
နေပြည်တော် အောက်တိုဘာ ၅
အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာကိစ္စ ရပ် များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကနဦးလုပ်ငန်းစဉ်အဖြစ်ဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်ဝန်ကြီးချုပ်က “စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour များအား အဆင့်လိုက် Certificate ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံအားလုံး မှတ်ပုံတင်နိုင်ရန်နှင့် SME လုပ်ငန်းများစနစ်တကျရှိစေရေး စီမံဆောင်ရွက် ရန်”ဟု လမ်းညွှန်မှုပြုခဲ့ကြောင်း၊ နေပြည်တော် တွင်ရှိသည့် စက်မှုလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် လုပ်သားများကို အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရန် စက်ရုံရှိ အလုပ်သမားများ၏ ပညာ အရည်အချင်း၊ ကျွမ်းကျင်မှုတို့ကို သိရှိရန်အတွက် လုပ်သားများ၏ စက်မှုသန်းခေါင်စာရင်း ကောက်ယူ ခြင်းကို ကနဦးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခဲ့ ကြောင်း။
ပူးပေါင်းဆောင်ရွက်မည်
နေပြည်တော်ကောင်စီနယ်မြေ၌ စက်မှုလုပ်ငန်း အကြီး၊ အလတ်၊ အငယ် စုစုပေါင်း ၆၆၈ ခုရှိပြီး စက်မှုလုပ်ငန်း ၄၁၂ ခုမှ လုပ်သား ၃၃၃၀ တို့ကို လုပ်ငန်းအုပ်စုအလိုက် အလုပ်သမားများ၏ ပညာ အရည်အချင်း၊ ကျွမ်းကျင်မှုတို့ကို ကွင်းဆင်း၍ စနစ် တကျ စာရင်းကောက်ယူခဲ့ကြောင်း၊ အဆိုပါလုပ်သား များအနက် ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိပြီးသူ ၁၅ ဦး၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်သူ ၈၈၅ ဦးရှိပြီး ကျန်ရှိလုပ်သား ၂၄၄၅ဦး တို့ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ အထည်ချုပ်စက်ရုံများမှ အထည်ချုပ်လုပ်သား ၄၄၆ဦး ကိုလည်း NSSA အသိအမှတ်ပြု လက်မှတ်ပေးအပ် နိုင်ရန် Assessment Center အသိအမှတ်ပြုခြင်း၊ စစ်ဆေးအကဲဖြတ်ပေးခြင်း၊ ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်ပေးခြင်းတို့ကို ဦးစွာပထမ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority - NSSA) နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း။
မြေပြင်စာရင်းကောက်ယူမှုအရ “စံ” သတ်မှတ် ထားခြင်း မရှိသေးသည့် အလုပ်အကိုင် ၃၂ မျိုးတွင် လုပ်ကိုင်နေသောလုပ်သား ၂၄၄၅ ဦး ရှိသဖြင့် ကျွမ်းကျင်မှု“စံ”ရေးဆွဲရခြင်းမရှိသေး အလုပ်အကိုင် များကို ဖော်ထုတ်နိုင်ပြီး ကျွမ်းကျင်မှု“စံ”များ ရေးဆွဲခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။
အလေးထားဆောင်ရွက်လျက်ရှိ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သား များ မွေးထုတ်ပေးနိုင်ရေး၊ စက်မှုဇုန်များ စံပြဖြစ်စေ ရေးအတွက် Skill Labour များအား အဆင့်လိုက် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးကိစ္စ ရပ်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကိုပြဋ္ဌာန်းပြီးဖြစ်၍ အလုပ်အကိုင်ကျွမ်းကျင်မှု ရှိစေရေးနှင့် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခြင်းကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေး ပြောကြားသည်။
စီမံဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”သတ်မှတ်နိုင်ရေးနှင့် အသိအမှတ်ပြုလက်မှတ် များထုတ်ပေးခြင်းကိစ္စရပ်များကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ လိုက်ပါဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် ကျွမ်းကျင်လုပ်သား များအတွက် အသိအမှတ်ပြု လက်မှတ်များကိုလည်း စစ်ဆေးအတည်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊ စက်မှုဇုန်ရှိလုပ်သားများအတွက် ကျွမ်းကျင်မှု “စံ ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေးဆိုင်ရာကိစ္စရပ်များနှင့် စံသတ်မှတ်မှု မရှိသေးသောလုပ်ငန်းများအတွက် စံသတ်မှတ်နိုင် ရေးကိစ္စရပ်များကို အပြည့်အဝပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် Assessment Center ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ယင်းနောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များက ဝန်ကြီးဌာနအလိုက် အလုပ်အကိုင်ကျွမ်းကျင် မှုဆိုင်ရာ “စံ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျက်ရှိသည့်အခြေအနေများနှင့် “စံ” သတ်မှတ်မှုမရှိသေးသောလုပ်ငန်းများ အတွက် “စံ”သတ်မှတ်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်း တင်ပြရာ တက်ရောက်လာကြသည့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေး ညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ် အမှာစကားများ ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ သတင်းစဉ်