အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တာဝန်များအကြောင်း သိကောင်းစရာများ

Type

 

အားမာန် (အလရ)

နိုင်ငံသားတိုင်းသည် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို မဖြစ်မနေ သိရှိရမည်ဖြစ်သလို အလုပ်သမားများကို စီမံခန့်ခွဲ သူများနှင့် ကာယ၊ ဉာဏ လုပ်သားကြီးများကလည်း မိမိတို့၏ ရပိုင်ခွင့်နှင့် တာဝန်များကို သမားရိုးကျသဘောမထားဘဲ အလေးထားပြီး အလုပ်သမားရေးရာ ဥပဒေများရှိ ရပိုင်ခွင့်နှင့် တာဝန်များဆိုင်ရာကိစ္စကို မည်သို့သတ်မှတ်ထားကြောင်း  လေ့လာသိရှိရန် လိုအပ်ပါသည်။ စာရေးသူအနေဖြင့် အရိုးသားဆုံးပြောရလျှင်  နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်ရာတွင်လည်း မိမိတို့ဦးစီးဌာန စည်းကြပ်ဥပဒေများပါ အလုပ် သမားများ၏ ရပိုင်ခွင့်များနှင့် တာဝန်များကိုသာ သိရှိသော်လည်း မူလအစ အလုပ်သမားများ၏ ရပိုင်ခွင့်က ဘာကိုဆိုလိုသလဲ၊ တာဝန်များကဘာလဲ၊ လုပ်သားကြီးများ၏ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါခဲ့သလဲ စသည်ဖြင့် ယေဘုယျသဘော သိရုံသာရှိခဲ့ပါသည်။ ထို့အတွက်ကြောင့် စာရေးသူလေ့လာမိခဲ့သမျှတို့မှ ကောက်နုတ်၍ စာဖတ်သူများသိရှိနိုင်ရန်အတွက် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ 
 

မြန်မာနိုင်ငံ    အလုပ်သမားလူတန်းစားသည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊      ဆိုရှယ်လစ်ရေးတို့အတွက် လုပ်သားပြည်သူတို့၏ လှုပ်ရှားကြိုးပမ်းမှုသမိုင်းစဉ် တစ်လျှောက်လုံးတွင် တက်ကြွစွာပါဝင်ခဲ့ကြသည် ကို  လေ့လာသိရှိခဲ့ရပါသည်။   ယင်းကာလအတွင်း အလုပ်သမားလူတန်းစား၏      ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပြီး     နယ်ချဲ့အရင်းရှင်စနစ် ဆန့်ကျင်တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့်လွှတ်သော သူရသတ္တိများကို ပြသခဲ့ကြရာတွင်  အောင်မြင်မှုများ ရှိခဲ့၍ ဆုံးရှုံးမှုများလည်းရှိခဲ့သည်။
အလုပ်သမားဟုဆိုရာတွင်
အလုပ်သမားဟုဆိုရာတွင်  မိမိ၏ ကာယအား၊ ဉာဏအားကို မှီခိုလျက်ရှိ၍  ရရှိသောလုပ်ခဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေရသူ     လုပ်သား ပြည်သူအားလုံးပင်ဖြစ်ပေသည်။ ငွေရင်းအင်အား ကို မှီခို၍လုပ်ကိုင်ပြီး   နေထိုင်စားသောက်သူများ နှင့် ကွဲပြားခြားနားပါသည်။  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏  လက်ရှိအခြေအနေတွင်   ဤသို့သော သူများသည် ကျေးလက်တောရွာများတွင် လယ်ယာ အလုပ်သမားများဖြစ်၍ မြို့များတွင် စက်ရုံ၊ အလုပ် ရုံ၊ ဆိုင်၊ အလုပ်ဌာနအလုပ်သမားများ၊   သယ်ယူ ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးအလုပ်သမားများ၊ အစိုးရရုံးနှင့် လုပ်ငန်းဌာနအသီးသီးမှ ရုံးလုပ်သား များ၊ ဉာဏအလုပ်သမားများ စသည်တို့သည် အဓိက ဖြစ်ပါသည်။ ကျေးလက်တောရွာများတွင်ရှိသော လယ်ယာအလုပ်သမားများအတွက်   နိုင်ငံတော် အစိုးရ၏ သီးသန့်လုပ်ငန်းတာဝန်များ ပြဋ္ဌာန်းချက် များနှင့်အညီ လုပ်ကိုင်လျက်ရှိပါသည်။ သို့ဖြစ်၍ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာန  အလုပ်သမား များ၊ သယ်ယူပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး အလုပ်သမားများ၊          လုပ်ငန်းဌာနအသီးသီးမှ ရုံးလုပ်သားများ၊ ဉာဏအလုပ်သမား စသည်တို့၏ ရပိုင်ခွင့်နှင့်တာဝန်များကို ပြောခြင်းဖြစ်ပါသည်။ အလုပ်သမားများအတွက် ရပိုင်ခွင့်နှင့်  တာဝန်များ ကို ကွဲကွဲပြားပြား မသိရှိခြင်းကြောင့်လည်း အလုပ် သမားရေးရာပြဿနာများ ဖြစ်ပေါ်လာနိုင်ပါသည်။
အလုပ်သမားရေးရာပြဿနာများ
ဤနေရာတွင်      အလုပ်သမားရေးရာပြဿနာများ မည်သည့်အချိန်က  စတင်ပေါ်ပေါက်လာသည်ကို အနည်းငယ်တင်ပြချင်ပါသည်။ အလုပ်သမားရေးရာ ပြဿနာများသည် ကမ္ဘာပေါ်တွင်   အလုပ်သမား ရေးရာဥပဒေများ မပေါ်ပေါက်မီကပင် ရှိခဲ့ပေသည်။ ငွေကြေးဖြင့်ဖြစ်စေ၊  ပစ္စည်းဖြင့်ဖြစ်စေ လုပ်ခယူ လျက် အလုပ်လုပ်သော အလုပ်သမားဟူ၍ ကမ္ဘာ ပေါ်တွင် ပေါ်ထွန်းလာကတည်းကပင် အလုပ်သမား ရေးရာ ပြဿနာများရှိခဲ့သည်။ မြေရှင် အရင်းရှင်များ ကြီးစိုးလွှမ်းမိုးသောခေတ်တွင် အလုပ်သမားရေးရာ ပြဿနာ အကြောင်းအရင်းခံသော အမှုများ တရား ရုံးသို့ ရောက်လာပါက တရားရုံးသည် အလုပ်သမား ကို ဖိနှိပ်သော ဆုံးဖြတ်ချက်များကိုသာ ချမှတ်လေ့ ရှိခဲ့သဖြင့်   အလုပ်သမား၏  အကျိုးစီးပွားသည် အကာအကွယ်မဲ့ဖြစ်ခဲ့ရသည်။ ၁၈ ရာစုခေတ်တွင် စက်မှုတော်လှန်ရေး  (Industrial   Revolution) ပေါ်ပေါက်သောအခါ အလုပ်သမားရေးရာပြဿနာ များသည်    ပိုမိုကျယ်ပြန့်လာပြီး    တစ်ဖက်တွင်  စက်ကိရိယာများကို တီထွင်အသုံးပြု၍   အလုပ် သမားအများဆုံးစေခိုင်းကာ ကုန်ပစ္စည်းအမြောက် အမြား ထုတ်လုပ်ရောင်းဝယ် ဖောက်ကားခြင်းဖြင့် စီးပွားရေးပြဿနာများ ကျယ်ပြန့်လာသလို၊ အခြား တစ်ဖက်တွင် ကလေးနှင့်မတန်သော   အလုပ်လုပ် ရခြင်း၊ အမျိုးသမီးနှင့်မတန်သော အလုပ်လုပ်ရခြင်း၊ အလုပ်ချိန်များခြင်း၊ ကျန်းမာရေးအန္တရာယ်၊ ထိခိုက် မှုအန္တရာယ်များ ပေါ်ပေါက်လာခြင်းစသည့်   လူမှု ရေး ပြဿနာများလည်း   ကျယ်ပြန့်လာပါသည်။ ဤစီးပွားရေးနှင့် လူမှုရေးပြဿနာများသည် အလုပ် သမားရေးရာ ပြဿနာများပင် ဖြစ်ပေသည်။
အလုပ်သမားရေးရာဥပဒေများ
စက်မှုတော်လှန်ရေးနှင့်အတူ အရင်းရှင်စနစ် လည်း  အခိုင်အမာထွန်းကားလာပြီး   အရင်းရှင် လူတန်းစားဟူ၍  လည်းကောင်း၊      အလုပ်သမား လူတန်းစားဟူ၍ လည်းကောင်း   ကွဲကွဲပြားပြား ပေါ်ပေါက်လာခဲ့သကဲ့သို့ အလုပ်သမားရပိုင်ခွင့်များ အတွက် တိုက်ပွဲဝင်သော အလုပ်သမားအစည်းအရုံး များလည်း  ပေါ်ပေါက်လာပါသည်။   ထို့ကြောင့် အလုပ်သမားရေးရာပြဿနာများသည်  အုပ်ချုပ်သူ လူတန်းစားက  လုံးဝလျစ်လျူရှုထား၍ မရသော ပြဿနာများဖြစ်လာပြီး အလုပ်သမားရေးရာ ဥပဒေ များသည်  စတင်ပေါ်ထွက်လာခြင်း   ဖြစ်သည်ဟု သိရှိရသည်။ ကမ္ဘာပေါ်တွင်  ရှေးဦးပေါ်ထွက်လာ သော အလုပ်သမားရေးရာဥပဒေမှာ   ၁၈  ရာစု ခေတ်ဦးပိုင်းတွင်  အင်္ဂလန်နိုင်ငံ၌    ပြဋ္ဌာန်းသော အလုပ်ရုံ၊ အလုပ်သမားများဆိုင်ရာဥပဒေဖြစ်ပြီး နောင်တွင် အခြားသော အလုပ်သမားရေးရာဥပဒေ များ တဖြည်းဖြည်း ပေါ်ထွက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ်တွင် သမိုင်း၏ တောင်းဆို ချက်အရ တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာခဲ့ ပြီး  ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကို အခြေခံ သော ဝါဒသဘောထား   ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်ပါ အသွင် ကူးပြောင်းရေးကာလနှင့်   လျော်ညီသော   လူထု လူတန်းစားစည်းရုံးရေးလုပ်ငန်းများ   ဆောင်ရွက် ရေး သဘောထားနှင့်အညီ  အလုပ်သမားရေးရာကိစ္စ ရပ်များနှင့်  သက်ဆိုင်သည့်   သဘောထားတစ်ရပ်ကို တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းသဘောထားကို   အကောင် အထည်ဖော်ရေးအတွက် ၁၉၆၄ ခုနှစ်   ပြည်သူ့ အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့်    တာဝန် များ   ပြဋ္ဌာန်းသည့်ဥပဒေ ပေါက်ဖွားလာခဲ့ပေသည်။ 
မြန်မာနိုင်ငံအလုပ်သမားဥပဒေသမိုင်း
ယင်းဥပဒေသည်    မြန်မာနိုင်ငံအလုပ်သမား ဥပဒေသမိုင်းတွင် ပထမဆုံးသော  အလုပ်သမားများ ၏အကျိုးကို အကာအကွယ်ပြုသည့် မူဝါဒရေးရာ ဥပဒေကြီးဖြစ်ခဲ့ပြီး အလုပ်သမားရပိုင်ခွင့် ၁၄  မျိုး ဖြစ်သည့် အလုပ်လုပ်ပိုင်ခွင့်၊ လုပ်ခွင်တည်မြဲပိုင်ခွင့်၊ အားလပ်ချိန်ရပိုင်ခွင့်၊ ပညာသင်ပိုင်ခွင့်၊ မီးဖွားသည့် အခါရပိုင်ခွင့်၊  နာမကျန်းဖြစ်သည့်အခါ  လုံခြုံမှု ရပိုင်ခွင့်၊ အလုပ်ခွင်တွင်    
ထိခိုက်ဒဏ်ရာရရှိမှုအတွက် လျော်ကြေးရပိုင်ခွင့်၊ အခြားအကြောင်းများကြောင့်    အလုပ်မလုပ်နိုင် သည့်အခါ လုံခြုံမှုရပိုင်ခွင့်၊ အိုမင်းမစွမ်းသည့်အခါ လုံခြုံမှုရပိုင်ခွင့်၊   လုပ်အား၊   အတတ်ပညာနှင့်   လျော်ညီစွာ  မျှတသော   လုပ်ခရပိုင်ခွင့်၊   နေထိုင် စားသောက်မှုအဆင့်အတန်း     မှန်မှန်တိုးတက် ရပိုင်ခွင့်၊ ယဉ်ကျေးမှုအဆင့်အတန်း မှန်မှန်တိုးတက် ရပိုင်ခွင့်၊ အမျိုးသား၊ အမျိုးသမီးတန်းတူရပိုင်ခွင့်၊ အလုပ်ခွင်သာယာရေးတို့နှင့်  တာဝန်  (၆) ရပ် ဖြစ် သည့် ဆိုရှယ်လစ်စည်းကမ်းထိန်းသိမ်းမှုတာဝန်၊ ပြည်သူပိုင်၊ သမဝါယမပိုင်နှင့် ပုဂ္ဂလိကပိုင်ကုန်ထုတ် အရင်းအနှီးနှင့်ကိရိယာများ၊  ပြည်သူပိုင်နှင့်   သမ ဝါယမပိုင်ကုန်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက် ရန် တာဝန်၊ ပြည်သူ့အလုပ်သမားတို့၏ ထုတ်လုပ် ရေးစွမ်းအားတိုးတက်ရေးနှင့်   ပတ်သက်သည့် တာဝန်၊ ပြည်သူ့အလုပ်သမားတို့၏ ရပိုင်ခွင့်များနှင့် ပတ်သက်သည့်တာဝန်၊ ပြည်သူ့အလုပ်သမားတို့၏ ညီညွတ်ရေးနှင့်ပတ်သက်သည့်တာဝန်၊ ဆိုရှယ်လစ် စီမံကိန်းနှင့်ပတ်သက်သည့် တာဝန်တို့ကို အထူးပြု ဖော်ပြရမည်ဟု ပြဋ္ဌာန်းခဲ့သလို အလုပ်သမားရပိုင် ခွင့်နှင့်တာဝန်များကို အခြေခံပါဝင်သော အလုပ် သမားဥပဒေ   ၂၁  ခုအား နည်းဥပဒေများအဖြစ် မှတ်ယူ၍ ပြဋ္ဌာန်းခဲ့ပါသည်။
အလုပ်သမားရေးရာ စိစစ်ရေးကော်မတီအဆင့်ဆင့်
အဆိုပါကာလအတွင်း တည်ရှိခဲ့သည့်   ဥပဒေ များကို   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူဝါဒ၊ နိုင်ငံရေး၊ လူမှုရေးစနစ်များနှင့်အညီ   စိစစ်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းနှင့် ပယ်ဖျက်ခြင်း တို့ကို အလုပ်သမားများ၏  အခွင့်အရေးများအား ကန့်သတ်ချက် တစ်စုံတစ်ရာမရှိဘဲ  အလုပ်သမား ရေးရာစိစစ်ရေးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း၍ ဆောင်ရွက်ကျင့်သုံးခဲ့ကြသည်။ ယနေ့အလုပ်သမား များ၏ ရပိုင်ခွင့်နှင့်တာဝန်များကို အကာအကွယ် ပေးသည့် ဥပဒေများကို  စီမံခန့်ခွဲနေသော   အဖွဲ့ အစည်းတစ်ရပ်မှာ အလုပ်သမားဝန်ကြီးဌာနဖြစ်ပြီး အလုပ်သမားရေးရာဥပဒေများက ခွင့်ပြုထားသည့် ရပိုင်ခွင့်များကို အလုပ်သမားများက   အပြည့်အဝ ခံစားနိုင်အောင် မူဝါဒများချမှတ်ခြင်း၊   အကောင် အထည်ဖော်ဆောင်ရွက်ပေးခြင်း၊   အလုပ်သမား ရေးရာဥပဒေများကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲ ခြင်းနှင့် သုံးသပ်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ 
အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်၊ တာဝန် များနှင့်စပ်လျဉ်း၍ လုပ်သားပြည်သူတိုင်း အလုပ် သမားဆိုင်ရာဥပဒေများကို လေ့လာမှတ်သားသင့် သောကြောင့် အလုပ်သမားဝန်ကြီးဌာန၏ စစ်ဆေး စည်းကြပ်စီမံခန့်ခွဲရသော ဥပဒေ၊ နည်းဥပဒေများကို ပူးတွဲပါဇယားအတိုင်း ဖော်ပြလိုက်ရပါသည်-
လက်ရှိအခြေအနေအရ အလုပ်သမားများ၏ ရပိုင်ခွင့်ကို ကာကွယ်ပေးသောဥပဒေများ  ရှိသင့် သလောက်ရှိပြီးဖြစ်သော်လည်း ပြည့်စုံလုံလောက် မှုရှိပြီလား၊ ထိုရှိပြီးဥပဒေများကို လက်တွေ့ကျင့်သုံး ရာ၌ အလုပ်သမားများက   အပြည့်အဝခံစားနေရ ပြီလားဆိုသည်ကို   အလုပ်သမားရပိုင်ခွင့်များကို တာဝန်ယူဆောင်ရွက်နေကြရသည့် လုပ်သားထုကြီး ၏ အကျိုးစီးပွားကို ဖြည့်စွမ်းနိုင်သော ဝန်ကြီးဌာန တစ်ခုအနေဖြင့် လေ့လာသုံးသပ်ပြီး ဥပဒေပါရပိုင်ခွင့် များ ခံစားခွင့်ရရှိနိုင်အောင် ရှေးရှုကြိုးပမ်း အလေး ထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။
လုပ်ငန်းခွင်  သာယာတည်ငြိမ်အေးချမ်းဖို့နှင့် ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ဆိုရာတွင်   အလုပ် သမားများက ၎င်းတို့၏ ရပိုင်ခွင့်နှင့်တာဝန်များကို ကွဲပြားစွာသိရှိခြင်းကလည်း အရေးကြီးသည့်အချက် တစ်ခုဖြစ်ပါသည်။ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်   လူ့စွမ်းအား အရင်းအမြစ်များဖြစ်သော ကာယ၊ ဉာဏ အလုပ် သမားကြီးများအနေဖြင့်     အလုပ်သမားဆိုင်ရာ ဥပဒေများရှိ မိမိတို့၏ ရပိုင်ခွင့်များနှင့် တာဝန်များကို သိရှိနေစေရန်၊ လေ့လာမှတ်သားကြရန်နှင့် ရပိုင်ခွင့် များကိုလည်း စနစ်တကျ  ဆွေးနွေးတောင်းဆိုကြရန် လိုပါသည်။  အလုပ်ရှင်များအနေဖြင့်     အလုပ်သမား များ၏ ဥပဒေပါရပိုင်ခွင့်များ  မယုတ်လျော့စေရန်   ပထမဦးစားပေးအလေးထား ဆောင်ရွက်ပေးရမည့် အပြင် မျှတစာနာစိတ်ထားပြီး မိမိလုပ်ငန်းရှိ လုပ်သား ကြီးများအား ကာယကံရှင်၏ ကာယ၊  ဉာဏ၊  ဝီရိယ စွမ်းအားအလိုက်  အကျိုးခံစားခွင့်ပေးရေး စနစ်တကျ စီမံဆောင်ရွက်ပေးရန်နှင့်    မိသားစုစားဝတ်နေရေး ကို မိသားစုစိတ်ဓာတ်ဖြင့်  တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ပေးရန် တိုက်တွန်းလိုပါသည်။ 
အလုပ်သမားများ၏  ရပိုင်ခွင့်များကို   ရသင့် သလောက်  ရရှိစေရန်   အလုပ်သမားအချင်းချင်း စည်းလုံးမှုရှိခြင်း၊ နိုင်ငံတော်မှ  ဥပဒေ၊ နည်းဥပဒေ များ ပြဋ္ဌာန်း၍ အခွင့်အရေးနှင့် တာဝန်များ ပေးအပ် ထားသကဲ့သို့ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ဥပဒေနှင့်အညီ    လေးစားလိုက်နာရမည်ဖြစ်ရာ ဥပဒေတွင်မပါရှိသော အကြောင်းအရာကိစ္စရပ်များ ဖြစ်ခဲ့ပါက အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်ညှိနှိုင်း ၍ဖြစ်စေ၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင် ဆွေးနွေးညှိနှိုင်း၍ဖြစ်စေ၊  လုပ်သားပြည်သူ တို့၏ လူနေမှုအခြေအနေများကို ပို၍ပို၍ တိုးတက် ကောင်းမွန်စေရေး စဉ်ဆက်မပြတ်  ကြံဆောင်နေ သည့်  တိုးတက်ရေးအမြင်နှင့်    အကောင်းအဆိုး ဒွန်တွဲနေသောသဘာဝကို သိနားလည်ရင်း မည်သည့် ပုဂ္ဂိုလ်၊   မည်သည့်လုပ်ငန်း၊    မည်သည့်ဖြစ်စဉ်၊ မည်သည့်အခြေအနေ၊ မည်သည့်အသွင်သဏ္ဌာန်မှာ မဆို  အပြုသဘောဆောင်သော   လက္ခဏာများ၊ ကောင်းသောအသွင်အပြင်နှင့် အစိတ်အပိုင်းများ၊ ပိုမိုကောင်းမွန်သော အလားအလာကောင်းများကို ရှေးရှု၍ ပိုမိုကောင်းမွန်သော အခြေအနေသို့ရောက် အောင် သဘာဝကျကျ ပေါင်းစပ်တည်ဆောက်ပြီး စံပြုချက်ရယူဆောင်ရွက်သွားလျှင်  လုပ်ငန်းခွင် အေးချမ်းသာယာပြီး တိုင်းပြည်၏ GDP တိုးတက် ရေး စွမ်းအားပြည့်ကုန်ထုတ်လုပ်မှုကို   တိုးတက် စေရန်   ဆောင်ရွက်ပေးလာနိုင်မည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း         တိုက်တွန်းရေးသားလိုက်ရ ပါသည်။            ။