အကြမ်းဖက်မှုသံသရာနှင့် သမိုင်းသင်ခန်းစာ

Type

 

ဇာနည်ဘွား

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာကို မေ  ၉ ရက် နံနက်ပိုင်းတွင် PDF  အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံး ခဲ့ပြီး အမျိုးသား ငါးဦး၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင်  အကြမ်းဖက်သမားများက  ကျေးရွာအတွင်းရှိ အိမ်ခြေ ၅၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။ လူမှုကွန်ရက်စာမျက်နှာများ၏ ဖော်ပြချက်များအရ သေဆုံးသူများထဲတွင် ကလေးငယ်အချို့လည်း ပါဝင် ခဲ့သည်ကို တွေ့ရသည်။
မြင်းခြံမြို့နယ် ဆုံရွာကျေးရွာ၌  အကြမ်းဖက် သမားများ၏  လူမဆန်စွာ  ကျူးလွန်ခဲ့ကြသည့် ရက်စက်ကြမ်းကြုတ်မှုအပေါ်   မြန်မာနိုင်ငံရှိ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများက ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ 
PDF အမည်ခံအကြမ်းဖက်သမားများ၏ နိုင်ငံ တစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၂၉ ရက်နေ့အထိ သုံးနှစ်တာကာလအတွင်း ရဟန်း သံဃာ ၇၇ ပါး ပျံလွန်ကာ သီလရှင် နှစ်ပါး၊ အပြစ်မဲ့ ပြည်သူ ၅၆၇၇ ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး စုစုပေါင်း ၆၈၈၀  သေဆုံးခဲ့သည်။ 
ထို့ပြင် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင် EAO  အဖွဲ့အချို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လမ်း၊ တံတားများ၊ တာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ မီးရထား လမ်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာ ရေး အဆောက်အအုံများအပါအဝင် အများပြည်သူ ဆိုင်ရာ    အခြေခံအဆောက်အအုံများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ 
အကြမ်းဖက်လမ်းစဉ်အတိုင်း 
ဆက်လက်လျှောက်လှမ်းနေ
PDF   အမည်ခံ  အကြမ်းဖက်သမားများနှင့် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့သည် အတိတ်ကဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲအရ   ပေါ်ပေါက်လာခဲ့သော  ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)၊ ကွန်မြူနစ်ပါတီဗမာပြည် (အလံနီ)နှင့် ကေအင်န်ယူအဖွဲ့များ၏အကြမ်းဖက် လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းနေခြင်း သာဖြစ်သည်ဟု ဆိုရပေမည်။
၁၉၄၉ ခုနှစ် မေလတွင် ကေအင်ဒီအို ကရင် သောင်းကျန်းသူများက  ပဲခူးခရိုင်  ဆိတ်ပျံကြီးရွာ တွင် အမျိုးသား ၁၅၇ ယောက်တို့အား တစ်နေရာ တွင် စုဝေးစေပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့ရာ တစ်ရွာလုံး မုဆိုးမဖြစ်ခဲ့ရသည်။ အလားတူ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရွာများတွင်လည်း ယောကျ်ားမှန်သမျှကို သတ်ဖြတ်ခဲ့ကြသည်။
၁၉၅၀   ပြည့်နှစ်  မတ်လ  ၅  ရက်နေ့တွင် တပ်မတော်က   ဖြူးမြို့ကို  ပြန်လည်သိမ်းပိုက်ခဲ့ ရာတွင် ကေအင်ဒီအို ကရင်သောင်းကျန်းသူများက မဆုတ်ခွာမီ မြို့သူမြို့သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားခဲ့သည်။ တပ်မတော်သားများ ဖြူးမြို့သို့ တစ်လမ်းဝင် တစ်လမ်းထွက် ဝင်ရောက် လာသောအခါ လမ်းဘေး၊ အိမ်ပေါ်၊ အိမ်အောက်၊ မြောင်းတွင်း    စသည့်နေရာအနှံ့တွင်   ဓားနှင့် ခုတ်သတ်ထားသော အလောင်းများ ဖွေးဖွေးလှုပ်မျှ ရှိသည်ကို မြင်တွေ့ခဲ့ကြရသည်။ မြို့တွင်းသတ်ဖြတ် ခဲ့သော အလောင်းများ စာရင်းကောက်ယူရာတွင် သေဆုံးသူ ၃၅၀  ရှိပြီး အိမ်ခြေ  ၄၀၀  ခန့်လည်း မီးလောင်ကျွမ်းခဲ့သည်။
၁၉၅၄ ခုနှစ်   နိုဝင်ဘာလ  ၁၅  ရက်နေ့တွင် စစ်တောင်းမှ မုတ္တမသို့ ခုတ်မောင်းလာသော  မီးရထား အား လင်းထင်ခေါင်းဆောင်သော   ကေအင်ဒီအို ကရင်သောင်းကျန်းသူများက   ဒုံးဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာအကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ခရီးသည်များထံမှ  ရွှေငွေပစ္စည်းများကို  လုယက် ယူဆောင်သွားကြသည်။ ထိုမျှမက ရထားပေါ်တွင် ကျောင်းပိတ် ၍ ပြန်လာသည့်  တက္ကသိုလ်ကျောင်းသူ ၄၀ ကျော် အပါအဝင် အမျိုးသမီး ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ထိုင်း နယ်စပ်တွင်  တပ်စွဲထားသော   တရုတ်ကူမင်တန်တပ် မှ    ဗိုလ်ချုပ်လောလီထံ   လက်နက်ခဲယမ်းများနှင့် လဲလှယ်ရောင်းစားခဲ့ကြသည်။ 
ကေအင်န်ယူအဖွဲ့သည် ဆူပူသောင်းကျန်းမှု စတင်ကတည်းက အစုလိုက်၊ အပြုံလိုက် လူသတ်ပွဲ များ၊ ရာဇဝတ်မှုများကို အကြီးအကျယ် ကျူးလွန် ခဲ့ကြသည်။   ကေအင်န်ယူအဖွဲ့သည် နယ်ချဲ့အားကိုး မှု၊ အမြင်ကျဉ်းမြောင်းမှုများဖြင့် အဖျက်လုပ်ငန်း များကို လုပ်ဆောင်ရာမှ စစ်ဘုရင်ဝါဒကိုကျင့်သုံးလာသည်ဟုဆိုသည်။ နောက်ဆုံး ကရင်လူထုကပါ လက်မခံတော့သောအခါ   ၁၉၅၀  ပြည့်နှစ်မှစ၍ မြို့ပြများမှဆုတ်ခွာကာ တောကြိုအုံကြားသို့ ပြေးရ တော့သည်။ 
ကော်သူးလေ တော်လှန်ရေးစစ်တမ်း
၁၉၅၉ ခုနှစ် အောက်တိုဘာလ ၂၀ ရက်စွဲဖြင့် ထုတ်ဝေသော ကော်သူးလေ ရဲဘော်များ၏ တင်ပြ ချက်များဖြစ်သည့် ကော်သူးလေ တော်လှန်ရေး စစ်တမ်းတွင်လည်း “ဗမာ အမျိုးသားများ၏ ဖိနှိပ် ချုပ်ချယ်မှုကို မခံမရပ်နိုင်၍ ငါတို့တော်လှန်ခဲ့ကြ သည်ဟုဆိုသော်လည်း     ငါတို့သိမ်းပိုက်ပြီးသော နယ်မြေများအတွင်းရှိ ဗမာ၊ မွန်၊ ပအိုဝ်း၊  ကုလား၊ တရုတ် အစရှိသော လူမျိုးစုမှန်သမျှကို ငါတို့ဖိနှိပ် ချုပ်ချယ်  လက်ဝါးကြီးအုပ်ခဲ့ကြသည်။  နိုင်ငံရေး စကားအရပြောလျှင် ဗမာလူမျိုးကြီးဝါဒကို ငါတို့ တော်လှန်ခဲ့ကြသော်လည်း ငါတို့အာဏာစိုက်ထူနိုင် သော  အချိန်ပိုင်းကလေးတွင်ပင်   အခြားလူမျိုးစု အားလုံးအပေါ်တွင်    ငါတို့သည်   ပိုမိုရက်စက် ကြမ်းကြုတ်သော ကရင်လူမျိုးကြီးဝါဒတစ်ရပ်ကို ကျင့်သုံးခဲ့ကြပေသည်။ ထို့ကြောင့်လည်း မည်သည့် လူမျိုးစုမျှ   အကြွင်းမဲ့ထောက်ခံမှုကို  ငါတို့မရခဲ့ ကြသည်သာမက ငါတို့အား အထင်သေးမှု၊ မုန်းတီး ရွံရှာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်။ လက်နက်ကိုင်အနေ ဖြင့်  ကျေးရွာပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ရမ်းကားခြင်းများ   ပြုလုပ်ကြလေရာ အခြားအမျိုးသားမဆိုထားဘိ    ကရင်အမျိုးသား ကပင်လျှင် ငါတို့အား ရွံရှာစက်ဆုပ်ကာ တော်လှန် ရေးကိုပင် ငြီးငွေ့လာကြပေသည်”ဟု စသည်ဖြင့် သုံးသပ်ဖော်ထုတ်ခဲ့သည်။ ထို့ပြင် ကရင်တော်လှန် ရေး  အဘယ်ကြောင့်  ရှုံးနိမ့်ရသည်ကို ပြန်လည် သုံးသပ်ရာတွင်    နယ်ချဲ့သမားကို   အလွန်အကျွံ အားကိုးခြင်း၊    စစ်ဘုရင်ဝါဒထွန်းကားလာခြင်း၊ လူထုဆန့်ကျင်ရေး           အကြမ်းဖက်လုပ်ငန်း များ   ထွန်းကားလာခြင်းတို့ကြောင့်ဟု  ဆိုကြသည်။  
စောဘဦးကြီးအလွန် ကေအင်န်ယူခေါင်းဆောင် အချို့သည် ကေအင်န်ယူတို့၏ ပထမလမ်းစဉ်မှာ မည်သည့်အနှစ်သာရမှမရှိဘဲ     ထင်ရာစိုင်းဝါဒ ဖြစ်သည်ဟုဆိုကာ   ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကာ 
(၁)     နယ်ချဲ့ပဒေသရာဇ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေး၊
(၂)    ကရင်ပြည်နယ်ရရှိရေး၊
(၃)    ကရင်အမျိုးသားဘဝလွတ်မြောက်ရေး၊
(၄)    အဖျက်သမားများ၊ အချောင်သမားများ အား    ဆန့်ကျင်တိုက်ခိုက်ရေးဟူသည် ဒုတိယလမ်းစဉ်ကို    ချမှတ်ခဲ့သည်။ ကေအင်န်ယူပါတီသည် “ဒုတိယလမ်းစဉ်” အား  “တိုးတက်သော တော်လှန်သော လမ်းစဉ်” ဟု ဆိုသည်။  
သို့သော် မန်းဘဇန်တို့ ချမှတ်ပေးသော ဒုတိယ လမ်းစဉ်ကို ပဲခူးရိုးမဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသ တွင်သာ   ကျင့်သုံးနိုင်ခဲ့ပြီး   အရှေ့တိုင်းခေါ် စစ်တောင်းမြစ်နှင့်   အရှေ့ဘက်  နယ်နိမိတ်မျဉ်း အကြားရှိ ကရင်ပြည်နယ်တွင် ကျင့်သုံးနိုင်ခဲ့ခြင်း မရှိပေ။    အရှေ့တိုင်း  ကေအင်န်ယူများသည် အကြမ်းဖက်ဝါဒကို ကျင့်သုံးဆဲဖြစ်သည်။
မြစ်ဝကျွန်းပေါ်တိုင်းရှိ   ဗမာပြည်ကွန်မြူနစ် ပါတီနှင့်  ကေအင်န်ယူပါတီတို့သည်လည်း အမျိုးသား ဒီမိုကရေစီ    ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ဟူသောအမည်ဖြင့်       ဒေသခံပြည်သူတို့အပေါ်   ဆက်ကြေးတောင်း၊   လုယက်ညှဉ်းပန်းနှိပ်စက်ရုံ မက မထင်ရင်မထင်သလို သတ်ဖြတ်ခဲ့ကြပြန်သည်။
ဧရာဝတီမြစ်အတွင်း၌  ခရီးသည်တင်သင်္ဘောကြီးများဖြစ်သော ရွှေပြည်သာ၊ ရေတမာ၊ ဒဂုံမေ၊ ဒဂုံလွင်၊ တိုးကြွယ်၊ မင်းကြီး၊ မင်းလှ၊ ချမ်းသာကြီး တို့ကို  အဓမ္မဖမ်းဆီးခဲ့ပြီး  ခရီးသည်များထံမှ ရွှေငွေ ပစ္စည်းများကို  လုယက်ခဲ့ကြသည်။  ဧရာဝတီမြစ် အတွင်း ခရီးသွားလာရေးများကို ပိတ်ပင်တားဆီး ခဲ့ကြသည်။
အစိုးရကျောင်းများကို အဓမ္မပိတ်ပင်စေခဲ့
ထို့ပြင်  “ဖောက်ပြန်သော  ဖက်ဆစ်အစိုးရ၏ ကျွန်ပညာရေးနှင့်    ဖောက်ပြန်သောလူမှုရေးကို အခြေခံသည့်ကျောင်းများနှင့် ဆေးပေးဌာနများကိုဖျက်ဆီးပစ်ရမည်”ဟုဆိုကာ အစိုးရကျောင်းများကို အဓမ္မပိတ်ပင်စေခဲ့သည်။   ကျောင်းများကို  မီးရှို့ခဲ့ သည်။   ဆေးပေးခန်းများကို  ဖျက်ဆီးခဲ့ကြသည်။ တောင်သူလယ်သမားတို့၏    သားသမီးများမှာ စာသင်ချိန်အရွယ်တွင် စာမသင်ကြရဘဲ စာမတတ်၊ ပေမတတ်ဖြစ်ခဲ့ကြရသည်။  ဆေးပေးဌာနများ၌ လည်း ဆေးကုသခွင့်မပြုခဲ့ကြချေ။
၁၉၆၇   ခုနှစ်   မေလ   ၂၉  ရက်နေ့ ညတွင် မြောင်းမြခရိုင် ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက် ကိုင်တပ်ဖွဲ့ဝင်များသည် မြောင်းမြခရိုင် လပွတ္တာ မြို့နယ်  ရွေးမြစ်ကမ်းဘေးရှိ အိမ်ခြေ ၈၀၀ ကျော် ရှိသော ရွှေပြည်သာရွာကို မီးတုတ်တင်၍ ရှို့ခဲ့ကြ သည်။ ရွှေပြည်သာရွာသည် တော်လှန်ရေးအစိုးရ၏ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ရွာသစ် တည်ထားခြင်းဖြစ်၍ ဗမာပြည်ကွန်မြူနစ်ပါတီက
ရွှေပြည်သာရွာအား  အာဏာနီတည်ဆောက်ရေး ၏ အဟန့်အတားဖြစ်သည်ဆိုကာ မီးတင်ရှို့ခဲ့ခြင်း ဖြစ်သည်။ 
ထို့ပြင်    မြောင်းမြခရိုင်အတွင်းရှိ   မဒညတ တပ်ဖွဲ့ဝင်များသည် ရိက္ခာရရှိရေးအတွက် အရေးပေါ် ညွှန်ကြားချက်အရ   အစိုးရကို   စပါးရောင်းချမှု ပိတ်ပင်ရုံမက ဝမ်းစာကြိတ်ခွဲရန်သွားသော စပါး များကို လမ်းခုလတ်မှဖြတ်၍ သိမ်းဆည်းလုယက် ယူငင်ခဲ့ကြရာ   ဒေသခံ    ကရင်-ဗမာ  တောင်သူ လယ်သမားကြီးများမှာ ဝမ်းစာအတွက်ပင် ရတက် မအေး ဖြစ်ခဲ့ကြရသည်။ မဒညတအဖွဲ့ဝင်များ၏ ထိုကဲ့သို့ ဆက်ကြေးတောင်း၊ လုယက်၊ ညှဉ်းပန်း နှိပ်စက်၊   သတ်ဖြတ်၊   မီးရှို့  စသည့်အကြမ်းဖက် လုပ်ရပ်များကို အနှစ်နှစ်အလလ အလူးလူးအလိမ့် လိမ့်ခံခဲ့ကြရသော တိုင်းရင်းသားပြည်သူအပေါင်း သည် သည်းမခံနိုင်တော့သည့်အဆုံး အုံကြွပေါက်ကွဲ လာခဲ့ကြသည်။ 
ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့
တံခွန်တိုင်၊     လမ်းသမိုင်ရွာမှ    အစပြု၍ သောင်းကျန်းသူများကို    ဆန့်ကျင်လာကြသည်။ သောင်းကျန်းမှုဆန့်ကျင်ရေး ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း၍ ဓားရှည်များ၊ လှံများ၊ မှိန်းများ၊ ဝါးချွန်များ၊ ဒူးလေးများ   စသည့်  ရရာလက်နက်ကို  ကိုင်စွဲကာ အကြမ်းဖက်သောင်းကျန်းသူများအား    ပြန်လည် တွန်းလှန်တိုက်ခိုက်ခဲ့ကြလေသည်။
ထိုမှတစ်ဆင့်တက်၍      ဒေသခံ  ကရင်-ဗမာ တိုင်းရင်းသားပြည်သူများသည်    တပ်မတော်နှင့် ပူးပေါင်းလက်တွဲကာ    မြစ်ဝကျွန်းပေါ်ဒေသမှ သောင်းကျန်းသူများကို  အမြစ်ဖြတ်ချေမှုန်းခဲ့ကြ သည်။ နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်တို့ ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့သော ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးအောင်ပွဲများနှင့်အတူ မြစ်ဝကျွန်းပေါ်ဒေသသည် သောင်းကျန်းမှုကင်းစင်သော အဖြူရောင်နယ်မြေ ဖြစ်လာခဲ့ပေသည်။
သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီသည်လည်း ဒေသခံပြည်သူများထံမှ ဆန်လုသည်။ ပစ္စည်းလု သည်။ ပြီးလျှင် ရွာမီးတင်ရှို့သည်။ အမြင်မတူသူများ၊ မထောက်ခံသူများ၊ ဆန့်ကျင်သူများကို ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ကြသည်။
၁၉၆၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့တွင် အလံနီ ကွန်မြူနစ်ပါတီသည် ပခုက္ကူခရိုင် ထီးလင်းမြို့နယ် ဆင်စွယ်ရွာမှ ရွာသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ တပ်မတော်သားများဟန်ဆောင် ကာ ရွာသို့ဝင်၍ ရွာသားများအား ပစ္စည်းသယ်ပိုးပေး ရန်ဟုဆိုကာ အားလုံးကိုစုဝေးစေပြီး လက်ပြန်ကြိုး တုပ်၍ ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်ခဲ့လေသည်။  ၇၂ ဦး ပွဲချင်းပြီးသေဆုံး၍ နှစ်ဦးမှာ နောက်တွင် သေဆုံးသည်။
ဗိုလ်ချုပ်စန်းယုနှင့်   အဖွဲ့ဝင်များ   မန္တလေးမှ အမြန်သွားရောက်သောအခါ   အလောင်းတွေ ထပ်လျက်ရှိသေးသည်။ မိန်းမတွေသာ စိတ်နာသော မျက်နှာထားဖြင့် ကျန်ရစ်တော့သည်။ တပ်မတော်က ယူလာသော ရိက္ခာကို  ဝေငှ၍  ကျွေးမွေးရသည်။ သံဃာကိုပင့်၍ ဆွမ်း၊ ပစ္စည်းကပ်လှူကာ သရဏဂုံ တင်၊ သင်္ဂြိုဟ်ခြင်းပြုလုပ်ရသည်။  ရွာကိုစောင့်ရှောက် ပေးရသည်။ ကူညီထူထောင်ပေးရသည်။ အလုပ် အကိုင်ရှာပေးရသည်။     ရွာသူ  ရွာသားများနှင့် ကလေးများကို ရန်ကုန်မြို့သို့ စိတ်ပြေလက်ပျောက် ဘုရားဖူးပို့ပေးသည်။   အချို့သော   ဆင်စွယ်ရွာမှ လူငယ်များအား ရန်ကုန်မြို့သို့ပို့ကာ ပညာသင်စေ သည်။ 
ဆင်စွယ်ရွာ အစုလိုက်  အပြုံလိုက်  လူသတ်ပွဲ အပြီးတွင် သခင်စိုး၏အလံနီကွန်မြူနစ်ပါတီသည် လည်း နာလန်မထူတော့ချေ။ ပြည်သူက အလံနီကို မုန်းလေပြီ။ အလံနီအား ရွာနားအကပ်မခံ။ အလံနီ သတင်း တပ်မတော်ကိုပေးသည်။ ဆင်စွယ်ရွာသည် အလံနီ၏ ဘဝနိဂုံး၏အစ ဖြစ်ခဲ့လေသည်။
၁၉၇၀ ပြည့်နှစ်တွင် ယော၊ ဆောအနီး နှမတော် တောင်၊ ဒူးတော်တောင်တွင် သခင်စိုးတို့ရှိသည် သတင်းရ၍    တပ်မတော်နှင့်    ပြည်သူ့စစ်တို့က အင်အားအလုံးအရင်းဖြင့်  ပြေးပေါက်မရှိအောင် ဝိုင်းရံထားလိုက်ကြသည်။ ဘေးပတ်ဝန်းကျင်ရွာ များကလည်း ရိက္ခာမပေး၊ ခိုလှုံခွင့်မပေး။ မည်သည့် နည်းနှင့်မျှ အားပေးကူညီမှုမပြုခဲ့ချေ။ နောက်ဆုံး သခင်စိုးနှင့် သူ၏ နောက်ဆုံး ဇနီးငယ်၊ သားငယ် တို့ကို တပ်မတော်က ဖမ်းမိခဲ့သည်။ 
အကြမ်းဖက်လမ်းစဉ်သည် အမြစ်တွယ်လာခဲ့
ဤသို့ဖြင့်      မြန်မာနိုင်ငံ၏     ပြည်တွင်း သောင်းကျန်းမှုသမိုင်းတွင် အကြမ်းဖက်လမ်းစဉ် သည် အမြစ်တွယ်လာခဲ့လေသည်။ အကြမ်းဖက်မှု သံသရာရှည်ကြာသည်နှင့်အမျှ အပြစ်မဲ့ပြည်သူ တို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနစ်နာမှုများ ကလည်း အတောမသတ်အောင် များပြားလျက် ရှိပေသည်။ အကြမ်းဖက်လမ်းစဉ်နှင့် အကြမ်းဖက်မှု များ သမိုင်းတစ်ပတ် ပြန်မလည်စေရေးအတွက် နိုင်ငံသားတိုင်း သမိုင်းသင်ခန်းစာအဖြစ် ရယူနိုင်စေ ရန် တင်ပြလိုက်ရပါသည်။     ။