
နေပြည်တော် စက်တင်ဘာ ၁၅
အကြိမ်(၄၀)မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ (40th ASEAN Ministers on Energy Meeting (AMEM) and Associated Meetings)ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် တို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူး ကျင်းပလျက်ရှိရာ အဆိုပါ အစည်းအဝေးများသို့ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်ခဲ့သည်။
အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက် နိုင်ငံများတို့မှ စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၊ အာဆီယံစွမ်းအင်ဗဟို ဌာနနှင့် နိုင်ငံတကာစွမ်းအင် ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြပြီး အာဆီယံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက် မှုအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Plan of Actions for Energy Cooperation - APAEC Phase II (2021-2025))၏ ပူးပေါင်း ဆောင်ရွက်ရေးဧရိယာများ ဖြစ် သော အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံမှုရှိရေး၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက် တိုးချဲ့တည်ဆောက်ရေး၊ လျှပ်စစ် ဓာတ်အားကွန်ရက်စနစ် အဆင့် မြှင့်တင်ရေး၊ ကျောက်မီးသွေးနှင့် သန့်စင်သော ကျောက်မီးသွေး သုံးနည်းပညာများ အဆင့်မြှင့်တင် ရေး၊ စွမ်းအင်အကျိုးရှိထိရောက် စွာအသုံးချရေးနှင့် စွမ်းအင်ခြိုးခြံ ချွေတာရေး၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ ပိုမိုတိုးမြှင့် သုံးစွဲရေး၊ စွမ်းအင်မူဝါဒနှင့် စီမံရေးကဏ္ဍ ပိုမိုကောင်းမွန်ရေး၊ မြို့ပြ နျူကလီးယားစွမ်းအင် ဆိုင်ရာ နည်းပညာနှင့် အခြေခံ အဆောက် အဦများဖွံ့ဖြိုးတိုးတက် ရေးတို့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံ/အဖွဲ့အစည်း များအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အစီအမံများနှင့် လုပ်ငန်းစဉ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြ ပြီး အကြိမ် (၄၀) မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်း အဝေး၏ ပူးတွဲကြေညာစာတမ်း “The Joint Ministerial Statement (JMS) of 40th AMEM” ကို ထုတ်ပြန်ခဲ့သည်။
အကြိမ် (၄၀)မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေး ၏ ဆက်စပ်အစည်းအဝေးများ အဖြစ် အာဆီယံနှင့်အမေရိကန် စွမ်းအင်ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီအစည်းအဝေး၊ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ အစည်းအဝေး တို့ကို တစ်ဆက်တည်းကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးအစီအမံများ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး 7th ASEAN ENERGY OUTLOOK နှင့် 2nd ASEAN RENEWABLE ENERGY (RE) OUTLOOK မူကြမ်းများကိုအတည်ပြုခဲ့ကြသည်။ အရှေ့ အာရှနိုင်ငံများ၏ စွမ်းအင်ဝန်ကြီး များအစည်းအဝေးနှင့် အာဆီယံ နှင့် ဆွေးနွေးဖက် သုံးနိုင်ငံ (ဂျပန်၊ ကိုရီးယား၊ တရုတ်) အစည်းအဝေး တို့ကို စက်တင်ဘာ ၁၆ ရက်၌ ဆက်လက်ကျင်းပ၍ စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့်အတူ အာဆီယံ စွမ်းအင်လုပ်ငန်းပြပွဲ (ASEAN Energy Business Forum - AEBF)နှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုချီးမြှင့်ပွဲတို့ကို တစ်ပေါင်းတည်း ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးက စွမ်းအင်ကဏ္ဍ အလိုက် ဆုတံဆိပ်ရရှိသည့် ကုမ္ပဏီများစာရင်းကို ဖွင့်ဖောက် ကြေညာပေးပြီး ဆုရရှိသည့် ကုမ္ပဏီများအတွက် ဂုဏ်ပြု ဝမ်းမြောက်စကားပြောကြားသည်။
အဆိုပါအစည်းအဝေးများသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်