
နေပြည်တော် နိုဝင်ဘာ ၁၀
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးအတ္တကို အခြေခံ၍ လည်ပတ်နေသော အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို နေရာအချို့၌ ကျူးလွန် လုပ်ဆောင်လျက်ရှိရာ ကျောင်းများပြန်လည်ဖွင့်လှစ်လျက်ရှိသည့် အချိန်တွင်လည်း ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၊ ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများ ကြောက်ရွံ့ထိတ်လန့်စေရန် လုပ်ကြံသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းတို့အထိ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အင်းဒိုင်းကုန်း ရပ်ကွက်ရှိ အမှတ်(၉) အခြေခံ ပညာ ကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းဝင်းအတွင်းရှိ မုန့်ဆိုင်တန်း အဟောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အလားတူ နိုဝင်ဘာ ၈ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းလေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်းရှိ ဆရာ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောက် အအုံ နှစ်လုံးအား အကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့ သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် နံနက် ၁ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှု ကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ခန်းတွဲ မြေစိုက်အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင်လည်း ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာရှိ တိုးမာလာအခြေခံပညာမူလတန်းကျောင်း၏ နှစ်ထပ်ကျောင်းဆောင် အနောက် ဘက် လှေကား၌ အဝတ်စ တစ်စ မီးလောင်နေသည်ကို တွေ့ရှိရ သဖြင့် ပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ပြီး ကျောင်းပေါ်သို့ ကြည့်ရှုခဲ့ရာ ကျောင်းအပေါ်ထပ် ဝရန်တာရှိ သစ်သားကြမ်းခင်းများ ပေါ်တွင် ဒီဇယ်ဆီများ လောင်း ထားသည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ကြား လျက်ရှိသည့် စာသင်ကျောင်းများ၊ ဆရာ ဆရာမများ နားနေဆောင် များနှင့် ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှု များ ကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်