အကြိမ် (၆၀) မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော အကြိမ်(၆၀)မြောက် မဟာဘွဲ့နှင်းသဘင်အခမ်း အနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ စာမေးပွဲ၊ ပါဠိ ပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြ သည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ထံမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသက သာရဏီယ သြဝါဒကထာ ကို မြွက်ကြားချီးမြှင့်တော်မူသည်။ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၏ သာရဏီယသြဝါဒကထာကို စာမျက်နှာ-၉ တွင် သီးခြားဖော်ပြထားပါသည်။ ) ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး၌ လေ့လာသင်ကြားရေး ပရိယတ္တိသာသနာ လိုက်နာ ကျင့်သုံးရေး ပဋိပတ္တိသာသနာ ထိုးထွင်းသိမြင်ရေး ပဋိဝေဓသာသနာဟူ၍ သာသနာတော်သုံးရပ် ရှိသည်တွင် ပရိယတ္တိသာသနာတော်သည် အခြေခံ အရင်းအမြစ် ကျလှပါကြောင်း။ သို့ပါသောကြောင့် ပရိယတ္တိသာသနာတော်ကြီး တိုးတက်စည်ပင်ပြန့်ပွား စေရန်အတွက် ပရိယတ္တိစာမေးပွဲများ ကျင်းပလာ ခဲ့သည်မှာ သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်မှ စ၍ သီပေါမင်းတိုင်အောင် ဆင်ယင်ကျင်းပ သာသနာပြုတော်မူလာခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါကြောင်း။ ၁၃၄၂ ခုနှစ် နယုန်လတွင် ကျင်းပခဲ့သော သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမ အကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြုပြဋ္ဌာန်းခဲ့သည့် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်း၊ အခန်း(၂)၊ အပိုဒ်(၁၂) ပါ ရည်ရွယ်ချက် ၇ ချက်အနက် တတိယရည်ရွယ်ချက်အဖြစ် “ပရိယတ္တိ သာသနာတော် တိုးတက်စည်ပင်ပြန့်ပွား စေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည်” ဟူ၍ ဖော်ပြထား ပါကြောင်း။ ယင်းဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကပင် ရဟန်းသာမဏေများအတွက် “ အကျင့်သိက္ခာ ပညာ ဗဟုသုတ တိုးတက်မြင့်မားစေပြီး ပါဠိမြန်မာ နှစ်ဘာသာ တတ်မြောက်ကျွမ်းကျင်စေမည့် နည်းလမ်းများဖြင့် ပရိယတ္တိစာပေကို သင်ယူနိုင်ရေး အတွက် ပရိယတ္တိစာမေးပွဲများကို ပြုပြင်ကျင်းပသွား ရန်” ဟု ဆုံးဖြတ်ခဲ့ပါကြောင်း။ အဆိုပါဆုံးဖြတ်ချက်အရ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က- (၁) အကျင့်သိက္ခာ မြင့်မားခြင်း။ (၂) ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း။ (၃) ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်စေခြင်း။ (၄) မြန်မာစာပေ အရေးအသားတော်စေခြင်း။ ဟူသော ပရိယတ္တိစာပေသင်ကြားရေးမူကြီး ၄ ရပ်ကို အခြေခံ၍ ပရိယတ္တိပညာရေးစီမံကိန်းကို ချမှတ်ပြီး ထိုစီမံကိန်းအရ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ၊ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ၊ နိကာယ် စာမေးပွဲများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် ထားရှိပြီး ပရိယတ္တိစာမေးပွဲ များကို ကျင်းပနေခြင်း ဖြစ်ပါကြောင်း။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ဓမ္မာစရိယ စာမေးပွဲ၌ ဖြေဆိုခဲ့သည့် ပုဂ္ဂိုလ် ၂၀၅၀၆ ပါးအနက် ကျမ်းရင်းသုံးကျမ်းအောင် “ သာသနဓဇ ဓမ္မာစရိယ” ဘွဲ့ရ ၉၅၅၉ ပါး၊ ကျမ်းရင်းနှစ်ကျမ်းအောင် ၃၆၈၁ ပါး၊ ကျမ်းရင်းတစ်ကျမ်းအောင် ၂၄၄၀ ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၃ ပါး ဖြစ်ပါသည် ဘုရား။ ပါဠိပထမပြန်စာမေးပွဲ များတွင်လည်း ဖြေဆိုသည့်ပုဂ္ဂိုလ် ၂၆၉၈၀ ပါးအနက် အောင်မြင်သည့် ပုဂ္ဂိုလ် ၂၂၂၁၆ ပါး၊ အခြေပြု မူလတန်းဖြေဆိုသည့် ပုဂ္ဂိုလ် ၁၂၃၄၈ ပါးအနက် အောင်မြင်သည့် ပုဂ္ဂိုလ် ၁၀၀၄၈ ပါးတို့ အသီးသီး အောင်မြင်ခဲ့ကြသည်ကို တွေ့ရရှိရပါသဖြင့် ပရိယတ္တိ သာသနာတော်အတွက် အားတက်ဖွယ်ရာ ဖြစ်ပါ ကြောင်း။ ထိုကဲ့သို့ ဆရာတော် သံဃာတော်များဘက်မှ ပရိယတ္တိစာပေများကို သင်ကြားပို့ချ၍ ဖြေဆို အောင်မြင်တော်မူခဲ့ကြသည်ကို ဘုရားတပည့်တော် တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် ဒါယကာ၊ ဒါယိကာမများ ဘက်ကလည်း သဒ္ဓါတရား ထက်သန်စွာဖြင့် အထူးအောင်သံဃာတော်များအား အောင်လက်မှတ်များဆက်ကပ်၍ ယခုလို မဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကြီးကို ကျင်းပပြုလုပ် ခြင်း ဖြစ်ကြောင်း။ ယနေ့ကျင်းပသော မဟာဘွဲ့နှင်းသဘင်အခမ်း အနားသည် ယခင်နှစ်များက ကျင်းပသလိုမဟုတ်ဘဲ အထူးအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေး များကိုသာ ရွေးချယ်၍ ကျင်းပရခြင်းသည် COVID- 19 ကပ်‌ရောဂါ အခြေအနေပေါ်မူတည်၍ Social Distancing အရ ကျင်းပရခြင်း ဖြစ်ပါသဖြင့် ဆရာတော် သံဃာတော်များအနေဖြင့် နားလည် ခွင့်လွှတ်ကြလိမ့်မည်ဟုလည်း ယုံကြည်မိပါကြောင်း လျှောက်ထားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ဇနီး၊ တာဝန်ရှိသူများက ဓမ္မာစရိယ၊ ပါဠိပထမပြန်စာမေးပွဲများတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ကြသော အထူးအောင်သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ် များကို ဆက်ကပ်ချီးမြှင့်ကြသည်။ ယင်းနောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန် စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။ ထို့နောက် ဓမ္မာစရိယ၊ ပါဠိပထမပြန် စာမေးပွဲ များတွင် အောင်မြင်ကြသော စာအောင်သံဃာတော် များအား အစီအစဉ်တိုင်းပင့်ဆောင်၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဆွမ်းဆန်စိမ်း လောင်းလှူကြသည်။ သတင်းစဉ်