
နေပြည်တော် မတ် ၂၂
ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပပြုလုပ် ရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်နှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပါမောက္ခချုပ် များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ရေကိုအလေအလွင့်မရှိ စနစ်တကျ အကျိုးရှိအောင် အသုံးပြုရမည်
ဦးစွာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရေသယံဇာတသည် သက်ရှိ အားလုံးအတွက် အခြေခံအကျဆုံး သဘာဝအရင်း အမြစ်ဖြစ်ပြီး လူသားများအတွက် စားရေရိက္ခာ၊ သောက်သုံးရေနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုလျက်ရှိပါကြောင်း၊ ရေကိုအလေအလွင့်မရှိ စနစ်တကျ အကျိုးရှိအောင် အသုံးပြုရမည်ဖြစ်ပြီး လူတိုင်းလက်လှမ်းမီရရှိသုံးစွဲ နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်လာခြင်း၊ မြို့ပြများနှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရေလိုအပ်မှုသည် တိုးတက်လျက်ရှိပါ ကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲ လာမှုနှင့် လူသားများ၏ ပယောဂများကြောင့် ရေသယံဇာတနှင့်ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များ လျော့နည်း လာနေပါကြောင်း၊ ရေအရင်းအမြစ် လျော့နည်းလာမှု ကို ဖြေရှင်းကြရန်အတွက် ကမ္ဘာ့နိုင်ငံများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြရသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။
ရေသယံဇာတနှင့်ပတ်သက်ပြီး အားလုံးအလေးထားဂရုပြု
ထို့ကြောင့် ရေသယံဇာတနှင့်ပတ်သက်ပြီး အားလုံးအလေးထားဂရုပြုနိုင်ကြစေရန် နှစ်အလိုက် အထူးပြု အကြောင်းအရာဆောင်ပုဒ်များ “Theme” များ သတ်မှတ်ပြီး ကမ္ဘာ့ရေနေ့အခမ်းအနားများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ အတွက် အထူးပြုအကြောင်းအရာ “Theme” မှာ ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရေးကို ရည်မှန်းချက်ထားသည့် “အရှိန်အဟုန်မြှင့် ရှေ့သို့ ကြိုးပမ်းပြောင်းလဲဆောင်ရွက်ခြင်း ” “ Accelerating Change ” ပင် ဖြစ်ပါကြောင်း။
“ရေအသက်တစ်မနက်” ဆိုသည့် စကားနှင့်အညီ ရေသည်လူများ၏ အသက်တမျှ အဓိကကျပါကြောင်း၊ ရေလုံလောက်စွာမရရှိပါက လူသားများ၏ စားဝတ် နေရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှအစ ဘက်ပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးစေမည် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံအသီးသီးအနေဖြင့် မိမိတို့၏ ပြည်သူပြည်သားများ အန္တရာယ်ကင်းသည့် ရေကောင်းရေသန့် လုံလုံလောက်လောက်ရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြရပါကြောင်း၊ ရောဂါ ဖြစ်စေသည့် ပစ္စည်းများကင်းစင်ပြီး အန္တရာယ်ရှိ သည့် ဓာတုပစ္စည်းများလုံးဝမပါဘဲ အရောင်အဆင်း အနံ့အရသာကင်းသည့် ရေမဟုတ်ပါက ညစ်ညမ်းသည့် ရေ၊ သုံးစွဲရန်မသင့်သည့်ရေဟု သတ်မှတ်ရမည်ဖြစ်ပါ ကြောင်း၊ ရေညစ်ညမ်းမှုသည် သဘာဝကြောင့် ဖြစ်နိုင်သကဲ့သို့ လူများ၏ ပယောဂများကြောင့်လည်း ဖြစ်နိုင်ခြင်းကြောင့် သန့်ရှင်းသည့် ရေအရင်းအမြစ် ဖြစ်အောင် ထိန်းသိမ်းကြရန်နှင့် ညစ်ညမ်းသည့်ရေ မဖြစ်အောင် သတိပြုကြရန် အရေးကြီးပါကြောင်း။
ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းသည် ရေများဖုံးလွှမ်းလျက်ရှိသော်လည်း အဆိုပါရေပမာဏ ၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် ပင်လယ်၊ သမုဒ္ဒရာများဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရေချို၊ ပြန်လည်ပြည့်ဖြိုးမြဲ ရေဖြစ်ပြီး ထိုအထဲတွင် ဝင်ရိုးစွန်းများတွင်ရှိသည့် ရေခဲတောင်၊ ရေခဲပြင်များသည် ၆၈ ရာခိုင်နှုန်းနှင့် မြေအောက်ရေ ၃၀ ရာခိုင်နှုန်းခန့်ရှိနေသည်ကို လေ့လာ သိရှိရပါကြောင်း၊ ထို့ကြောင့် မြေပြင်ပေါ်တွင်ရှိသည့် ရေအားလုံး၏ သုည ဒသမ ၅ ရာခိုင်နှုန်းလောက် သာ ရေချိုဖြစ်သည်ကို လေ့လာသိရှိရပါကြောင်း။
မိမိတို့နိုင်ငံတွင် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များစသည့် ပုံစံအမျိုးမျိုးဖြင့် ရေချို အရင်းအမြစ်များ များပြားခြင်းကြောင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည့်အတွက် ရေချိုပေါများသော နိုင်ငံဟုဆိုရ မည်ဖြစ်ပါကြောင်း၊ အချို့နိုင်ငံများတွင် ရေချိုမလုံလောက်သဖြင့် ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲရခြင်းမျိုး၊ စွန့်ပစ် ရေဆိုးကို ပြန်လည်ပြုပြင်သုံးစွဲနေရခြင်းမျိုးများရှိနေသည်ကိုလည်း အားလုံးအသိဖြစ်ပါကြောင်း။
သောက်သုံးရေအခက်အခဲများရှိနေ
မိမိတို့နိုင်ငံတွင် သဘာဝရေအရင်းအမြစ်ကြွယ်ဝ သည်ဆိုသော်လည်း အချို့နေရာဒေသများတွင် သောက်သုံးရေအခက်အခဲမလုံလောက်သည့် ပြဿနာ များ ရှိနေပါကြောင်း၊ အထူးသဖြင့် အပူပိုင်းအညာ ဒေသ၊ မိုးခေါင်ရေရှားဒေသတချို့တွင် နွေရာသီကာလ ၌ သောက်သုံးရေအခက်အခဲများ ရှိနေပါကြောင်း၊ ထို့ပြင် အဆိုပါကျေးလက်ဒေသများ၏ အဓိကစီးပွား ရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင်လည်း ရေအခက်အခဲကြောင့် လူမှု စီးပွားဘဝအဆင်မပြေမှုများရှိနေပါကြောင်း။
မိမိတို့ မြန်မာများ၏ ဆိုရိုးစကား၌ “ရေကုသိုလ်” ဆိုပြီး တန်ဖိုးထားပြောဆိုကြသကဲ့သို့ လူသားများ အတွက် ရေသည် မရှိမဖြစ် အရေးကြီးကြောင်းကို “ရွှေကိုမလို၊ ရေကိုသာလိုသည်” ဆိုသည့် စကား အတိုင်း ရေကို ရွှေကဲ့သို့ တန်ဖိုးထားကြရန်လည်း အသိပေးမှာကြားလိုပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် “တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွား မည်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ပြည်သူလူထု အတွက် ရေရရှိရေးနှင့် ရေအရင်းအမြစ် ထိန်းသိမ်း ရေးများကို ဦးစားပေးဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရေရှားပါးသည့် ဒေသ များတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်၍ ထိန်းသိမ်းပေး ခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အချို့သောမိုးများ သည့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် မိုးရာသီ သာ ရေချိုပေါများပြီး နွေရာသီတွင် ရေချိုရှားပါးမှု အခက်အခဲများရှိပါကြောင်း၊ အဆိုပါဒေသများတွင် ရေကို စနစ်တကျသုံးစွဲခြင်း၊ မိုးရေကို ရနိုင်သမျှ သိုလှောင်ခြင်း၊ မြေအောက်ရေကို နည်းလမ်းတကျ တူးယူသုံးစွဲခြင်းများနှင့် ဖြေရှင်းကြရမည်ဖြစ်ပါ ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးအတွက် ရေကိုရယူသုံးစွဲရာတွင် ဆည်မြောင်းစနစ်များမှ ရယူ ခြင်း၊ မြေအောက်ရေကို ထုတ်ယူခြင်းများတွင် လိုအပ် သလောက်ကိုသာ ရယူသုံးစွဲကြရန် ရေကို ထိထိ ရောက်ရောက်နှင့် အဟောသိကံမဖြစ်အောင် ချွေတာ သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ သက်ရှိသတ္တဝါများ အတွက် ရေလုံလောက်စွာရရှိရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဦးစားပေး ဆောင်ရွက်သွားရ မည် ဖြစ်ပါကြောင်း။
ရေအရင်းအမြစ်သည် လူသားများကို သောက်သုံး ရေနှင့် စိုက်ပျိုးမွေးမြူရေးအတွက်သာမက အရေးကြီးသည့် ကဏ္ဍဖြစ်သော သယ်ယူပို့ဆောင်ရေး အတွက်သည်လည်း အရေးပါကြောင်း၊ ရေကြောင်း ခရီးဖြင့် သွားလာခြင်း၊ ပို့ဆောင်ခြင်းများတွင် လွယ်ကူ မြန်ဆန်ထိရောက်ခြင်းကြောင့် မြစ်ချောင်းများ မတိမ် ကောရေး ဂရုပြုထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း။
ရေရှားပါးမှုဖြစ်ရခြင်းသည် ရာသီဥတုပြောင်းလဲ မှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ စိမ်းလန်းစိုပြည်မှု မရှိခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးခြင်းစသည့် သဘာဝဝန်းကျင် ပျက်စီးယိုယွင်းမှုများနှင့် ဆက်စပ် နေပြီး အပြန်အလှန်သက်ရောက်မှုကိုလည်း ဖြစ်စေ ပါကြောင်း၊ နေ့စဉ်စားဝတ်နေရေးအတွက် သစ်ပင် သစ်တောများကို ခုတ်ယူသုံးစွဲမှုများကြောင့် သစ်တော များ ကွယ်ပျောက်ပြီး ရာသီဥတုဆိုးရွားခြင်း၊ မိုးခေါင် ခြင်း၊ ရေရှားခြင်းများဖြစ်လာပါကြောင်း၊ ရာသီဥတု ကို သဘာဝက ဖန်တီးခြင်းဖြစ်သောကြောင့် သဘာဝ ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်သစ်တောများ ထူထောင်ရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ရေဝေရေလဲဒေသများ နှင့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်သွားကြ မည်ဆိုပါက ရေရှားပါးမှုအခက်အခဲများ သက်သာ စေပြီး ရာသီဥတုနှင့် ကျန်းမာရေးကိုပါ အထောက်အကူ ဖြစ်စေသည်ကို သတိထားပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန် မှာကြားလိုပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာ များကို ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟို ကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၊ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီတို့ကို စနစ်တကျဖွဲ့စည်းပြီး ရေနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှု များကို တစ်စတစ်စ ပိုမိုခံစားလာရခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးသက်သာစေရန် မိမိတို့အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရာသီဥတုဆိုင်ရာ မူဝါဒများနှင့် ရေနှင့်ဆက်နွှယ်သည့် မူဝါဒများချမှတ်ရာတွင် ရေနှင့် ပတ်သက်ပြီး အလေးထားစဉ်းစားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ရေသယံဇာတသည် ရာသီဥတု ပြောင်းလဲမှုကို ခုခံရန်အတွက် လက်နက်ကောင်း တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေရှည်တည်တံ့ပြီး ကုန်ကျစရိတ် သက်သာသည့် ရေပေးဝေမှုနှင့် သန့်ရှင်းမှုဆိုင်ရာ နည်းလမ်းများကို ရှာဖွေအသုံးပြုကြရမည်ဖြစ်ပါကြောင်း။
ရေအသုံးပြုသူများအကြား ရေရှည်တည်တံ့သည့် ရေအသုံးချမှုနှင့် ပတ်သက်သော အသိပညာ၊ ဗဟု သုတ၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေး တိုင်ပင်မှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူ များအနေဖြင့်လည်း ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲ ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်များ စိုက်ပျိုးမှုတွင်ပါဝင်ဆောင်ရွက်ရန်၊ ရေအရင်းအမြစ် များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှောင်ရှားကြရန် မေတ္တာရပ်ခံလိုပါကြောင်း။
ယခုနှစ် ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်ပုဒ် အတိုင်း ရေလိုအပ်ချက်များကို အရှိန်အဟုန်ဖြင့် ဖြည့်တင်းနိုင်ရေးအတွက် ရေကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်ကဦးဆောင်ပြီး ရေနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိရာတွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဆွေနိုင်ငံများ၊ အစိုးရမဟုတ်သည့် ပြည်တွင်းပြည်ပအဖွဲ့အစည်း များအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်အလေးထား ဆောင်ရွက်ပေးကြရန်၊ ဒေသအားလုံးရှိ သက်ရှိ သတ္တဝါများအားလုံး ရေလုံလောက်မှုရှိစေရေး အမျိုးသားရေးကိစ္စအဖြစ် ဆောင်ရွက်ပေးကြရန်၊ ရေဆိုင်ရာလုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ရည်မှန်းချက်များ (Sustainable Development Goals) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက် ပေးကြရန်၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် “ရှေ့သို့လှမ်းချီပန်းတိုင်ဆီ ” ဆိုသည့် အတိုင်း ကဏ္ဍစုံတွင် မိမိတို့လိုချင်သည့် ပန်းတိုင် များသို့ရောက်အောင် တက်ညီလက်ညီ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အမျိုးသားအဆင့်ရေအရင်းမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမ္ဘာ့ရေနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဗီဒီယိုကိုကြည့်ရှုကြပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက် ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်း အမှတ်ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို နိုင်ငံတော်၏ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၏ ရေကဏ္ဍနှင့်သက်ဆိုင်သည့် ဆောင်ရွက်ချက် များ၊ ရေဆိုင်ရာအခက်အခဲပြဿနာများ၊ ဖြေရှင်းရန် နည်းလမ်းများကို အများသိရှိသတိပြုစေရန်၊ ရေနှင့် ဆက်နွှယ်သက်ဆိုင်သူများအား အသိပညာပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လှုံ့ဆော်ရန်၊ ရေနှင့် ဆက်နွှယ်သည့် နိုင်ငံတကာလှုပ်ရှားဆောင်ရွက် မှုများတွင် မြန်မာနိုင်ငံ၏ အလေးထားပါဝင် ဆောင်ရွက်မှုကို ပေါ်လွင်စေရန် စသည့် ဦးတည်ချက် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်