အများပြည်သူပိုင်လုပ်ငန်းအစုအဖွဲ့အနေဖြင့် နိုင်ငံတော်သို့ ငွေကျပ် သိန်း ၄၀၀၀ ကျော် အခွန်ဆောင်ထားပြီးဖြစ်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၆
အများပြည်သူပိုင် လုပ်ငန်းအစုအဖွဲ့အဖြစ် လုပ်ကိုင်ရင်း ၂၅ နှစ်တာ ကာလအတွင်း နိုင်ငံတော်သို့ အခွန်ငွေကျပ်သိန်း ၄၀၀၀ ကျော် ပေးသွင်း ထားပြီးဖြစ်ကြောင်း ယမန်နေ့က  ရန်ကုန်မြို့   သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၌ ပြုလုပ်သော (၂၅) ကြိမ်မြောက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ အုပ်စုလီမိတက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် သဘာပတိ ဦးရွှေကြိုင်(ဝါဝါဝင်းကုမ္ပဏီဥက္ကဋ္ဌ)က ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ပြီး ဘဏ်များတွင်လည်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ရှယ်ယာရှင် များထပ်မံခေါ်ယူပြီး ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာပါက နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အရေးကြီးစီမံကိန်းများတွင် ဝင်ရောက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါအစည်းအဝေးတွင် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေး နှစ်ချုပ်နှင့် စာရင်းစစ်အစီရင်ခံစာ   ဖတ်ကြားခြင်း၊   အတည်ပြုခြင်း၊ စာရင်းစစ်အဖွဲ့အား  ဆက်လက်ခန့်ထားခြင်း၊   ဒါရိုက်တာအဖွဲ့သစ် ရွေးချယ်ဖွဲ့စည်းအတည်ပြုခြင်း၊  အစုရှယ်ယာရှင်များက   မေးမြန်း ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စု    လီမိတက်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ စက်မှုလုပ်ငန်းရှင်၊ ကုန်သည်၊ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူ စသည့်လူတန်းစားအလွှာ အသီးသီးမှ အစုရှယ်ယာရှင်များအဖြစ် ပါဝင်နေကြကြောင်း၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ အစိုးရပိုင်စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးအစီအစဉ်အရ အင်းစိန်ရွာမ သံမဏိစက်ရုံကို ပုဂ္ဂလိကသို့စတင်လွှဲပြောင်းခဲ့ရာမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုပါဝင်သော ရှယ်ယာရှင်များဖြင့် ပုဂ္ဂလိကအစုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ် မေလတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ရွာမသံမဏိစက်ရုံကို ပြန်လည်လွှဲပြောင်းခဲ့ရသဖြင့် ဖွဲ့စည်းထားပြီးဖြစ်သောအစုအဖွဲ့ ပျက်ပြား မသွားစေရန် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အများ ပြည်သူတို့အား   ရှယ်ယာများဖိတ်ခေါ်၍  လုပ်ငန်းများ   ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။                             အာကာလင်း