
နေပြည်တော် ဖေဖော်ဝါရီ ၁၇
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံPDF အမည်ခံ အကြမ်းဖက်သမားများ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ် နှောင်ထားသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြို့ရွာအချို့မှ နိုင်ငံ့ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပုလောမြို့နယ် ကဒဲကျေးရွာအတွင်းရှိ နေအိမ် အတွင်းမှ ကောင်းမွန်စွာ ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရ သည်။
ဖမ်းဆီးချုပ်နှောင်ခံထားရသူ များအား ပြန်လည်ကယ်ဆယ်
ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရှိ မြို့ရွာအချို့မှ နိုင်ငံ့ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ အား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို ပြုလုပ်လျက်ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် သတင်းဆက် ရှာဖွေ ဖော်ထုတ်ခြင်းနှင့် စုံစမ်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသူများ အား ပြန်လည်တွေ့ရှိရေး လိုအပ် သည့် ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပုလောမြို့နယ် ကဒဲကျေးရွာအတွင်းရှိ နေအိမ် တစ်လုံးအတွင်း၌ ဖမ်းဆီးချုပ် နှောင်ခြင်း ခံထားရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ သည်။
ကနဦး စစ်ဆေးမေးမြန်းချက် များအရ ၎င်းတို့သည် နိုင်ငံ့ ဝန်ထမ်းများ၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံများဖြစ်ကြောင်း သိရှိရပြီး ထားဝယ်-မြိတ် ကားလမ်း တစ်လျှောက် ပုံမှန်သွားလာလျက် ရှိစဉ်နှင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်လျက်ရှိစဉ် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရ ချိန်တွင် ရိုက်နှက်မှုများရှိကြောင်း နှင့် ၎င်းတို့ပိုင်ဆိုင်သည့် လက်ကိုင် ဖုန်း၊ ငွေနှင့် ပစ္စည်းများအား သိမ်းဆည်းခံခဲ့ရကာ ကဒဲကျေးရွာ ရှိ နေအိမ်အတွင်း၌ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံခဲ့ရကြောင်း၊ နေအိမ်အပြင်မှ သော့ခတ်၍ PDF အမည်ခံအကြမ်းဖက်သမား ၁၀ဦး ခန့်က စောင့်ကြည့်လျက်ရှိ ကြောင်းနှင့် ၎င်းတို့၏ ရှေ့တွင် ယခင် ဖမ်းဆီးခံရသူ သုံးဦးခန့် အား လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားသည်ကို တွေ့ရှိ ရပြီး ၎င်းတို့မှာ ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း သိရှိရပြီး ၎င်းတို့၏ ပြောဆိုချက် များကို ယခုလို ကြားသိရ သည်-
အမျိုးသမီးတစ်ဦး
သမီးက ကော့သောင်းကနေ နေပြည်တော်ကိုသွားမှာ၊ ဖေဖေဆီ ကို သွားမှာပါ။ ပုလောမြို့နယ် သင်္ကန်းတော ကွေ့ရောက်တာနဲ့ PDF အဖွဲ့တွေနဲ့တွေ့တယ်။ သမီး မှတ်ပုံတင်ကို ကြည့်တယ်။ သမီး ကိုဖမ်းတဲ့အချိန်မှာ သူတို့က အယောက် ၃၀ လောက်ရှိမယ်။ အရိုက်ခံထိမှာ စိုးလို့ အကုန် ပြောလိုက်တယ်။ အဲဒီမှာ မိန်းကလေးတွေလည်းမရှောင်ဘူး ရိုက်တယ်ဆိုတော့။ သမီးကို မေးတာနဲ့ အကုန်ပြောလိုက်တယ်။ ဖုန်းလည်း သိမ်းလိုက်တယ်။ မှတ်ပုံတင်ကတော့ ပြန်ယူထား တယ်။ ဒီ ၂ လပိုင်း ၂ ရက်နေ့က အဲဒီကို စရောက်တယ်။ ၁၅ ရက် တိတိနေရတယ်၊ အဲအထဲမှာ။ ထင်တာကတော့ လွှတ်ပေးမယ့် အစီအစဉ် မရှိပါဘူး။ သူက မိန်းကလေးဆိုတော့ ချက်ချင်း မသတ်သေးတာ။ တစ်နေ့တည်း ငါးယောက် ခေါ်ပြီး သတ်လိုက် တယ်။ သမီးတို့ကို စစ်နေတဲ့ အချိန်မှာပဲ အဲဒီ ငါးယောက်ကို ခေါ်တဲ့အချိန်မှာ သမီး သေနတ် သံကြားတယ်။ အဲဒီခေါင်းဆောင် က ကြားလားလို့ သမီးကို ပြော တယ်။ သမီးက ကြားတယ်ဆို တော့ သူက အပိုတွေမထားဘူး အကုန်ရှင်းပစ်မှာလို့ သမီးကို ပြောတယ်။ သမီးကို မသတ်နဲ့လို့ ပြောချင်တယ်။ ဒါပေမယ့် ကြောက်လို့ မပြောရဲဘူးလေ။ သူတို့မေးမှ ဖြေရတယ်။ သူခေါ် ထုတ်မှ ထွက်ရတယ်။ မထင်မှတ် ထားဘူး သမီးတို့ ဒီလိုမျိုးလွတ် မယ်လို့။ တအားဝမ်းသာ ပါတယ်၊ ကယ်တဲ့အတွက် ကျေးဇူးလည်း အများကြီး တင်ပါတယ်။
အမျိုးသားတစ်ဦး
ကျွန်တော့်ကိုဖမ်းတဲ့ နေရာ ကတော့ သင်္ကန်းတုန်းချောင်းနား မှာ ကျွန်တော့်ကို ဖမ်းတယ်။ ကျွန်တော့်ကို ဖမ်းတဲ့လူအင်အား ကတော့ ၁၅ ယောက်၊ အယောက် ၂၀ လောက်တော့ ရှိတယ်။ ကျွန်တော့်ကို ဘာကြောင့်ဖမ်းလဲ ဆိုတော့ အဖေက ဝန်ထမ်းဖြစ်နေ လို့၊ ဆည်မြောင်း ဦးစီးလည်းဖြစ် နေတယ်။ အဲဒီနေ့ဖြစ်တဲ့အချိန်မှာ မင်းအဖေက ဆည်မြောင်းဦးစီး လားဆိုပြီး ကျွန်တော့်ကို တိုက်ရိုက်မေးတယ်ဗျ။ ပစ္စည်း ရောင်းနေလို့ သူ့ကိုဖမ်းထားတယ်။ ပြီးတော့ သူ့ကို အိမ်ကလူတွေကို သိန်း ၃၀၀နဲ့လာပြီးရွေးခိုင်းတယ် လို့ပြောပါတယ်။ သိန်း ၃၀၀ နဲ့လာ ရွေးမယ်ဆိုရင် ၁၀ ရက်နေ့လွှတ် ပေးမယ်လို့ပြောတယ်။ အဲဒါကို သူကမရွေးဘူး ထွက်ပြေးသွား တယ်။ အဲဒီလိုထွက်ပြေးသွားတော့ သူ့ဘာသာ မိုင်းနင်းပြီး သေတာ လား။ ပစ်သတ်လိုက်လို့ သေတာ လားတော့ မသိဘူး။ အဲဒီတုန်းက ငါးယောက်ခေါ်သွားတယ်။ သူတို့ အဲဒီငါးယောက်ကို ပစ်သတ်လိုက် တယ်။ ကျွန်တော်တို့ကို လာပြီး ကယ်တာ ပျော်တယ်ဗျ။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဖမ်းဆီးခံရတဲ့ အချိန်တုန်းက ကျွန်တော်တို့ကို ဘယ်လိုစစ်ဆေး သလဲဆိုတော့ သူတို့ဖမ်းထားတဲ့ အချိန်မှာ သုံးရက်အတွင်း လာရွေး လို့ပြောတယ်။ လာမရွေးရင် မင်းတို့အလောင်းကို လာယူတော့ လို့ပြောကြတယ်။ အဓိကလိုချင် တာက အဖေပေါ့။ ကျွန်တော့် အဖေကို သူတို့က လိုချင်တာ။ ကျွန်တော့်အဖေ သွားရင် ကျွန်တော့်အဖေကို သူတို့က သတ်မှာ။
ဆရာမတစ်ဦး
ကျွန်မက မြကန်သာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ တစ်ယောက် ဖြစ်ပါတယ်။ ဝန်ထမ်းတွေမိသွားတော့ ခေါင်း ကို ငုံ့ပြီးဆင်းခဲ့လို့ ပြောပါတယ်။ CDM လုပ်လား၊ မလုပ်ဘူးလားလို့ သူတို့က မေးတယ်။ ကျွန်မက မလုပ်ပါဘူး။ ကျွန်မရဲ့အမေတွေ၊ အဖေတွေ အိုပါပြီ။ ကျန်းမာရေး မကောင်းတော့ပါဘူး ကျွန်မကို ဖမ်းဆီးခဲ့တဲ့နေ့ကတော့ ၁ လပိုင်း ၂၈ ရက်ကနေ ဖမ်းသွားတာ အခု ဖေဖော်ဝါရီ ၁၆ ရက်မှ ပြန်လွတ်ပါတယ်။ ကျွန်မကို ဖမ်းဆီးတဲ့ အချိန်တုန်းက သူတို့က သတ်မယ်၊ ဖြတ်မယ်လို့ ပြောပါ တယ်။ သူတို့မှာ လူအင်အား ကတော့ ကျွန်မတို့ကိုဖမ်းတုန်းက ဆို လူ ၁၀ ယောက်လောက်ရှိပါ တယ်။ အထဲမှာတော့ ရှိမှာပေါ့။ ကျွန်မတို့ကိုအပြင်က မမြင်ရဘူး။ ကျွန်မတို့သွားကတည်းက အထဲ မှာပဲ နေရပါတယ်။ ကျွန်မတို့ အထဲကနေ ဖမ်းသွားတဲ့အထဲမှာ လူ ၅ ယောက်ခန့် ခေါ်ဆောင်သွား ပါတယ်။ သူတို့ကပြောတယ်၊ သတ်လိုက်ပြီတဲ့။ ကျွန်မတို့မှာ ဝမ်းနည်းနေရပါတယ်။ ကြောက် နေရပါတယ်။ အခုကျွန်မတို့ကို တပ်မတော်က လာကယ်မယ်လို့ လုံး၀ မမျှော်လင့်ထားပါဘူး။ အခုလိုလာကယ်ပေးတဲ့ အတွက် ၀မ်းလည်းသာပါတယ်။
ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်
အပြစ်မဲ့အမျိုးသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီး ချုပ်နှောင်ခြင်း၊ အပြစ်မဲ့ ပြည်သူ များကို အကျပ်ကိုင်ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇ ဝတ်မှု (War Crime) ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှု များအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ် ကြီးနှင့်သက်ဆိုင်ရာ တည်ဆဲ ဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင် ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အများပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်းများရရှိက လုံခြုံရေး တပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ကြောင်း သိရသည်။
သတင်းစဉ်