အလုပ်ခွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များ ထုတ်ပေး

 

ရန်ကုန်   မေ  ၁၇


ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေး ခြင်းကို ယမန်နေ့က  တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။

 


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ ပါ   အကျိုးခံစားခွင့်များအကြောင်းကို    ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ သန်လျင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော ကျောက်တန်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အာမခံအလုပ်သမား ဦးဇင်မင်းသူသည် (၂၅-၇-၂၀၂၂)  ရက်က ဓာတ်အားလိုင်းပြုပြင်စဉ် ဓာတ်အားဝင်လာ၍ မီးပန်းခံရပြီး  လက်ဝဲ ဘက်လက်    ဖြတ်တောက်ရခြင်းကြောင့်    အမြဲတမ်းမသန်စွမ်းမှု  အကျိုးခံစားခွင့်ငွေကျပ်   ၅၉၂၇၀၄၀ ကို ကာယကံရှင်ထံသို့ ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

အေးမိုး(ပြန်/ဆက်)