
ပါရီ စက်တင်ဘာ ၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ပြင်သစ်နိုင်ငံနှင့် ရေငုပ်သင်္ဘောကိစ္စ ဆွေးနွေးတိုင်ပင်ရန် သဘောတူ ပြီးနောက် ပြင်သစ်သမ္မတ အီမန် နျူရယ်မက်ခရွန်သည် ၎င်း၏သံအမတ်ကြီးကို အမေရိကန်ပြည်ထောင်စု သို့ လာမည့်သီတင်းပတ်တွင် ပြန်လည်စေလွှတ်မည်ဖြစ်သည်။
သြစတြေးလျကို အကျိုးသက်ရောက်မှု ဖြစ်စေ ပြီး ပြင်သစ်နှင့် သဘောတူညီထားသည့် အဓိက ရေငုပ်သင်္ဘောသဘောတူညီမှုကို ပျက်ပြားစေမည့် လုံခြုံရေး သဘောတူညီမှုမူဘောင်သစ်ကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် လွန်ခဲ့သောသီတင်းပတ်က ပြင်သစ်က ၎င်း၏ သံအမတ်များကို အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့မှ ပြန်လည်ဆင့်ခေါ် ခဲ့သည်။
အမေရိကန်ဘက်က တောင်းဆိုမှုကြောင့် စက်တင်ဘာ ၂၂ ရက်တွင် မက်ခရွန်နှင့် ဘိုင်ဒင် တို့သည် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပြီးနောက် ထုတ်ပြန်လိုက်သော ပူးတွဲ ကြေညာချက်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ပြင်သစ်နှင့် ဥရောပ မိတ်ဖက်များကြား မဟာဗျူဟာ ဆိုင်ရာ အကျိုးစီးပွားကိစ္စနှင့် ပတ်သက်ပြီး မဟာမိတ် နိုင်ငံများကြား ပွင့်လင်းစွာဆွေးနွေးတိုင်ပင်ခြင်းမှ အကျိုးကျေးဇူးရရှိရန် သဘောတူခဲ့ကြသည်။
အဆိုပါကြေညာချက်တွင် ဘိုင်ဒင်က ဤအရေး နှင့် ပတ်သက်ပြီး မိမိ၏ဆက်လက်လုပ်ဆောင်သွား မည့် ကတိကဝတ်ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ယုံကြည်မှုရရှိစေရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အများသဘောတူရည်ရွယ်ချက်ကို ရှေးရှုပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော ဆောင်ရွက် ချက်များကို အဆိုပြုသွားမည်ဖြစ်သည်။
၎င်းတို့သည် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန် အောက်တိုဘာ လကုန်တွင် ဥရောပ၌ တွေ့ဆုံကြမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ