အလင်းမှအလင်းသို့ရှေးရှု၊ တောက်ပအနာဂတ် တို့ပြိုင်တူ

Type
7

 

ဒေါက်တာမြတ်မိုး

အနေနီးသည်။     ဆယ်စုနှစ်တစ်ခုချီ    သိကျွမ်း ရင်းနှီးခင်မင်သူ    လုပ်ဖော်ကိုင်ဖက်တစ်ဦး   ဖြစ်ပေ မယ့်    သူ့ကို   လူရည်ချွန်တစ်ဦးဖြစ်ခဲ့မှန်း   မသိခဲ့၊  သတိပင်မထားမိခဲ့။ လူရည်ချွန်တစ်ဦးဖြစ်ခဲ့သည်ကို ဆိုရှယ်မီဒီယာတစ်ခုမှာ အရိပ်အမြွက်မျှ သိရတော့ မှသာ အရိပ်ပြအကောင်ထင်ခဲ့ရသည်။
၁၉၈၇ ခုနှစ်ကတည်းက လူရည်ချွန်တစ်ဦး ဖြစ်ခဲ့ကြောင်းသိရသည်နှင့် သူ့ကို လူရည်ချွန်တစ်ဦး တွင်  ရှိသင့်ရှိထိုက်သော အခြေခံကိုယ်ရည်ကိုယ်သွေး အရည်အချင်းများဖြင့်     ချိန်ထိုးကြည့်မိသည်။ အသက်အရွယ်  အပိုင်းအခြား လုပ်ငန်းအတွေ့အကြုံ အပေါ်မူတည်ပြီး ရင့်ကျက်မှုတစ်ခုရှိလာသည်မှလွဲ၍ အခြေခံစိတ်ဓာတ်များ   ဘာမှပြောင်းလဲမသွားခဲ့။ ယနေ့ သူ့စိတ်ဓာတ်၊ ရိုးသားဖြောင့်မတ်မှုနှင့် ကျိုးနွံ နာခံတတ်မှု၊ တစ်ပါးသူကို စာနာကူညီတတ်သည့် ကိုယ်ရည်ကိုယ်သွေးနှင့် ရည်မှန်းချက်ပြီးမြောက် အောင် လုပ်နိုင်စွမ်းသည့် လုပ်ငန်းစွမ်းဆောင်ရည်၊ လူ့အဖွဲ့အစည်းနှင့် ဌာန၊  နိုင်ငံအပေါ် အပြုသဘော ဆန်ပြီး ကောင်းစေလိုသည့် ခံယူချက်များကိုကြည့်၍ လူရည်ချွန်စိတ်ဓာတ်နှင့်        လူရည်ချွန်ဖြစ်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိသာသွားသည်။
 အခက်အခဲများနှင့်အတူ ကြိုးစားပြင်ဆင်ထားနိုင်မှသာ
ဆင်းရဲ၊   ချမ်းသာ၊   အလယ်အလတ်ဟူ၍ အတန်းအစားမရွေး လူရည်ချွန်တစ်ယောက်ဖြစ်လာ ရန် မလွယ်ကူလှပါ။ လူ(လူကောင်းလူမွန် )၊  ရည် (စွမ်းရည်)၊  ချွန် (ထူးချွန် ) အဓိပ္ပာယ်သတ်မှတ်ချက် အပြည့်ဖြစ်ရန်မှာ  ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည် များမှာ ဘက်စုံထူးချွန်သူ လူကောင်းလူမွန်ဖြစ်ရ သည်။ ထို့ကြောင့် မိမိနှင့်ပဲ နှိုင်းယှဉ်ကြည့်မိသည်။ လူငယ်ကျောင်းသားဘဝ လူရည်ချွန်စာမေးပွဲမှာ စာဘက်၊ စာရိတ္တဘက်မှလွဲ၍ ကျန်ကာယ စသည့် အပိုင်းများ၌   အထွေထွေအားနည်းချက်များရှိခဲ့ သည့် မိမိအဖို့ ရွေးချယ်ခြင်းမခံရ၊ လွဲချော်ခဲ့ဖူးသည် ကို အမှတ်ရမိသည်။ 
မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဗဟုသုတရေးဖြေနှင့် ဘဝတစ်သက်စာ သိမှတ်စရာ၊ စာရိတ္တ၊ လောက နီတိ၊   မြန်မာ့ယဉ်ကျေးမှု   နှုတ်ဖြေအပြင် ကာယ ကြံ့ခိုင်မှုအပါ    ဆန်းစစ်အကဲဖြတ်မှုများစွာကို ကျော်ဖြတ်ရသည်။  ထို့ကြောင့်လည်း ကာယ၊ ဉာဏ၊  စာရိတ္တ၊  စိတ်ဓာတ်၊ စည်းကမ်း၊  ဗဟုသုတ နယ်ပယ်အစုံတွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့် ရေးဖြေနှုတ်ဖြေ   အဆင့်ဆင့်ဆန်းစစ်မှုမျိုးစုံဖြင့် ဘက်စုံထူးချွန်၍   တော်လွန်း  ကောင်းလွန်း၍သာ လူရည်ချွန်ဖြစ်ခဲ့ဖူးသူ၊ ယနေ့ဖြစ်နေကြသူ လူငယ် မောင်မယ်အားလုံးကို လေးစားတန်ဖိုးထား ဂုဏ်ပြု လိုက်ရခြင်း ဖြစ်သည်။ 
တချို့   နှစ်ထပ်ကွမ်း၊    သုံးထပ်ကွမ်းအထိ ထူးချွန်သူများပါသည်ကို တွေ့ရသည်။ လူရည်ချွန် အဖြစ် ရွေးချယ်ခံရရန်သည်  အလွန်ခက်ခဲပါသည်။ အခြားအခြားသော   အကောင်းဆုံး၊   အတော်ဆုံး ကျောင်းသားများနှင့်  ယှဉ်ပြိုင်အရွေးချယ်ခံရရန် မူလ ကျောင်းစာများအပြင် အခြားသုတပညာရပ် စာပေများကိုလည်း လေ့လာဆည်းပူးထားရသည်။ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရန်   နေ့စဉ်   အချိန်ပေး ကာ  နည်းစနစ်မှန်မှန်ဖြင့် အားကစားနည်းများကို လေ့ကျင့်ထားရမည်ထင်သည်။
ပြောမှား၊   ဆိုမှားမဖြစ်အောင်နှင့်  အကျင့် စာရိတ္တပိုင်းမှာလည်း   အမှားအယွင်းမရှိအောင် စည်းကမ်းရှိရှိ သတိထားနေထိုင်ကြရသည်။ ကံ ကောင်းဖို့ ဘုရား၊ တရား၊  သံဃာ  ရတနာသုံးပါးလည်း မေ့လျော့ကြမည်မထင်။ ဉာဏ်ကောင်း စာတော်ရုံ တင်မပြီး  ပေါင်းသင်းဆက်ဆံရေးပါကောင်းသည့် မိတ္တဗလ   လူငယ်များလည်း   ဖြစ်ရသည်။   ထိုသို့ ကိုယ်တိုင်   နှစ်ရှည်လများ   အချိန်ယူကြိုးစား အားထုတ်ခဲ့ရသည့် သူတို့ကို နိုင်ငံတော်ကလည်း ခေတ်အဆက်ဆက် တန်ဖိုးထား လေးစားဂုဏ်ယူ လျက်ရှိပါသည်။  ထို့ကြောင့် ၁၉၆၄ ခုနှစ်မှသည် ယနေ့   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တိုင်   ကိုဗစ်-၁၉ ကပ်ရောဂါကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ရပ်နား ခဲ့ရသည့် အချို့နှစ်ကာလများကလွဲ၍ “ဘက်စုံပညာ ထူးချွန်လူငယ်စီမံကိန်း”    “လူရည်ချွန်စီမံကိန်း” များဖြင့် လူရည်ချွန်များကို မပြတ်မွေးထုတ်ပေး နေခဲ့ခြင်းဖြစ်သည်။
စံနမူနာပြ မျှဝေတတ်ပြီး အတ္တနည်းသော
အသိအမှတ်ပြုခံထိုက်သူများ
လူရည်ချွန်များကို နိုင်ငံနှင့်ပြည်သူက တန်ဖိုး ထားသည့်အတွက် နှစ်စဉ် လေ့လာရေးခရီးစဉ်များ စီစဉ်၍ စေလွှတ်ပေးနေခြင်းဖြစ်သည်။ ရှေးဟောင်း အမွေအနှစ်   ပုဂံဒေသ၊   ပင်လယ်ကမ်းခြေစခန်း ငွေဆောင်နှင့် ချောင်းသာ၊ ရှမ်းပြည်နယ် တောင်ပေါ် တောင်ကြီးဒေသများသည် ယခုနှစ် လူရည်ချွန်များ အတွက် သုတအစုံနှင့် စိတ်ဝင်စားဖွယ် အတိပြီး သော လေ့လာစရာနေရာများပင်ဖြစ်သည်။ စိုက်ပျိုး ရေး၊  မွေးမြူရေးဒေသခံတို့၏ လူမှုစီးပွားဘဝများကို လေ့လာခွင့်လည်းရ၊   အသိပညာနှင့်   ဒေသန္တရ ဗဟုသုတလည်းတိုး၊   စုပေါင်းဆောင်ရွက်တတ်မှု အပြင်    လူရည်ချွန်အချင်းချင်း   ခင်မင်ရင်းနှီးပြီး မိတ်ဆွေလည်းတိုးပွားကာ အပန်းလည်းပြေ၊  ဘုရား လည်းဖူးရန် ရည်ရွယ်ချက်များဖြင့် ဤသို့ခရီးစဉ်များ ဖန်တီးပေးထားခြင်း ဖြစ်သည်။
ထိုမှတစ်ဆင့် မိမိတို့၏ဂုဏ်ဒြပ်ကို ပို၍တန်ဖိုး ထား၊ မိမိတို့ရိုးရာယဉ်ကျေးမှုနှင့်   မိမိနိုင်ငံ၊ မိမိ လူမျိုးချစ်စိတ်ကို ပိုကိန်းအောင်းလာစေရန်ဟူသော ရည်ရွယ်ချက်များလည်း ပါဝင်သည်။ လေ့လာရေး ခရီးစဉ်အတွင်း လူရည်ချွန်များ အေးချမ်းပျော်ရွှင်စွာ သွားလာနေထိုင် စားသောက်နိုင်ရေး၊ ကျန်းမာရေး ဘေးကင်းလုံခြုံရေး၊    ကြိုဆိုရေး၊   ဖျော်ဖြေရေးမှအစ အစစအရာရာပြည့်စုံအောင် တာဝန်ရှိသူများဘက် က စီစဉ်ပေးကြသည်ဟု သိရှိရသည်။
လူရည်ချွန်များအပါအဝင် ယနေ့လူငယ်များ အားလုံးကို နိုင်ငံက တန်ဖိုးထားသည့် အားလျော်စွာ ငြိမ်းချမ်းရေးကို လိုလားပြီး ဖွံ့ဖြိုးတိုးတက်လိုသော ပြည်သူများကလည်း ၎င်းတို့ကို များစွာမျှော်လင့်လျက်ရှိနေကြသည်ဆိုသည်ကို  တင်ပြလိုသည်။ အားလုံးသိသည့်အတိုင်း   နိုင်ငံက   မငြိမ်းချမ်း၊  မအေးချမ်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန် အတော်အားယူ နေရသည့်အခြေအနေဖြစ်သည်။ လက်ရှိအခြေအနေ အရ   တစ်ဦးချင်းအကျိုးစီးပွားအပြင်   လူ့အဖွဲ့ အစည်း အကျိုးစီးပွားကိုပါ ကြည့်တတ်၊ မြင်တတ် သည့် လူ့အရင်းအမြစ်တစ်ခုဖြစ်တည်ရန် အထူး လိုအပ်နေသည်။ ယခုကာလသည် တတ်အောင်သင် ပြီး ပညာလည်းတတ်၊ အ​မြော်အမြင်လည်းရှိ၊  ပညာ နှင့်   ထိန်းကျောင်းနိုင်စွမ်းသည့် စွမ်းပကားများ အရေးတကြီး   လိုအပ်နေသောကာလဖြစ်သည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိသော နိုင်ငံ ချစ် လူငယ်များကို ယနေ့လူရည်ချွန်စီမံကိန်းများက မွေးထုတ်ပေးနိုင်ရန် မျိုးဆက်သစ်လူငယ်များကို အလွန်မှ အားထားနေကြခြင်းဖြစ်သည်။
ထူးချွန်စာရင်းဝင်မှမဟုတ်၊      ယနေ့အကျပ် အတည်းများအောက်မှာ ပညာသင်ကြားနေရသော မိသားစုတာဝန်၊ လူမှုတာဝန်၊ နိုင်ငံ့တာဝန်ထမ်းရွက် နေကြသော လူငယ်အားလုံးကိုပါ အားပေးစကားပါး ချင်သည်။ အထူးသဖြင့် လမ်းမမှားကြဖို့ဖြစ်သည်။ လူရည်ချွန်ဖြေခွင့်ရသော်လည်း  အရွေးချယ်မခံရ သော  ​ကျောင်းသား ကျောင်းသူများစွာ ရှိပါလိမ့် မည်။ ကြိုးစားလျှင် ဘာမဆိုဖြစ်နိုင်သည်ကို နှလုံးမူ၍ စိတ်ဓာတ်မကျဖို့၊ ဆက်လက်ကြိုးစား အားထုတ် နေဖို့၊  ဝီရိယမလျှော့ဖို့  တိုက်တွန်းအားပေးလိုပါ သည်။   အချင်းချင်းလည်း  ဖေးမကူညီအားဖြည့် ပေးရမည်ဖြစ်သလို   မိမိတို့ကိုယ်တိုင်ကလည်း အားလုံးက စံနမူနာယူရသော၊ အတုယူအားကျရ သော စံပြလူငယ် စံပြကျောင်းသားများဖြစ်အောင် ကြိုးစားနေထိုင်ရပါမည်။ သို့မှသာ မျိုးဆက်တစ်ခု ပြီးတစ်ခု  အကောင်းတွေကို မှန်ကန်စွာမျှဝေတတ် သော အတ္တနည်းသူများအဖြစ် အသိအမှတ်ပြုရာ ရောက်ပါမည်။
တည်ဆောက်ရေးအမြင်ဖြင့် ပညာရှင်ခေါင်းဆောင်များဖြစ်ကြရန်
ယနေ့လိုအပ်နေသည့်      ပညာအခြေခံသည့် ရိုးသားဖြောင့်မတ်မှုဂုဏ် အပြည့်ပါသော လူ့အဖွဲ့ အစည်းသစ်တစ်ရပ်ကို  လူငယ်များ၏ အားဖြင့်သာ တည်ဆောက်ရမည်ဆိုသည်ကို   အစဉ်သတိရှိကာ နိုးကြားတက်ကြွမှုရှိနေရပါမည်။ သို့မှသာ ပို၍ ပို၍ ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ရရှိ ပိုင်ဆိုင်လာပေမည်။ အကျင့်စာရိတ္တကောင်းကောင်း ဖြင့် တက်ကြွထက်သန်သည့် လက်ရုံးရည်၊ နှလုံး ရည်နှင့်  ပြည့်စုံသော   လူတန်းစားတစ်ရပ်သည်   တိုင်းပြည်တည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ် သည်ဟု အားလုံးက လက်ခံထားကြသည်ဖြစ်ရာ   ယနေ့   လူငယ်မျိုးဆက်များသည် တော်လည်းတော်၊    ကောင်းလည်းကောင်းသည့်   လူ့စွမ်းအား အရင်း အမြစ်များ  ဖြစ်ကို  ဖြစ်ရပါမည်။  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလဟူသည့် ငါးတန်သော စွမ်းအား ဖြင့် ယနေ့လူငယ်တို့သည် မိမိတို့တစ်ဦးချင်းစီ၏ ဘဝကို   အကောင်းဆုံးဖြစ်အောင်   တည်ဆောက် ထားနိုင်ကြရမည်။
သို့မှသာ မိမိ မိသားစု၊ မိမိအတန်း၊ မိမိကျောင်း၊  မိမိပတ်ဝန်းကျင်နှင့်   မိမိတိုင်းပြည်ကို   စုစည်း တည်ဆောက်နိုင်မည့်သူများဖြစ်ကာ နိုင်ငံကလည်း မိမိတို့ကို တစ်ဖန် အားကိုးအားထားပြုနိုင်သူများအဖြစ်  ယုံကြည်ချက်များ  ရရှိလာမည်ဖြစ်သည်။ ဤသည်ပင် နိုင်ငံတည်ဆောက်ရေးအမြင်တစ်ခု ဖြစ်လာပါမည်။  ဘက်စုံထူးချွန်မှုဖြင့်   နိုင်ငံနှင့် လူ့အဖွဲ့အစည်းများကို   ညီညွတ်အောင်   စုစည်း နိုင်စွမ်းသော   နိုင်ငံတည်ဆောက်ရေးအမြင်ရှိသူ သည် အားကိုးထိုက်သော အနာဂတ်ခေါင်းဆောင် များအဖြစ် မျှော်လင့်နိုင်ပါသည်။ ထို့ကြောင့် ယနေ့ လူငယ်များသည် ဤနေရာမှာတင် စိတ်ဓာတ်မပျက်၊ အားမလျှော့၊ ရပ်တန့်မနေကြဘဲ ပညာကိုဆုံးခန်း တိုင်အောင်   သင်ယူကြဖို့လိုအပ်သလို    မိမိ ကိုယ်ကာယကိုလည်း    ကျန်းမာကြံ့ခိုင်သန်စွမ်း အောင် အားကစားနည်းများဖြင့် အစဉ်လေ့ကျင့်ပြီး ကျန်းမာရေးကို ဂရုစိုက်ကြရပါမည်။
သင်ယူပြီး         အသိအတတ်ပညာများကို လက်တွေ့နယ်ပယ်တွင်      ထိထိရောက်ရောက်   အသုံးချပြီး   သက်ဆိုင်ရာ    ဘာသာရပ်နယ်ပယ် အလိုက် စာများများဖတ်၊  စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးကာ ပညာရှင်အဖြစ်ကို ခံယူနိုင်ဖို့ကြိုးစား ကြရမည်။   ထို့ပြင်  တစ်ဟုန်ထိုး   မြန်ဆန်စွာ တိုက်စားလာသော     မသင့်သောယဉ်ကျေးမှု ရေအလျဉ်မှာ   စီးပါမသွားဘဲ  မိမိတို့ကိုယ်ပိုင်လူမှု ယဉ်ကျေးမှု        ဓလေ့အစဉ်အလာကောင်းများကို  ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းသော        နိုင်ငံ့ သားကောင်းများဖြစ်အောင်   ဆက်လက်ကြိုးစား ရပါမည်။
ယနေ့ပစ္စုပ္ပန်ထက် အနာဂတ်ဘဝတွေမှာ ပိုပြီး အားကောင်း၊  ပိုပြီးလှပဖို့  လိုအပ်နေသည်မဟုတ် ပါလား..၊ ထိုသို့ကြိုးစားကြခြင်းဖြင့်သာ    မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်     ပို၍ပို၍တော်လာကာ မြင့်သည်ထက်မြင့်လာမည်ဟု    ယုံကြည်ထားပါ သည်၊၊    ရှေ့လူထက်   နောက်လူက  ပိုတော်သည်၊  ဆရာထက်တပည့်က ပိုတတ်ကြောင်း တိုင်းတာနိုင် သည့်ပေတံရှိသည့် ဝန်းကျင်ကသာလျှင် “ဖွံ့ဖြိုးမှု” နှင့် “တိုးတက်ကြီးပွားမှု” ဟူသော  ဂုဏ်ပုဒ်နှင့် ပြည့်စုံသည်ဆိုသည်ကို သတိပြုရပါမည်။   မိမိမှာ ပိုင်ဆိုင်ပြီးသား ရိုးသားမှု၊ ဖြောင့်မတ်မှုနှင့် အကျင့် စာရိတ္တကောင်း၊ အနစ်နာခံ အများအကျိုး သယ်ပိုး လိုစိတ်နှင့် တက်ကြွလန်းဆန်းမှု၊ အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးစိတ် စသည့် ထိုထိုဂုဏ်ဒြပ် များကို မယုတ်မလျော့အောင် အနာဂတ်မျိုးဆက် အဆက်ဆက်တိုင်   လက်ဆင့်ကမ်း   ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဟူသော      ခံယူချက်များ ထားရှိပါစေကြောင်း    ဆုမွန်ကောင်း  တောင်းပါ သည်။ 
ဤမျှော်လင့်ချက်ဖြင့်   ယခင်လူရည်ချွန်ဖြစ်ခဲ့ သူများရော    ယနေ့လူရည်ချွန်   လူရည်မွန်များ၊  ​ကျောင်းသား​ ကျောင်းသူ လူငယ်ထုအားလုံးကိုပါ တန်ဖိုးထားလေးစားသမှုဖြင့်    အားပေးဂုဏ်ပြု လိုက်ရပါသည်။          ။