
သစ်တောမောင်
သစ်တောသစ်ပင် အကျိုးကျေးဇူးစုံလင်
သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကို ပိုင်စိုးရသကဲ့သို့ အကျိုး ကျေးဇူးအမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေး ပါလှသည်။ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် မျက်မှောက်ခေတ် လူသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး အနာဂတ်မျိုးဆက် များ၏ စွမ်းဆောင်ရည်ကိုလည်း မလျော့ ပါးစေသည့် ဖွံ့ဖြိုးတိုးတက်မှုမျိုးဖြစ်စေရန် အထူးအရေးကြီးလှပါသည်။ စီးပွား ရေးသက်သက် ဖွံ့ဖြိုးတိုးတက်စေရန် ထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစသည့် အပြန်အလှန် ဆက်စပ်နေသော ဘက်စုံကဏ္ဍစုံ တစ်ပြေးညီ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း ကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
သစ်တောထိန်းသိမ်းရေး၊ သစ်တော စိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းနှင့် ဒီရေတောအပါအဝင် သစ်ပင်စိုက်ပျိုး ခြင်း လုပ်ငန်းစဉ်များသည် ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ဆောင်မှုများကို တိုးပွားစေ၍ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ အတွက် စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်း ကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ဖော်ဆောင်နိုင်ပါသည်။ သစ်တောများမှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ဆောင်မှု၊ ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးရှိပြီး အောက် ဖော်ပြပါအတိုင်း အမျိုးအစားခွဲခြား ဖော်ပြကြပါသည် −
ထောက်ပံ့မှုဆိုင်ရာဝန်ဆောင်မှုများ
(Provisional Services)
• သစ်၊ ထင်း၊ ဝါး၊ ကြိမ်၊ မှို၊ ဆေးဖက် ဝင်ပင်များ၊ ဖာလာ၊ ဓနိ၊ သက်ငယ်၊ ရှားစေး၊ သစ်ခွများ အပါအဝင် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ မျိုးရိုး ဗီဇ အရင်းအမြစ်များ၊ ဇီဝမျိုးစုံ မျိုးကွဲများ၊ စားရေရိက္ခာများ စသည့် ထောက်ပံ့မှုဆိုင်ရာ ဝန်ဆောင်မှုများ၊
ပတ်ဝန်းကျင်ထိန်းညှိမှုဆိုင်ရာ
ဝန်ဆောင်မှုများ (Regulating Services)
• ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိ ခြင်း၊ လေထုအတွင်းမှ ကာဗွန် စုပ်ယူသိုလှောင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များ တားဆီး ကာကွယ်ခြင်း၊ ရေအရင်းအမြစ် ထိန်းသိမ်းခြင်းနှင့် သန့်စင်ခြင်း၊ လေကောင်းလေသန့်ရရှိစေခြင်း၊ မြေတိုက်စားမှု၊ မြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်း၊ ပိုးမွှားကျရောက်မှုများမှ ကာကွယ် ခြင်း၊ တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသများ ဖန်တီး ပေးခြင်း စသည့် ဝန်ဆောင်မှုများ၊
ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ
ဝန်ဆောင်မှုလုပ်ငန်းများ (Cultural and Spiritual Services)
• အရိပ်နားခို၍ အပန်းဖြေနိုင်ခြင်း၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပပြီး မျက်စိပသာဒ ဖြစ်စေခြင်း၊ ယုံကြည်မှု၊ ကိုးကွယ် မှုများအတွက် အထောက်အပံ့ ပြုခြင်း၊ ရိုးရာဓလေ့များနှင့် ဆက်နွှယ်ခြင်း၊ တန်ဖိုးထားမှုနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ဖြစ်စေခြင်းစသည့် ဝန်ဆောင်မှု များ၊
ဝန်ဆောင်မှုလုပ်ငန်းများအား အထောက် အကူပေးသည့် ဝန်ဆောင်မှုများ
(Supporting Services)
• မြေဆီအာဟာရ ဖြစ်ပေါ်မှုဖြစ်စဉ် များ၊ မြေဆီလွှာဖြစ်ပေါ်လာမှု ဖြစ်စဉ်များ၊ မြေဆီလွှာထိန်းသိမ်း ခြင်း ဖြစ်စဉ်အဆင့်ဆင့် အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များကို ချိတ်ဆက်ပေါင်းစပ် ထောက်ပံ့ပေးသည့် ဝန်ဆောင်မှု များ၊
သစ်ပင်သစ်တောများက ထောက်ပံ့ သော အကျိုးကျေးဇူးများကား များပြား လှပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို တိုးပွားစေ၍ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူး အမျိုးမျိုးကို ဖော်ဆောင်ပေးနိုင်သဖြင့် လူတိုင်း၊ လူတိုင်း တစ်နိုင်တစ်ပိုင်၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်းမှအစပြု၍ မိမိတို့စွမ်းဆောင်နိုင်သလောက် သစ်ပင် များ စိုက်ပျိုးသင့်ပါသည်။
ရာသီဥတုမျှတဖို့
“ဥတုရာသီ၊ တောကိုမှီ” ဆိုသကဲ့သို့ သစ်ပင် သစ်တောများသည် ရာသီဥတု ပြောင်းလဲမှုကို ထိန်းညှိပေးပါသည်၊ လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ စုပ်ယူသိုလှောင် ဖယ်ရှားပေး ခြင်း၊ သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ် သော အောက်ဆီဂျင်ပြန်လည်ထုတ်ပေး ခြင်းဖြင့် အရေးကြီးသော ဝန်ဆောင်မှု များပေးလျက်ရှိပါသည်။ ရာသီဥတု ပြောင်းလဲမှု လျှော့ချခြင်း၊ ရာသီဥတုနှင့် သဟဇာတဖြစ်စေရန် ထိန်းညှိခြင်းတို့ကို သစ်တောများမှ ဆောင်ရွက်ပေးပါသည်။ ရာသီဥတု မျှတကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အပါ အဝင် ဆက်စပ်လျက်ရှိသော လုပ်ငန်း များ အဆင်ပြေကောင်းမွန်အောင် ပံ့ပိုးပေးသည့်အတွက် ဆက်စပ်လုပ်ငန်း ကဏ္ဍအသီးသီးကလည်း သစ်ပင်စိုက်ပျိုး ခြင်း၊ သစ်တောထိန်းသိမ်းခြင်းကို လုပ်ငန်း ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကဏ္ဍအလိုက် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်နိုင် မည်ဖြစ်ပါသည်။
ရွှေပင်ငွေခက်၊
တောမှထွက်၏
သစ်တောများမှ ရွှေပင်၊ ငွေခက်များ ရသကဲ့သို့ တင်စားပြောဆိုခြင်းဖြစ်သည်။ သစ်တောများမှ အဖိုးတန် သစ်အမျိုးမျိုး၊ ဝါး၊ ကြိမ်၊ သစ်ခွ၊ ပျားရည်၊ မှို၊ ချိပ်၊ ငှက်သိုက်၊ ဆေးဖက်ဝင်ပင် စသည့် သစ်တောထွက်ပစ္စည်းများကို ရရှိပါ သည်။ မိမိတို့ အိမ်၊ အဆောက်အအုံ၊ ပရိဘောဂအမျိုးမျိုးနှင့် လယ်ယာသုံး သစ်များကို သစ်ပင်သစ်တောများမှရရှိပါ သည်။ သစ်တောထွက်ပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်း၊ စုဆောင်းရောင်းချ ခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားစေသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေသည်။ နိုင်ငံ့ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေပါသည်။ သားစဉ် မြေးဆက် စဉ်ဆက်မပြတ် ရရှိစေရန် စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ပြီး ထုတ်ယူသုံးစွဲကြရမည်ဖြစ်ပါသည်။
သစ်ပင်စိုက်ပျိုး အလှတိုး
ပတ်ဝန်းကျင် သာယာစေဖို့၊ မျက်စိ ပသာဒဖြစ်စေဖို့၊ ရာသီဥတုမျှတစေဖို့ သစ်ပင်စိုက်ပျိုးခြင်းသည် အကောင်းဆုံး၊
ကုန်ကျစရိတ် အသက်သာဆုံး၊ အလွယ် ကူဆုံး၊ အရိုးရှင်းဆုံးသော လုပ်ငန်းတစ်ခု ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ အလှအပ မျက်စိပသာဒ ကောင်းမွန်စေပါသည်။ လမ်းဘေးဝဲယာတွင် စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစိုအပင်များတွင် ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်း အရောင်မျိုးစုံ၊ ပန်းမျိုးစုံတို့ ဖူးပွင့် ဝေဆာပြီး ရှုမငြီးနိုင်အောင် မျက်စိပသာဒ ဖြစ်ရပါသည်။
“နွေ ထနောင်း၊ ဆောင်း မန်ကျည်း” ဟု ဆိုရိုးရှိသည်နှင့်အညီ အညာဒေသ များတွင် နွေအပူဒဏ်ခံနိုင်စေရန် ထနောင်းပင်များ၊ မန်ကျည်းပင်များကို လမ်းဘေးဝဲယာများ၊ အိမ်ခြံကွက်လပ် များ၊ ဘုန်းကြီးကျောင်းများ၊ စာသင် ကျောင်းများတွင် စိုက်ပျိုးကြပါသည်။ ရောင်စုံပန်းများ ဖူးပွင့်သောအပင်များ မဟုတ်သော်လည်း အညာဒေသ၏ ဒေသခံပြည်သူများအတွက် နွေ၊ မိုး၊ ဆောင်း နားခိုရာအပင်များဖြစ်သဖြင့် အထူးတန်ဖိုးထားကြသည့် အပင်များ ဖြစ်ပါသည်။ ထို့ကြောင့်လည်း “သစ်ပင် စိုက်လျှင် တို့ဝန်းကျင်၊ စိမ်းစိုလှပကြည်နူး ရ၏” ဟု ဆိုခြင်းဖြစ်ပါသည်။ ကျေးရွာ များနှင့် မြို့ပြများ၊ လမ်းဘေးဝဲယာနှင့် ကွက်လပ်များတွင် သစ်ပင်များ စိုက်ပျိုး ခြင်းသည် မျက်စိပသာဒလှပစေရုံ သာမက သန့်ရှင်းလတ်ဆတ်သော လေ များရရှိပြီး အပူချိန်ကိုလည်း လျှော့ချပေး နိုင်သဖြင့် မိမိတို့ ကျေးရွာ၊ ရပ်ကွက် အလိုက် အလှတိုးစေရန် သစ်ပင်များ စိုက်ပျိုးသင့်ပါသည်။
စားရေရိက္ခာဖူလုံဖို့၊
စားပင်သီးပင် စိုက်ပျိုးစို့
အရိပ်ရသော အပင်များကို စိုက်ပါက အရိပ်ရပါသည်။ အသီးစားရသော အပင် စိုက်ပျိုးပါက အသီးစားကြရပါသည်။ သစ်၊ ထင်းအတွက် ရည်ရွယ်ပြီးစိုက်က အချိန် တန်လျှင် သစ်၊ တိုင်၊ မျော၊ ထင်းတို့ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မိမိကျေးရွာ၊ အိမ်ခြံ၊ လယ်ယာပတ်လည်တွင် ရာသီ အလိုက် သီးနှံများ စိုက်ပျိုးခြင်း၊ သရက်၊ ပိန္နဲ၊ ထောပတ်၊ မာလကာ၊ သင်္ဘော၊ သီး၊ ဥသျှစ်၊ ဆီး၊ မရန်း စသည့် မိမိအရပ်ဒေသ နှင့်ကိုက်ညီသော စားပင်သီးပင်များ စိုက်ပျိုးခြင်းဖြင့် မိမိတို့စားသုံးနိုင်ရုံ သာမက မိတ်ဆွေများ၊ ရပ်ဆွေရပ်မျိုးများ လက်ဆောင်ပေးနိုင်ခြင်း၊ ပိုလျှံသော သီးနှံများ ရောင်းချခြင်းဖြင့် ဝင်ငွေတိုးပွား နိုင်ပါသည်။ မိမိအိမ်၊ လယ်ယာ ၊ ကျေးရွာ၊ ရပ်ကွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သည့်အပြင် ရာသီအလိုက် သီးပွင့်လာ သည့် အသီး၊ အရွက်၊ အညွန့် တို့ကိုလည်း စားသုံးကြရပြီး စားရေရိက္ခာဖူလုံစေပါ သည်။ နွယ်၊ မြက်၊ သစ်ပင် ဆေးဖက်ဝင် ဆိုသကဲ့သို့ အပင်ကြီးငယ် ချုံ၊ နွယ်မရွေး သူ့နေရာနှင့်သူ အသုံးဝင်ပြီး ပတ်ဝန်း ကျင်အတွက် အကျိုးများသဖြင့် နည်းများ မဆို စိုက်ပျိုးသင့်လှပါသည်။
စွမ်းအင်လည်းရ၊
ပြည်လည်းလှ
လူတိုင်း အိမ်ထောင်စုတိုင်း၊ မိသားစု တိုင်း အစားအစာ ချက်ပြုတ်ကြော်လှော် ရန်၊ အနွေးဓာတ်၊ အပူဓာတ်ရရှိရန် ထင်း၊ မီးသွေးလောင်စာများကို အားပြုကြရ သည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လျှပ်စစ်၊ ဂက်စ်၊ ဆိုလာ စသည့် စွမ်းအင်များ လုံလုံလောက်လောက် သုံးစွဲနိုင်ရန် အကန့်အသတ်ရှိသဖြင့် မိရိုး ဖလာ အစဉ်အလာအရ သုံးစွဲခဲ့သော ထင်း၊ မီးသွေး လောင်စာများကိုပင် အသုံးပြုကြ ရသည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင် နှုန်းကျော်သည် ကျေးလက်နေပြည်သူ များဖြစ်ပြီး နေ့စဉ် ချက်ပြုတ်စားသောက် ရန်အတွက် ထင်း၊ မီးသွေးကို အဓိက လောင်စာအဖြစ် သုံးစွဲနေကြရသည်။ မြန်မာနိုင်ငံ ကျေးလက်နှင့် မြို့ပြဒေသ နေ ပြည်သူအများစုအတွက် နှစ်စဉ် ထင်းလိုအပ်ချက် ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့်ရှိပြီး ကျေးလက်နှင့် မြို့ပြနေ ပြည်သူများ၏ ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်း စွမ်းအင်သုံးစွဲမှုပမာဏ၏ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိ ရှိပါသည်။
“သစ်တောသစ်ပင် စိုက်ပျိုးလျှင်၊ စွမ်းအင်လည်းရ၊ ပြည်လည်းလှ” စကား သည် လက်တွေ့ကျလှသည်။ ထင်း လောင်စာရရှိရေး သဘာဝတောများကို သာ အားကိုးအားထားမပြုဘဲ လောင်စာ စွမ်းအင်ဖူလုံဖို့ သစ်ပင်များ စိုက်ပျိုးဖို့ လိုအပ်ပါသည်။ မိမိတို့ကိုယ်တိုင် လယ်၊ ယာ၊ အိမ်ဝင်းခြံနှင့် ခြံစည်းရိုးများတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ကြီးမြန် သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ထင်း၊ မီးသွေး၊ ဇီဝဒြပ်ထု လောင်စာစွမ်းအင်များ ရရှိနိုင် ပြီး သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။
ရေကြည်ချမ်းမြ သစ်တောမှရ
ရေသည် သက်ရှိသတ္တဝါများ အသက် ရှင်နေထိုင်မှုအတွက် အခြေခံအကျဆုံး သဘာဝ အရင်းအမြစ်တစ်ခုဖြစ်သည်။ အဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတ ဖြစ်သည်။ ထို့ကြောင့် “ထမင်းအသက် ခုနစ်ရက်၊ ရေအသက်တစ်မနက်” ဟု ဆိုကြ၏။ “ရွှေကိုမလို၊ ရေကိုသာလိုသည်” ဟု ဆိုကြသည်။ ရေသယံဇာတသည် သစ်ပင်သစ်တောများမှ အထောက်အပံ့ ပြုသည့် အလွန်အဖိုးတန်သော ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
သစ်တောများရှိမှသာ သဘာဝရေဦး ရေထွက်များ၊ စိမ့်ရေစမ်းရေများ ရရှိနိုင် သည်။ သစ်တောများ ပြုန်းတီးခြင်း ကြောင့် သဘာဝရေထွက်များ၊ စိမ့်ရေ စမ်းရေများ ခန်းခြောက်ပျောက်ကွယ်ကြ ရသည်။ သစ်တောများ ဖုံးလွှမ်းလျက်ရှိ သော ရေဝေရေလဲဒေသများနှင့် ရေတိမ် ဒေသများသည် ရေအရင်းအမြစ်များ ထိန်းသိမ်းပေးလျက်ရှိပြီး ကမ္ဘာ့ရေချို ပမာဏ၏ ၇၅ ရာခိုင်နှုန်းကို ပံ့ပိုးပေး လျက်ရှိသည်။ ကမ္ဘာ့အကြီးဆုံး မြို့တော် ကြီးများ၏ သုံးပုံတစ်ပုံသည် ၎င်းတို့ အတွက် လိုအပ်သည့်သောက်သုံးရေ ရာခိုင်နှုန်းအများစုကို သစ်တောများ ဖုံးလွှမ်းနေသည့် သဘာဝနယ်မြေများမှ ရရှိခြင်းဖြစ်သည်။ သစ်တောများသည် သဘာဝ ရေသန့်စက်ကြီးများသဖွယ် ဖြစ်၍ မြေဆီလွှာတိုက်စားခြင်း၊ ရေတိမ် ဒေသများ၊ ကန်များ၊ မြစ်များ၊ ချောင်းများ နှင့် အင်းများအတွင်း အနည်ကျမှုများ၊ ညစ်ညမ်းမှုများကို လျှော့ချပေးနိုင်ခြင်း ဖြင့် လူနှင့်သက်ရှိများကို အကျိုးပြုလျက် ရှိသဖြင့် ရေဝေရေလဲသစ်တောများ ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။
ဇီဝမျိုးစုံ၊ တောမှာစုံ
ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ အပင်နှင့် တိရစ္ဆာန်မျိုးရင်းမျိုးစိတ်များ၊ ဇီဝမျိုး အရင်းအမြစ်များ ၎င်းတို့အချင်းချင်း အပြန်အလှန် ဆက်စပ်မှုများဖြစ်ပါသည်။ သက်ရှိများ ရှင်သန်ဖို့ အပင်၊ တိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲတို့ အပြန်အလှန် အမှီသဟဲ ပြုကြရပါသည်။ လူသားများ ရှင်သန် ရပ်တည်ရေးအတွက်လိုအပ်သော အစား အစာ၊ ဆေးဝါး၊ နေရာထိုင်ခင်း၊ အဝတ် အစားတို့အတွက် ဇီဝမျိုးစုံမျိုးကွဲများက ထောက်ပံ့ပေးပါသည်။ သစ်ပင်၏ အရွက်၊ အသီး၊ အခေါက်၊ အမြစ်စသည့် အစိတ် အပိုင်းများကို အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ နေထိုင်စရာတို့အဖြစ် ဖန်တီး ထုတ်လုပ်ပေးပါသည်။ အပင်မျိုးရင်း မျိုးစိတ်အမျိုးမျိုး၊ အသား၊ ငါးအမျိုးမျိုးတို့ ကို စားသောက်ပြီး လူသားများရှင်သန်ကြ ရပါသည်။
ကျေးငှက်၊ တိရစ္ဆာန်များက အပင် ဇီဝမျိုးစုံကြွယ်ဝရန် ဝတ်မှုန်ကူးခြင်း၊ သစ်ဥသစ်ဖု သစ်စေ့များကို စားသောက် ပြီး သစ်စေ့များကို နေရာဒေသအသီးသီး သို့ ဖြန့်ကြက်သယ်ဆောင်ပေးခြင်းဖြင့် ကူညီပေးကြသည်။ ဒီရေတောများသည် ငါး၊ ပုစွန်၊ ကဏန်းနှင့် ရေနေသတ္တဝါများ အတွက် နေရင်းဒေသ၊ သားပေါက် ပျော်မွေ့ရာနေရာ ဖြစ်ပါသည်။ “သစ် တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်း နားခို” ဆိုသကဲ့သို့ သစ်ပင်များဖြင့် ဖွဲ့စည်းထားသည့် တောတောင်စိမ့်စမ်း များသည် တောရိုင်းတိရစ္ဆာန် ဇီဝမျိုးစုံတို့ အတွက် ပျော်မွေ့ရာ၊ ကျင်လည်ကျက်စား ရာ နေရာဒေသများဖြစ်ပါသည်။ ကြွယ်ဝ သည့် ဇီဝမျိုးစုံမျိုးကွဲများကို သစ်ပင် သစ်တောပေါများထူထပ်ရာတွင် စုံစုံ လင်လင် တွေ့နိုင်သဖြင့် သစ်ပင်သစ်တော များကို ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ် လျော့ပါးဖို့
သစ်ပင်သစ်တောများသည် လေပြင်း မုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြို မှု၊ မြေတိုက်စားမှုများကို အကာအကွယ် ပေးနိုင်ပါသည်။ သစ်ပင်သစ်တောများ၊ ဒီရေတောများကြောင့် မြစ်ချောင်းနှင့် ကမ်းရိုးတန်းတစ်လျှောက် ကျေးရွာ၊ ရပ်ကွက်မြို့ရွာများ၊ မြို့များ လေဒဏ်၊ မိုးဒဏ်၊ လှိုင်းဒဏ် လျော့ပါးသက်သာစေ ပါသည်။ သည်းထန်သည့် မိုးရေများကို သစ်မြစ်များက စုပ်ယူထိန်းသိမ်းထားပြီး ရေကို တဖြည်းဖြည်းချင်းလွှတ်ထုတ် သဖြင့် ရေကြီးမှုကို လျော့နည်းစေပါ သည်။ ကမ်းရိုးတန်းများ တည်ငြိမ်စေပါ သည်။ အနည်အနှစ် အစိုင်အခဲများကို စစ်ထုတ်ပေးခြင်းဖြင့် ရေကို သန့်စင် ကြည်လင်စေပါသည်။
သစ်မြစ်များက မြေစိုင်မြေခဲ မြေသား များကို ရစ်ပတ်တုပ်နှောင်ထားသော ကြောင့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ မြေဆီလွှာ ရေတိုက်စားခြင်းတို့ကို ကာကွယ်ပေးပါသည်။ သစ်ပင် သစ်တော များကြောင့် လူသားနှင့် သက်ရှိတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုမှ အကာအကွယ်ပေးနိုင်ခဲ့သည့် သာဓကများစွာရှိခဲ့ပါသည်။ ထို့ကြောင့် သစ်တောသစ်ပင်များကို “သဘာဝ အစိမ်းရောင် တံတိုင်းကြီးများ” ဟု တင်စားခေါ်ဝေါ်ကြပြီး ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသည့် သဘာဝကို အခြေခံသောနည်းလမ်း (Nature-based Solution) တစ်ရပ် အဖြစ် ကျယ်ပြန့်စွာ အသုံးပြုဆောင်ရွက် လျက်ရှိပါသည်။
ထာဝရကုသိုလ် ရရှိလို
သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရ ကုသိုလ်ပြုခြင်းလည်းမည်၏။ ထာဝရ ကုသိုလ်ခြောက်ပါးဆိုသည်မှာ ပန်း ဥယျာဉ်၊ သစ်သီးဥယျာဉ်များ စိုက်ပျိုး လှူဒါန်းခြင်း (အာရာမရောပဒါန)၊ အရိပ် ရအပင် စားသုံးပင် စသော သစ်ပင် ကြီးငယ်တို့ကို စိုက်ပျိုးလှူဒါန်းခြင်း (ဝန ရောပါ ဒါန)၊ တံတားခင်း လမ်းဖောက် လှူဒါန်းခြင်း (သေတုကာရကဒါန)၊ ရေချမ်းစင်တည်၍ လှူဒါန်းခြင်း (ပပါ ဒါန)၊ ရေတွင်းရေကန်၊ ရေမြောင်းများ တူး၍ လှူဒါန်းခြင်း(ဥပဒါန)၊ ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ် နားနေ ရိပ်သာ၊ ဆေးရုံဆေးခန်း စသော အဆောက်အအုံများ ဆောက်လုပ် လှူဒါန်းခြင်း (ဥပဿယဒါန) တို့ဖြစ်ပြီး သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရ ကုသိုလ်တစ်ပါးအဖြစ် ပါဝင်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ဇရပ် တန်ဆောင်း ဂူကျောင်းပြာသာဒ်နှင့် အခြား ထာဝရကုသိုလ်များကဲ့သို့ တူညီ သော ကုသိုလ်ကို ရရှိခံစားနိုင်မည်ဖြစ် သဖြင့် ကုသိုလ်ရေးရှုထောင့်မှ ကြည့်လျှင် လည်း သစ်ပင်စိုက်ပျိုးခြင်းသည် အလွန် အကျိုးကျေးဇူးများသော လုပ်ငန်း တစ်ရပ်ဖြစ်ပါသည်။
အကျိုးကျေးဇူးမျိုးစုံရရှိဖို့၊ စိုက်ပျိုးပြုစုထိန်းသိမ်းစို့
သစ်ပင်စိုက်ရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှအပင် ရှင်သန်ဖို့ အလွန်အရေးကြီးလှပါသည်။ သစ်စေ့မှ ပျိုးပင်တစ်ပင် ဖြစ်လာသည်အထိ အချိန်၊ ငွေ၊ လုပ်အားများစွာ အရင်းအနှီး စိုက်ထုတ်ခဲ့ရသည်။ ပတ်ဝန်းကျင်၊ ရေ၊ မြေ၊ ဒေသအနေအထားနှင့် သဟဇာတ ဖြစ်သော သစ်မျိုးများဖြစ်ရန် လိုအပ်ပါ သည်။ ဒေသမျိုးရင်း အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများ စသည်ဖြင့် ရည်ရွယ်ချက်ချမှတ်ပြီး နေရာဒေသအလိုက် စနစ်တကျ ရွေးချယ် စိုက်ပျိုးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင် နိုင်မည်ဖြစ်ပါသည်။ သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်နိုင်ရန် ကမ်းရိုးတန်းဒေသများတွင် ဒီရေတော သစ်မျိုးများ စိုက်ပျိုးရာတွင်လည်း ဒီရေ အဝင်အထွက်ရှိသည့် နေရာဖြစ်ရန် လိုအပ်ပြီး ရာသီဥတု၊ ဒီရေအတက်အကျ၊ ဆားငန်ရေရရှိမှု၊ မြေဆီလွှာအခြေအနေ နှင့် ကိုက်ညီသည့်သစ်မျိုးများ ရွေးချယ် စိုက်ပျိုးကြရမည် ဖြစ်ပါသည်။
သစ်ပင်ရှင်သန်အောင် စိုက်ပျိုးခြင်း သည် လွယ်ကူသော်လည်းကြီးအောင် ပြုစုရန်၊ မြဲအောင်ထိန်းသိမ်းရန် ခက်ခဲပါ သည်။ အပင်တိုင်းအပင်တိုင်းကို တန်ဖိုး ထားလျက် စတင်စိုက်ပျိုးခြင်းမှသည် ကြီးပြင်းသည်အထိ ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ သေပင် ဖာထေးခြင်း၊ ကျွဲ၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များ ဖျက်ဆီးမှုမရှိစေရေး ကာကွယ်ခြင်း လုပ်ငန်းများကို ရာသီ အလိုက် လုပ်ဆောင်မှသာ စိုက်ပျိုးပြီး အပင်များကို ကြီးအောင်ပြုစုနိုင်လိမ့် မည်၊ မြဲအောင်ထိန်းသိမ်းနိုင်မည်ဖြစ်ပါ သည်။ သို့မှသာ သစ်ပင်များက ပေးစွမ်း သော အကျိုးကျေးဇူးမျိုးစုံကို ရရှိခံစား နိုင်မည်ဖြစ်ပါသည်။ မကြာမီ လာမည့် မိုးရာသီအကြိုနှင့် မိုးရာသီကာလများ တွင် မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးနိုင်ရန် အပင်မျိုးမှန်၊ နည်းစနစ်မှန်၊ အချိန်မှန်၊ ပြုစုစောင့်ရှောက်မှု မှန်ကန်စွာစိုက်ပျိုး နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ကြပါစို့ဟု နှိုးဆော်တင်ပြလိုက်ပါ သည်။ ။
- Log in to post comments