အကြမ်းဖက်ဝဲဂယက်အတွင်းက ရုန်းထွက်ချိန်တန်ပြီ

Type

 

မင်းခေါင်
 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်များကို နိုင်ငံတော်၏ အရန်အင်အားအဖြစ် သတ်မှတ်လေ့ရှိသည်။ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန်ယူ နိုင်ရန်လည်း လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ချမှတ်အကောင်အထည်ဖော်၍ စနစ်တကျ မွေးမြူလေ့ကျင့်ပျိုးထောင်ပေးလေ့ရှိကြသည်။ သို့ရာတွင် တစ်ဖက်ကလည်း ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများက  မိမိအာဏာရရှိရေး၊ မိမိအာဏာတည်မြဲရေးအတွက် လူငယ်ထုကို မြှောက်ပင့်သွေးထိုးလှုံ့ဆော်ကာ လူငယ်တို့၏ နိုးကြား တက်ကြွသော အားမာန်အပေါ် တလွဲအသုံးချ၍ လမ်းမှားပေါ်သို့ တွန်းပို့တတ်ကြပြန်ပါသည်။
အတိတ်ကာလတွင် ဥက္ကဋ္ဌကြီး မော်စီတုံးသည် တရုတ်ပြည်၏ အယူဝါဒရေးရာတို့ကို သန့်ရှင်းခြင်း ဖြင့် တရုတ်ပြည်၏ တိုးတက်မှုကို အရှိန်မြှင့်တင် နိုင်လိမ့်မည်ဟူ၍လည်းကောင်း၊ တရုတ်ပြည်အား  ဆိုဗီယက်ရှိ ခရူးရှော့ဗ်၏ ပြင်ဆင်ရေးဝါဒလမ်းစဉ်ကို မလိုက်ဖို့ တားဆီးရေးအတွက်လည်းကောင်း၊ ဇရာ ပိုင်းဘဝ အသက်အရွယ်အရ မိမိ၏ လျော့ပါးလာ သောဩဇာအာဏာကို ပြန်လည်တည်ဆောက်နိုင် ရန်လည်းကောင်း၊ ငယ်ရွယ်သော၊ ပညာကောင်းစွာ မသင်ခဲ့ဖူးသော   လူငယ်အများစုကို   တပ်နီအဖြစ် အသုံးချ၍ ၁၉၆၆ ခုနှစ်တွင် ယဉ်ကျေးမှုတော်လှန်ရေး တစ်ရပ်ကို ဆင်နွှဲခဲ့သည်။
တပ်နီများသည်   မော်စီတုံး၏    အဆိုအမိန့်များ ရေးသားထားသည့်   စာအုပ်နီကို   ဘုရားသခင်၏ အဆိုအမိန့်အလား    ထင်မှတ်ကာ    ဝှေ့ယမ်းလျက် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် မသင့်မြတ်မှုကို ဖန်တီးမည့် ကြွေးကြော်သံများဖြစ်သည့် “ဥက္ကဋ္ဌကြီးမော်အပေါ် ထာဝရသစ္စာရှိကြ”၊ “ဟောင်းလေးဟောင်းကိုဖျက်” (အတွေးအခေါ်ဟောင်း၊   ယဉ်ကျေးမှုအဟောင်း၊ ဓလေ့စရိုက်အဟောင်း၊      အကျင့်ဟောင်းတို့ကို တိုက်ဖျက်ခြင်း) စသည်တို့ကို ကြွေးကြော်ကာ သူတို့ အမြင်တွင် တန်ပြန်တော်လှန်ရေးသမားဟု ယူဆသူ များကို စီရင်ချက်များ ချမှတ်ခဲ့ကြလေသည်။
မျိုးဆက်တစ်ဆက်လုံး ပျက်စီးခဲ့
တက္ကသိုလ်များ အပိတ်ခံရသည်။ ပါမောက္ခများ မှာ လယ်ယာစိုက်ကွင်းများသို့ အပို့ခံရကာ ဝက်ခြံ သန့်ရှင်းရေးလုပ်ခြင်း   သို့မဟုတ်   လယ်စိုက်ခြင်း စသည့်အလုပ်ကြမ်းများကို လုပ်ကြရသည်။ လူတို့မှာ အချင်းချင်း   ရန်စောင်လာကြသည်။ အလုပ်သမား အချင်းချင်း၊   မိတ်ဆွေအချင်းချင်း၊   သားသမီးနှင့် မိဘအချင်းချင်း   ရန်သူသဖွယ်   ဆက်ဆံလာကြ သည်။ သန်းနှင့်ချီသောလူများ ရှင်းလင်းခံရသည် နှင့်အတူ ယဉ်ကျေးမှုလည်း အမှိုက်ပုံးထဲ ရောက်ခဲ့ရ သည်။ မျိုးဆက်တစ်ဆက်လုံး ပျက်စီးခဲ့ရသည်။
နောက်ပိုင်းတွင်  အရူးအမူးဖြစ်နေသောစိတ်၊ တစ်ယူသန်ဝါဒီများနှင့်  အခွင့်အရေးသမားများ၏ မြှောက်ထိုးပင့်ကော်       လုပ်ဆောင်မှုများကြောင့် “ယဉ်ကျေးမှုတော်လှန်ရေးကြီး”သည် အရှိန်မြှင့် လာပြီး   ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့၍   တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်   (PLA)  က တပ်နီများကို   ပြန်လည်ရှင်းလင်း    ဖြိုခွင်းခဲ့ရလေ သည်။
သို့ရာတွင် ဆယ်နှစ်ဆယ်မိုး ကြာညောင်းခဲ့သည့် မဟာယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်ပြည် ၏ စီးပွားရေး၊ သိပ္ပံပညာ၊ ယဉ်ကျေးမှု၊ ပညာရေး ဘက်   အသီးသီးမှာ   ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် အကြီးအကျယ် ကွာဟသွားစေခဲ့သည်။
အဆိုပါ          သမိုင်းကာလနှင့်ပတ်သက်၍ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် ကြီး     တိန့်ရှောင်ဖိန်က   “၁၀  နှစ်တိုင်   ကြာခဲ့တဲ့ ဒီမဟာယဉ်ကျေးမှုတော်လှန်ရေးဟာ ဘေးဒုက္ခကြီး တစ်ခုဖြစ်တယ်”ဟု   ပြန်ပြောင်းသုံးသပ်ခဲ့သလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတကြီး ကျန်ဇီမင်း ကလည်း နှစ်ပေါင်း ၃၀ ကြာပြီးနောက်တွင် “လှပတဲ့ ယဉ်ကျေးမှုအနုပညာများကို ဂုဏ်သရေညှိုးအောင် လုပ်ခြင်းနဲ့ဖျက်ဆီးခြင်းစတဲ့ မိုက်မဲတဲ့ အပြုအမူတွေ ဟာ လုံးဝမှားယွင်းတယ်”ဟု ပြောကြားခဲ့သည်။ 
၁၀ နှစ် အိပ်မက်ဆိုး
တရုတ်နိုင်ငံသားများကလည်း ၁၀ နှစ် အိပ်မက် ဆိုးဟု  ဆိုကြသည်။ လူသားများ၏ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုကို    ရက်ရက်စက်စက်   ဖျက်ဆီးသည့် နိုင်ငံရေးလှုပ်ရှားမှုအဖြစ်၊  လူအများစု၏ အကြမ်းဖက် နိုင်ငံရေးအဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်။ ယဉ်ကျေးမှု တော်လှန်ရေးသမိုင်းခေတ်ကို ခက်ခဲစွာဖြတ်သန်းခဲ့ ဖူးသော  ပညာရှင်တစ်ဦးကလည်း “အဲဒီဒုက္ခတွေကို ကျွန်တော်တို့ ဘယ်တော့မှမမေ့ဘူး။ ပျက်စီးခဲ့တဲ့ အသက်တွေနဲ့  ပျက်စီးခဲ့တဲ့  မျိုးဆက်တစ်ဆက်ကို ကျွန်တော်တို့ဘယ်တော့မှ မမေ့ဘူး။ အဲဒီ တစ်ယူသန် လက်ဝဲစွန်းတွေကို ကျွန်တော်တို့ဘယ်တော့မှမမေ့ဘူး”ဟု ဆိုခဲ့သည်။
ထိုစဉ်က       မဟာယဉ်ကျေးမှုတော်လှန်ရေး ကြောင့် တရုတ်ပြည်ကြီး ဘေးဒုက္ခကျရောက်ခဲ့ရ သည့်နည်းတူ မရှေးမနှောင်းမှာပင် မြန်မာနိုင်ငံသည် လည်း တစ်ယူသန် လက်ဝဲအစွန်းရောက်များကြောင့် အသက်၊ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည်ကွန်မြူနစ် ပါတီသည် တရုတ်ပြည်မဟာယဉ်ကျေးမှုတော်လှန် ရေးကို ပုံတူကူးချ၍ ပါတီတွင်းဖြုတ်ထုတ်သတ်မှု များကို အတောမသတ် လုပ်ဆောင်ခဲ့ပြန်ပါသည်။
အရွယ်မရောက်သေးသော၊  ပညာမတတ်သော လူငယ်များကို တပ်နီအဖြစ်အသုံးပြု၍ သဘောထား  ချင်းမတိုက်ဆိုင်သည့်     ပေါ်လစ်ဗြူရိုအဖွဲ့ဝင်များ၊ ပါတီဝင်များ၊ တောခိုတက္ကသိုလ် ကျောင်းသားများကို ပြန်လည်ပြင်ဆင်ရေးသမားများ၊   ပါတီ၏ရန်သူ၊ သစ္စာဖောက်များအဖြစ်   စွပ်စွဲ၍   ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လေသည်။
ထို့နောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပေါက်ခေါင်းအပါအဝင်       ကျေးလက်များတွင် အာဏာနီတည်ဆောက်ရေးဟုဆိုကာ    အပြစ်မဲ့ အရပ်သားပြည်သူများ၊ တောင်သူလယ်သမားဦးကြီး များ၊ စာရေးစာချီဝန်ထမ်းများနှင့် ရဟန်းသံဃာများ ပါမကျန်   “နေဝင်းအစိုးရ၏  ဒေါက်တိုင်များ၊ ကျောရိုးများ”  ဟု   စွပ်စွဲကာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြလေသည်။  ထိုသို့ သတ်ဖြတ်ရာတွင် လက်ဝဲမှိုင်းမိနေကြသော တပ်နီ လူငယ်များသည် သူတို့အခေါ် ငခုတ်ကြီး (ကိုင်းခုတ် ဓား)၊ ငဆော်ကြီး (ဝါးရင်းတုတ်) များကို အသုံးပြု၍ အပြစ်မဲ့ပြည်သူတို့၏     လည်ချောင်းသွေးဖြင့် ခြေဆေးကာ ကြွေးကြော်အောင်ပွဲ ခံခဲ့ကြပါသည်။
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးပြောင်းလဲမှု
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးပြောင်းလဲ မှုဖြစ်စဉ်တွင်လည်း  အာဏာရပါတီ   NLD   သည် ၂၀၂၀ ပြည့်နှစ်      ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာခဲ့သော မဲမသမာမှု ကို တရားဥပဒေအရ  ရင်ဆိုင်ဖြေရှင်းရမည့်အစား ဖြေရှင်းခွင့်လည်းရှိနေပါလျက်နှင့်            နွေဦး တော်လှန်ရေးဟုဆိုကာ လူငယ်များကို လမ်းပေါ်  တွန်းတင်ပြီး အကြမ်းဖက်လမ်းစဉ်တည်းဟူသော လမ်းမှားပေါ်သို့ တွန်းပို့ခဲ့ကြပြန်ပါသည်။
ထို့နောက်တွင်   အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် NUG နှင့် PDF တို့သည်   “ငါနှင့်မတူ ငါ့ရန်သူ” ဟူသော   အစွန်းရောက်သဘောထားဖြင့် ရဟန်းသံဃာများ၊   ဆရာ ဆရာမ၊   ဆရာဝန်၊ ရဲတပ်ဖွဲ့ဝင်၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဝန်ထမ်း များ၊ အုပ်ချုပ်ရေးမှူးများ  စသည့်နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊  အပြစ်မဲ့အရပ်သားပြည်သူ များကို  ဒလန်ဟုစွပ်စွဲ၍  လုပ်ကြံသတ်ဖြတ်ခဲ့ကြ သည်။ ၂၀၂၁ ခုနှစ်မှစ၍ အကြမ်းဖက် အဖွဲ့အစည်း များ၏လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း ၆၇၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။ ယခုတိုင်လည်း နိုင်ငံ့ဝန်ထမ်းများနှင့် သာမန်အရပ်သားပြည်သူများ သည် အကြမ်းဖက်မှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေကြရဆဲဖြစ်သည်။
NUG နှင့် PDF တို့၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာကြီးသည် နှစ်နှစ်ကျော် သုံးနှစ် နီးပါး နှုတ်ပိတ်ရေငုံ တုံဏှိဘာဝေ လုပ်နေခဲ့ကြပါ သည်။ သို့ရာတွင် ယခုအခါ မြန်မာ့ဒီမိုကရေစီအရေး အတွက်     ထောက်ခံအားပေးနေသည်ဆိုသည့် အမေရိကန်နိုင်ငံကြီးသည်ပင်လျှင်    ပြီးခဲ့သည့် နိုဝင်ဘာ  ၃၀  ရက်   ညပိုင်းတွင်     အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက “၂၀၂၂ ခုနှစ်အတွက် နိုင်ငံအလိုက်အကြမ်းဖက်မှုဆိုင်ရာ  အစီရင်ခံစာ (Country Reports on Terrorism 2022)” ၌ စာရင်း ဇယားများနှင့်တကွ ထုတ်ပြန်ဖော်ပြလာသည်။
ယင်းအစီရင်ခံစာအတွက်  ကိုးကားထားသော “Annex of Statistical Information” ခေါင်းစဉ်ပါ စာရင်းဇယားအချက်အလက်များတွင် မြန်မာနိုင်ငံ နှင့် စပ်လျဉ်း၍ ထူးခြားချက်အဖြစ်   “၂၀၂၂ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်များအနက် ၁၉၈ မှု(ဖြစ်စဉ်အားလုံး၏ ၅၀ ရာခိုင်နှုန်း)ကို  အဓိက ကျူးလွန်သူသည် PDF   အကြမ်းဖက်အဖွဲ့ဖြစ်သည်”ဟူ၍ ဖော်ပြထားသည်။
အဆိုပါကိုးကားထားသော “Annex of Stat-istical Information” တွင် “Geographic Trends of Terrorism” ခေါင်းစဉ်အောက်၌  နိုင်ငံအလိုက် စာရင်းဇယားအချက်အလက်များကို ဖော်ပြထားရာ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍  ၂၀၂၂ ခုနှစ်တွင် မြန်မာ နိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၃၉၁ မှုရှိခဲ့ပြီး သေဆုံးသူ ၂၁၃၀  ရှိကြောင်းနှင့်  ၂၀၂၁  ခုနှစ်နှင့် နှိုင်းယှဉ်ပါက အကြမ်းဖက်မှုဖြစ်စဉ်များတွင် ၁၀ ရာခိုင်နှုန်းနှင့်သေဆုံးမှုတွင် ၅၀ ရာခိုင်နှုန်းတိုးမြှင့် လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
 အကြမ်းဖက်မှုဖြစ်စဉ်များ
ဆက်လက်၍ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော   အကြမ်းဖက်မှုဖြစ်စဉ်များအနက် ၁၉၈ မှု  (ဖြစ်စဉ်အားလုံး၏ ၅၀ ရာခိုင်နှုန်း)ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့   (PDF)  က  အဓိက ကျူးလွန်ခဲ့ပြီး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) က အကြမ်းဖက်မှု ၂၉ မှု  (ခုနစ်ရာခိုင်နှုန်း)၊  ကရင်နီ တိုင်းရင်းသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အကြမ်းဖက်မှု ၂၇ မှု(ခုနစ်ရာခိုင်နှုန်း)ကျူးလွန်ခဲ့ပြီး မည်သည့်အဖွဲ့က   ကျူးလွန်ကြောင်း   တိကျစွာ မသိရှိရသည့်  အကြမ်းဖက်မှု  (၁၄ ရာခိုင်နှုန်း) ရှိ ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၌          အများဆုံးတွေ့ရှိရသည့် အကြမ်းဖက်မှုအမျိုးအစားများမှာ ပစ်ခတ်မှု ၃၈ ရာခိုင်နှုန်း၊  မြေမြှုပ်မိုင်း  သို့မဟုတ် Improvised explosive device (IED) ၂၁ ရာခိုင်နှုန်းနှင့် ဗုံးခွဲမှု ၁၉ ရာခိုင်နှုန်းတို့ဖြစ်ပြီး မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားရာ ဒေသများအဖြစ် စစ်ကိုင်းတိုင်း ဒေသကြီး၊     ရန်ကုန်တိုင်းဒေသကြီးနှင့်    ကချင် ပြည်နယ်တို့ကို    ဖော်ပြထားကာ    စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၁၀၇ မှု (၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၄၂ မှု (၁၁ ရာခိုင်နှုန်း) နှင့် ကချင် ပြည်နယ်တွင် ၃၆ မှု (ကိုးရာခိုင်နှုန်း) ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြခဲ့သည်။      


အမေရိကန်နိုင်ငံခြားရေး    ဝန်ကြီးဌာနသည် ယခုအစီရင်ခံစာမှစတင်၍ PDF များ၏ အကြမ်းဖက် မှုများအား ဖော်ပြခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်သမား များ၏        အကြမ်းဖက်လုပ်ရပ်များကြောင့် တထိတ်ထိတ်တလန့်လန့်  ကျီးလန့်စာစား ဖြစ်နေ ကြရသည့်       သာမန်အရပ်သားပြည်သူများနှင့် ငြိမ်းချမ်းရေးကို    လိုလားပြီး  အေးချမ်းစွာနေထိုင် လိုကြသည့်    မြန်မာပြည်သူ   လူထုကြီးအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ခဲ့သည်။
ထိုနည်းတူ ကျည်ကွယ်မျက်ကွယ်ဘေးလွတ်ရာ ပြည်ပနိုင်ငံများတွင်   နေထိုင်ပြီး      မိမိတို့အာဏာ ပြန်လည်ရရှိရေးအတွက် လူငယ်များကိုအသုံးချ၍ အကြမ်းဖက်လမ်းစဉ် လမ်းမှားသို့ တွန်းပို့ခိုင်းစေခဲ့ သော   နိုင်ငံရေးသမားအမည်ခံ    ကိုယ်ကျိုးရှာငို့ဘ အစွန်းရောက်ဝါဒီများအတွက်လည်း အချက်ပေး သံချောင်းခေါက်သံတစ်ရပ် ဖြစ်လာသည်။
ကမ္ဘာပေါ်ရှိ    အကြမ်းဖက်မှုဖြစ်စဉ်များကို လေ့လာကြည့်လျှင်  အကြမ်းဖက်အဖွဲ့များသည် နိုင်ငံရေး၊    သဘောတရားရေး၊      ဘာသာရေး၊ လူမျိုးရေးရည်မှန်းချက်များ အလို့ငှာ အကြမ်းဖက် နည်းလမ်းများကိုအသုံးပြုရာတွင် ပြည်သူလူထုကို ကြောက်လန့်စေရန်၊ ချောက်ချားလာစေရန် ဖန်တီး လုပ်ဆောင်လေ့ရှိကြသည်။
ထို့ကြောင့် ကုလသမဂ္ဂက လုံခြုံရေးကောင်စီ Resolution ၁၅၆၆ တွင်   နိုင်ငံရေးအရ၊  သဘော တရားအရ    ရည်ရွယ်ပြီး   သာမန်လူထုကိုဖြစ်စေ၊ အုပ်စုတစ်ခုကိုဖြစ်စေ       တမင်သက်သက်ထိခိုက် ဒဏ်ရာရရှိအောင်၊ သေဆုံးအောင်၊ သို့မဟုတ် ပြန်ပေး ဆွဲခြင်း စသည့်ရာဇဝတ်မှုထိုက်သင့်သည့် လုပ်ရပ် များကို Terrorism ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
သို့ရာတွင် အကြမ်းဖက်ဝါဒီများသည် အကြမ်း ဖက်မှုများကို   လုပ်ဆောင်ရာတွင်   ရိုးသားသော၊ မသိနားမလည်သော   လူငယ်များကို     သွေးထိုး လှုံ့ဆော်၊ မြှောက်ပင့်၍ လည်းကောင်း၊ အမုန်းတရား များ  ရိုက်သွင်း၍လည်းကောင်း စေခိုင်းလေ့ရှိသည်။ အယ်လ်ကေဒါ၊ ဟားမားစ်၊ တာလီဘန်နှင့် တစ်ချိန် က သီရိလင်္ကာမှ ဘလက်တိုက်ဂါး   အကြမ်းဖက် အဖွဲ့များဆိုလျှင် အကြမ်းဖက်မှုများကို လုပ်ဆောင် ရာ၌ လူငယ်များသာမက  ကလေးသူငယ်များနှင့် အမျိုးသမီးများကိုပါ     အသေခံဗုံးခွဲသူများအဖြစ် အသုံးချခဲ့ကြသည်။
သို့ဖြင့် မသိနားမလည်မှုကြောင့် လမ်းမှားပေါ်သို့ ရောက်ရှိနေကြသော အချို့သော  မြန်မာလူငယ်များ အနေဖြင့်လည်း အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း သို့  ဝင်ရောက်လာခဲ့ကြသည့်  လူငယ်များနည်းတူ အကြမ်းဖက်မှုဝဲဂယက်အတွင်းမှ ရုန်းထွက်ချိန်တန် ပါပြီ။    ။