီးများက ကျောင်းသားများအား လက်တစ်ဆုပ်စီဝေပေးရာ ပေးသလောက် သာ ယူရလေ့ရှိသည်။  လျှော်သားမီးသွေး သည်  ပျော့ပျော့ပျောင်းပျောင်း ရှိသည့် အတွက်     သစ်သားသင်ပုန်းပေါ်တွင် ဖိကပ်ကြိတ်ချေခြင်းဖြင့်   အစာတင်ပြီး နောက် ချောမွေ့စေရန် ရေဖြင့် သပ်ချရ သည်။ ပြီးနောက် လေသလပ်ခံရသည်။ ထိုအခါ   ကံ့ကူဆံဖြင့်   စာရေးသားရန် ကောင်းမွန်သည့်  သင်ပုန်းချပ်ကို ရရှိ သည်။ ဆရာကြီးကဲ့သို့ပင် ဘုန်းတော်ကြီး ကျောင်းတွင် ပညာသင်ယူနေကြသော ကလေးသူငယ်များမှာ   ၃၀၊   ၄၀  ခန့် ရှိသည်။ ဤကဲ့သို့ ပညာကို ခဲခဲယဉ်းယဉ်း သင်ယူခဲ့ကြရပါသည်။ 

 


ဆရာကြီးသည် အသက် ၁၃ နှစ်တွင် မိဘများက    ရှင်ပြုပေးသောကြောင့် ကိုရင်ဝတ်ဖြင့် ပရိယတ္တိစာပေများ ဆက် လက်သင်ယူခဲ့သည်။ ပရိတ်ကြီးပြီးလျှင် လောကနီတိ၊ သင်္ဂြိုဟ် ၊ သဒ္ဒါ၊ အလင်္ကာ တို့ကို   သင်ယူရသည်။   သတ်ပုံကိုလည်း ငယ်စဉ်ကပင် သင်ယူလေ့လာခဲ့ပါသည်။ မြန်မာစာပေ၏ အခြေခံများကို ကောင်း မွန်စွာ လေ့လာခဲ့ရပါသည်။ ဤအချက် တို့သည် ဆရာကြီးဖိုးကျော့အား လေ့လာ မှတ်သားဖူးခဲ့သော မြန်မာစာပေ အဆီ အနှစ်တို့ကို   ၎င်းဖန်တီးရေးသားသော ဝတ္ထုတို၊ ဝတ္ထုရှည်များတွင် ထည့်သွင်း ရေးသားကာ ကလောင်စွမ်းကို လိုလျှင် လိုသလို  ကွန့်မြူးနိုင်သော စာရေးဆရာ တစ်ဦးဖြစ်စေရန်   ထောက်ကူပေးနေ ပါသည်။

 


ဆရာကြီးသည်   ၁၉၅၆    ခုနှစ် အသက်   ၁၆  နှစ်တွင်   ကိုရင်ဝတ်ဖြင့် ဦးကြီးဘုန်းကြီးနှင့်အတူ  ရခိုင်မှ ထွက် လာခဲ့သည်။   ရန်ကုန်မြို့   စမ်းချောင်း ဗားဂရာတိုက်တွင် ပရိယတ္တိစာပေများ ဆက်သင်ယူခဲ့သည်။ သာသနာ့ဘောင် တွင်နေစဉ် ပုဇွန်တောင်ဘက်၌ ကျင်းပ သော သိမ်ဖြူစာမေးပွဲကို နှစ်ကြိမ် အောင် ခဲ့သည်။ ရန်ကုန်မြို့တွင် ကိုရင်ကြီးအဖြစ် ရှိစဉ် ဆွမ်းခံထွက်ရသည့်အခါ ဘတ်စ် ကားစီးရသည့်အခါမျိုးလည်း  ရှိသည်။  တစ်ခါတွင်   ဆွမ်းခံထွက်ရာ၌  ဘတ်စ် ကားပေါ်၌ ကားကိုဘရိတ်အုပ်ချိန်တွင် သပိတ်ပေါ်ရှိ    ဆွမ်းဟင်းဘူးများ   ပြုတ် ကျ၍ အနီးရှိခရီးသည်များ၏ အဝတ်ပေါ် ဖိတ်စဉ်ကာ    ပေကျံသွားသောကြောင့် ဆရာကြီးသည် စိတ်မကောင်းဖြစ်ခဲ့ရ သည်။    

 


ဘဝဖြတ်သန်းမှု အဖုံဖုံ


၁၉၅၉  ခုနှစ် အသက် ၁၉ နှစ်တွင် လူဝတ်လဲခဲ့သည်။ ပြီးနောက် ရန်ကုန်မြို့ တွင် တစ်နေ့လျှင် နှစ်ကျပ်တစ်မတ်ဖြင့် နေ့စားအလုပ်သမားအဖြစ်  လုပ်ကိုင်ခဲ့ ပါသည်။ ပထမဦးစွာ ရရှိသောအလုပ်မှာ အာလာဒင်မီးအိမ်လုပ်သော ဖန်ရည်ကျို ဖိုတွင် ဖြစ် သည်။ ဖန်ရည်ကျိုအိုးထဲတွင် ရဲရဲတောက်အောင်ကျိုထားသော    ဖန် ရည်ကို သံပြောင်းနှင့်တို့ယူပြီး သံပြောင်း ထိပ်မှ  နှုတ်သီးကဲ့သို့သော  ပါးစပ်ဖြင့် ပုံလောင်းခွက်ထဲ မှုတ်ချရသည်။ ဤသို့ ဖြင့်  အအေးခံကာ  အာလာဒင်မီးပြောင်း အောက်ခံဆီခွက်တို့ကို အဆင့်ဆင့် လုပ် ယူကြရသည်။ အာလာဒင်မီးခွက်တစ်လုံး တွင်   စက်ဖြင့်   သို့မဟုတ်   တွင်ခုံဖြင့် လုပ်သောအရာဆို၍  မီးစာအတင်အချ ခွေးသွားစိတ်တစ်ခုသာ ပါသည်။

 


ထိုအချိန်တွင်  ဆရာကြီးဖိုးကျော့ သည် ရန်ကုန်မြို့ အုတ်ကျင်း မာလာမြိုင် ရပ်ကွက်(ယခု လှိုင်မြို့နယ် ၁၆ ရပ်ကွက်) ၌ နေသည်။ ထိုအချိန်က  ဆင်းရဲသား ရပ်ကွက်ဖြစ်သဖြင့် အာလာဒင်မီးအိမ်နှင့် ဆီမီးခွက်တို့သာ သုံးကြသည်။ ထိုစဉ်က ထမင်းဟင်းချက်လျှင် ထင်း(သို့မဟုတ်)ရေနံဆီမီးဖိုနှင့်သာ ချက်ကြသည်။ 

 


ဤသို့ ဖန်ရည်ကျိုဖိုတွင် လုပ်ကိုင် နေရာမှ   သံပုံးစက်တွင်  တစ်နေ့လျှင် နှစ်ကျပ်ခွဲဖြင့်         ပြောင်းလဲလုပ်ကိုင်ခဲ့ သည်။ ပုဂ္ဂလိက သံပုံးစက်တွင် အလုပ် လုပ်ရင်း  လေဘာရုံး၌  မှတ်ပုံတင်လုပ် ထားရာ    ဂုန်နီစက်ရုံတွင်   အလုပ်ခေါ် သဖြင့်  သုံးကျပ် တစ်ဆယ့်ငါးပြားနှင့် ယာယီအလုပ်ရခဲ့သည်။ ဂုန်နီစက်ရုံသည် ဆရာကြီးဖိုးကျော့နေထိုင်ရာ မာလာမြိုင် ရပ်ကွက်နှင့်လည်း နီး၏။ ဆရာကြီးသည် ခေတ်ပညာကိုလည်း  တတ်မြောက်ချင် သဖြင့် ဂုန်နီစက်ရုံတွင် အလုပ်လုပ်နေစဉ် အလွတ်ပညာသင်ကျောင်း     တက်ရန် ကြိုးပမ်းခဲ့သေးသည်။ သို့ရာတွင် အလုပ် ဆိုင်းကို     နှစ်ဆိုင်းမှ     သုံးဆိုင်းသို့ ပြောင်းလဲလိုက်သဖြင့်    အလွတ်ပညာ သင်ကျောင်းတက်ရန် မဖြစ်နိုင်တော့ပေ။  

 


ဆရာကြီးဖိုးကျော့သည် ဂုန်နီစက်ရုံ တွင်  ရက်ကန်းစက်မောင်းအဖြစ်  လုပ် ကိုင်နေစဉ် စာကြည့်တိုက်ဖြစ်လာအောင် စက်ရုံမှူးအထိ တင်ပြ၊ ကလာပ်စည်း တွင် အခြေအနေကိုတင်ပြ၍ ဂုန်နီစက်ရုံ စာကြည့်တိုက် ဖြစ်လာစေရန် ကြိုးပမ်း ခဲ့သည်။ ထိုစဉ်က ဆေးဝါးထုတ်လုပ်ရေး စက်ရုံ၊     ချည်မျှင်နှင့်    အထည်စက်ရုံ (တပ်မတော်အထည်စက်ရုံ-သမိုင်း)တို့ တွင် စက်ရုံစာကြည့်တိုက်များ ဖွင့်လှစ် ထားကြသည်မှာ    တစ်နှစ်ကျော်ပြီဖြစ် သည်။  ဤသို့  စက်ရုံ၊  အလုပ်ရုံများ၌ စာကြည့်တိုက်များ   ထားပေးရမည်ဟု သက်ဆိုင်ရာမှ  ညွှန်ကြားထားခဲ့သော ကြောင့် ဖြစ်သည်။   ရည်ရွယ်ချက်မှာ စက်ရုံ အလုပ်ရုံများတွင် စာကြည့်တိုက် ဖွင့်ပေးခြင်းဖြင့် အလုပ်သမားများတွင် ဆိုရှယ်လစ်အသိရှိလာစေရန် ရည်ရွယ်၍ ဖွင့်ခိုင်းခြင်းဖြစ်သည်။   သို့သော်  ဂုန်နီ စက်ရုံတွင်  စာကြည့်တိုက်  မရှိသေး။ ဆရာဖိုးကျော့သည်လည်း   အမျိုးသား စာပေဆု   မရသေး။   စာရေးဆရာမှန်း လည်း စက်ရုံဝန်ထမ်းများ မသိကြသေး။ သို့သော် ဆရာ၏စာများကား မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဖော်ပြခံနေရပြီဖြစ် သည်။

 


ထိုစဉ်က ဆရာကြီးဖိုးကျော့တို့ ဂုန်နီ စက်ရုံ၏ စက်ရုံမှူးသည် စက်ရုံမီးဘေး ကင်းရှင်းရေး၊    စက်ရုံလုပ်သားများ အလုပ်ကောင်းကောင်းလုပ်နိုင်ရန် လေ ပေါက်မရှိသော စက်ရုံကို လေပေါက်များ ဖောက်ပေးခြင်းစသည်ဖြင့် စက်ရုံလုပ်သား များအပေါ်  ကိုယ်ချင်းစာတရားရှိသော ကြောင့်    ကလာပ်စည်းဆွေးနွေးပွဲတွင် စာကြည့်တိုက်နှင့်ပတ်သက်၍   တင်ပြ ရဲခြင်းဖြစ်သည်။ သို့ဖြင့် စက်ရုံ စာကြည့် တိုက်ကို ဖွင့်လှစ်မည့်ပုံစံ၊ စာအုပ်များကို စက်ရုံအလုပ်သမားများအား    ငှားရမ်း ပေးမည့်ပုံစံ စသည့် စီမံချက်ကို ရေးဆွဲ ရန် တာဝန်ပေးခံရပြီး စက်ရုံမှူးထံတင်ပြ ရန် ခွင့်ပြုချက်ရခဲ့သည်။

 


စာရေးဆရာဖြစ်လာမည့်လမ်းစ
ထို့နောက် ဆရာကြီး ဖိုးကျော့သည် အုပ်ချုပ်ရေးအရာရှိနှင့်တွေ့ပြီး   ဂုန်နီ စက်ရုံ စာကြည့်တိုက်ကို ဖွင့်လှစ်ပေးနိုင် ခဲ့သည်။ အလုပ်သမားများ အလုပ်တက် အလုပ်ပြန်အချိန်တွင် စာကြည့်တိုက်မှ စာအုပ်များကို လုပ်သားအကူ သုံး၊ လေး ယောက်နှင့်အတူစာအုပ် ငှားရမ်းပေးခဲ့ သည်။ စာအုပ်များကို အိမ်တွင်ဖတ်ရန်
ပေးလိုက်ပြီး တစ်နေ့လျှင် စာအုပ်ဖတ်ခ ငါးပြားနှင့်   ပျောက်ဆုံးလျှင်    စာအုပ် တန်ဖိုး ပေးလျော်စေသည်။  လုပ်သား တိုင်းကို စာငှားခွင့်ကတ် ထုတ်ပေးထား သည်။ အချို့အလုပ်သမားများမှာ စာအုပ် မငှားဘဲ သတင်းစာ၊ ဂျာနယ် လာဖတ် ကြပြီး စာကြည့်တိုက်ပိတ်မှသာ အိမ်ပြန် ကြသည်။    နောက်ပိုင်းတွင်    စက်ရုံ၊ အလုပ်ရုံများမှ စာကြည့်တိုက်ဝန်ထမ်း များကို စက်မှုဌာနက စာကြည့်တိုက်မှူး သင်တန်းပေးသဖြင့်   သွားတက်ကြရ သည်။ 

 


ဂုန်နီစက်ရုံ  အလုပ်သမားအရေး အခင်း ပေါ်ပေါက်နေချိန်တွင် ဆရာကြီး သည် စက်ရုံ စက်မောင်းသမားဟောင်း၊ စာကြည့်တိုက်မှူး၊     လောလော လတ်လတ်     အမျိုးသားစာပေဆုရ စာရေးဆရာဖြစ်၍    စက်ရုံဆန္ဒပြမှုကို လေ့လာရန် စက်ရုံထဲဝင်သွားသောအခါ ဆန္ဒပြစက်ရုံလုပ်သားများက လက်ခုပ်  ဩဘာပေး၍   ဆီးကြိုကြသည်။   သို့ မဟုတ်လျှင်   ဉာဏလုပ်သားများကို စက်ရုံထဲမှ   ကာယလုပ်သားများက မယုံကြည်၊ ကော်လာဖြူလူတန်းစား၊ အခွင့်ထူးခံလူတန်းစားဟု အမြင်စောင်း နေကြသည်။ ထို့ကြောင့် အပြင်မှ စာရေး စာချီ၊ အရာရှိများကို စက်ရုံထဲသို့ အဝင် မခံကြပေ။ နောက်ပိုင်းတွင် ဂုန်နီစက်ရုံ လုပ်သားကောင်စီ     ဖွဲ့စည်းရာတွင် စက်ရုံထဲမှ ရက်ဖောက်လိပ်တုံး၊ ဒညင်း လုံးဌာနများမှ စက်ရုံလုပ်သားများဆန္ဒမဲ ဖြင့် လုပ်သားကောင်စီဝင်ဖြစ်လာသူ၏ အာမခံချက်ဖြင့် ဉာဏလုပ်သား၊ လုံခြုံ ရေး၊ မီးသတ်  စသော  လုပ်သားများပါ စက်ရုံထဲရောက်လာကြသည်။ 
ထို့နောက်  ကာယဉာဏ   ပူးပေါင်း ကော်မတီကို ဖွဲ့စည်းကြရာ အများဆန္ဒ ဖြင့် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင် ရွက်ခဲ့ရသည်။ ၁၉၇၄ ခုနှစ် အလုပ်သမား ဆန္ဒပြပွဲကြီးတွင် စက်ရုံအဖျက်ဆီးမခံရ ရန်၊ မီးရှို့မခံရရန်၊ အခြေအနေအရပ်ရပ် ကြောင့် ထိခိုက်မှုများမဖြစ်စေဘဲ လုပ်သား များ  စက်ရုံမှ အေးချမ်းစွာ ထွက်ခွာ ကြစေရန်   ဗဟိုကော်မတီ၏  ဆုံးဖြတ် ချက်များကို     ဆောင်ရွက်ပေးခဲ့သည်။ ဆရာကြီးက ပါဝင်ဆောင်ရွက်ခဲ့သည် များကို အမှန်အတိုင်း ပြောပြအစစ်ဆေး ခံပါသော်လည်း ဖမ်းဆီးခံရသည်။  ဗကပ အမာခံအရေအတွက်နှင့်   မည်သူပါဝင် ကြောင်း စစ်မေးရာ ဖုံးကွယ်ထားသည် ဟူ၍ အစွပ်စွဲခံရပြီး ဖမ်းဆီးခံရခြင်းဖြစ် သည်။
ထိုအချိန်တွင်    ဆရာကြီးဖိုးကျော့ သည်  ဆင်နှင့်ပတ်သက်၍ ဝတ္ထုနှစ်အုပ် ရေးသားပြီးဖြစ်သည်။ အမျိုးသားစာပေ ဆုလည်း   ချီးမြှင့်ခံရပြီးဖြစ်သည်။   ထို့ နောက်  ထောင်ကျခဲ့ရသည်။  ဆရာကြီး  သည်    ဤကဲ့သို့    လောကဓံနှင့်လည်း ရင်ဆိုင်ခဲ့ရပါသည်။

 


ဆရာကြီး၏ စာပေလက်ရာများ


ဆရာဖိုးကျော့၏ ပထမဦးဆုံးဝတ္ထု မှာ ဆင်မာန်နှင့် ငှက်ဉာဏ် ဝတ္ထုဖြစ်ပြီး မြဝတီမဂ္ဂဇင်း၌ ၁၉၆၅ ခုနှစ် အောက်တို ဘာလတွင်    ဖော်ပြခံခဲ့ရသည်။   ပန်းချီ သရုပ်ဖော်မှာ    နာမည်ကျော်    ပန်းချီ ဆရာကြီး မောင်စိန်ဖြစ်သည်။  ယင်းဝတ္ထု ကို ငယ်စဉ်က  ဖခင်ဖြစ်သူဖတ်ပြသော ဘီလုံးငှက်မ ပါဝင်သည့် ဇာတ်နိပါတ်ကို မှတ်သားနာယူခဲ့ခြင်းကြောင့် ရေးသား ရန်  စိတ်ကူးရခဲ့ကြောင်း  ဆရာကြီးက ဆိုသည်။   ယင်းဝတ္ထုကို    စာပေနယ်မှ နာမည်ကျော်  စာရေးဆရာကြီးများနှင့် အယ်ဒီတာများဖြစ်သော    မြဝတီနှင့် ငွေတာရီမှ    ဆရာလေးမြိုင်၊    ဆရာ မင်းယုဝေ၊ ဆရာသမိန်သောင်း၊ ဆရာ ဦးဌေးမောင်၊ ဆရာမြဝတီရဲခေါင်တို့က အထူးပင် နှစ်သက်ကြပြီး တောတွင်း တိရစ္ဆာန်အကြောင်း ရေးသားနေသည့် နာမည်ရစာရေးဆရာကြီးနှင့်ကပ်လျက် ဖော်ပြပေးခဲ့ကြ သည်။ 

 


အဆိုပါဝတ္ထုတွင်  ဆင်ဆိုး  မိုးလုံး သည် အစ်မဖြစ်သူ ဆင်မလေးမိညိုနှင့် သာလိကာကလေး   ရွှေသွေးတို့အပေါ် အချစ်ပိုနေသော သခင်ဖြစ်သူကို မနာလို စိတ်ဖြင့်    နင်းသတ်ခဲ့ပြီး   တောထဲသို့ ထွက်ပြေးသွားခဲ့ပုံ၊ တောထဲတွင် စိတ် ထင်ရာကို လုပ်နိုင်ပြီး လုပ်ငန်းခွင်လည်း ပင်ပင်ပန်းပန်း ဝင်စရာမလိုသဖြင့် ပျော်ရွှင် နေမိပုံ၊ သို့ရာတွင် မိမိထက်ခွန်အားကြီး သော ဆင်ရိုင်းများ၏ အန္တရာယ်ကြောင့် မိမိရွာပတ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိ လာခဲ့ရပုံနှင့်     အခဲမကျေဖြစ်နေသော ရွှေသွေးက   မိုးလုံး၏  မျက်လုံးတစ်ဖက် ကို    ထိုးဖောက်လိုက်ရာမှ    ပိုးဝင်ကာ နောက်ဆုံးတွင် သခင်ဖြစ်သူ သေဆုံးခဲ့ သည့်နေရာသို့ ပြန်လည်ရောက်ရှိလာပြီး အသက်ထွက်သွားရပုံအကြောင်း   ပီပီ ပြင်ပြင် ရေးဖွဲ့ထားပါသည်။

 


၁၉၇၀  ပြည့်နှစ်တွင်  စာပေဗိမာန် အစီအစဉ်ဖြင့်     မြန်မာ့စီးပွားရေး၏ အသက်သွေးကြောတစ်ခုဖြစ်သည့် သစ် လုပ်ငန်းအတွက်   မရှိလျှင်မဖြစ်သည့် ဆင်များအကြောင်းကို    ရေးသားရန် ဆရာကြီးအား စာပေဗိမာန်မှ ထိုစဉ်က စာတည်းမှူးချုပ်       ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး )က ဆက်သွယ်၍ ခေါ်ယူတွေ့ဆုံကာ တာဝန်ပေးခဲ့သည်။ စာတည်း     ဦးမျိုးသန့်(မောင်ဆုရှင်)၊ ဦးခင်မောင်စိုး( ဘာသာပြန် စာရေးဆရာ မောင်ပေါ်ထွန်း)၊ ဆရာတိုက်စိုး စသော တာဝန်ရှိသူများနှင့်   တွေ့ဆုံခဲ့သည်။   ထို့ကြောင့်  ဆင်များ၏ စရိုက်သဘာဝကို လေ့လာရန်     ဆရာကြီးဖိုးကျော့သည် မိုးမိတ်ခရိုင် မဘိန်းနယ် ရွှေလီမြစ်ကမ်း သို့  သွားရောက်ခဲ့သည်။   သစ်ထုတ်လုပ် ရေးမှ  အရာထမ်း  အမှုထမ်းများ၊  ဆင် အလုပ်သမားများနှင့် တွေ့ဆုံမေးမြန်းခဲ့ သည်။  ဆင်ကျုံးများ၊  ဆင်ရိုင်းများကို ဖမ်းဆီးခြင်း၊   အိမ်မွေးခြံပေါက်ဆင်များ ကို ပြုစုစောင့်ရှောက်ခြင်း၊ သစ်လုပ်ငန်း တွင်    အသုံးချခြင်း၊    ဆင်ဖမ်းနည်း အမျိုးမျိုး၊ ဆင်ဆိုး၏   စရိုက်လက္ခဏာ၊ ဆင်ရိုင်းမှ ဆင်ယဉ်ဖြစ်အောင် လေ့ကျင့် သင်ကြားပေးပုံ၊       ဆင်ကျန်းမာရေး၊ ရေဆင်၊ ဆင်သင်္ချိုင်း စသည်ဖြင့် ဆင် လုပ်သားဘဝကို ရှစ်လနီးပါး ကွင်းဆင်း လေ့လာ၍ “ဆင်လုပ်သား”စာအုပ်ကို ရေးသားခဲ့သည်။ 

 


၁၉၇၁ ခုနှစ်တွင် မြေဆီမည်းမည်း သွေးရဲရဲ ဝတ္ထုရှည်ကို ထုတ်ဝေခဲ့သည်။ 
၁၉၇၂ ခုနှစ်တွင် အမျိုးသားစာပေ (ဝတ္ထုတိုပေါင်းချုပ်)ဆုကို “အောင်ပွဲသို့ ချီရာဝယ်”ဖြင့် ရရှိခဲ့သည်။ 
၁၉၇၃ ခုနှစ်တွင် စာပေဗိမာန်က ဆင်လုပ်သား စာအုပ်ကိုထုတ်ဝေခဲ့သည်။
၁၉၉၀ ပြည့်နှစ်တွင် စာပေဗိမာန် (ဝတ္ထုရှည်) ဒုတိယဆုကို “အင်တွဲပွဲလျက် အရှာထွက်”ဖြင့် ရရှိခဲ့သည်။
၁၉၉၁   ခုနှစ်တွင်   စာပေဗိမာန် (ဝတ္ထုရှည်)ဒုတိယဆုကို   “သေရွာပြန် တို့၏ အဏ္ဏဝါခရီး”ဖြင့် ရရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် စာပေဗိမာန် (ဝတ္ထု ရှည်)ဒုတိယဆုကို  “မြန်မာ့မုဆိုး”ဖြင့် ရရှိခဲ့သည်။
၁၉၉၆ ခုနှစ်တွင် စာပေဗိမာန် (ဝတ္ထု တိုပေါင်းချုပ်)ဒုတိယဆုကို “ကမ္မဇိဒ္ဓိနှင့် အခြားဝတ္ထုတိုများ”ဖြင့် ရရှိခဲ့သည်။ 
၁၉၉၉ ခုနှစ်တွင် စာပေဗိမာန် (ဝတ္ထု ရှည်)တတိယဆုကို “ရာဇဌာနီ”ဖြင့် ရရှိခဲ့ သည်။

 


အမျိုးသားစာပေဆုရ   အောင်ပွဲသို့ ချီရာဝယ်   စာအုပ်တွင်  တောနက်ထဲရှိ ဆင်ရိုင်းများကိုဖမ်းကာ ယဉ်ပါးအောင် လေ့ကျင့်ပေးရသည့်လုပ်ငန်းမှာ  ခက်ခဲ ပင်ပန်း၍    အသက်အန္တရာယ်များပုံ၊ ယဉ်ပါးလာသော ဆင်များကို လုပ်ငန်း ခွင်သို့ဝင်နိုင်ရန် ဆင်ဘာသာစကားဖြင့် လေ့ကျင့်ပေးရပုံ၊ မိမိထိန်းကျောင်းပေး  ရသည့် ဆင်၏အရိပ်အကဲကို အမြဲ အကဲ ခတ်နေရပြီး   မိမိ၏    သားသမီးကဲ့သို့ စောင့်ရှောက်ကြရပုံ၊ တောနက်ထဲတွင် လပေါင်းများစွာ နေထိုင်ပြီးမှ ဆင်ရိုင်း များကို     ဖမ်းဆီးရသည့်အလုပ်သည် ဆင်လုပ်သားများအတွက်   သက်စွန့် ဆံဖျားလုပ်ရသော    အလုပ်ဖြစ်ပြီး  ဆင်ရိုင်းများ ယဉ်ပါးလာကာ လုပ်ငန်း ခွင်ဝင်ရတော့မှသာ    ဆင်လုပ်သားတို့ အတွက် အကြီးမားဆုံးသော အောင်ပွဲ ကြီးတစ်ရပ်ဖြစ်ကြောင်း ရေးသားထား ပါသည်။        

 

ဆက်လက်ဖော်ပြပါမည်