
လွတ်လပ်တဲ့ အချုပ်အခြာပိုင် မြန်မာကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲအောင် ဖျက်ဆီးဖို့ ကြံစည်နေတဲ့ ပြင်ပနိုင်ငံအချို့နဲ့ အဖွဲ့အစည်း တွေရဲ့ ထောင်ချောက်ထဲ ပြည်သူတွေ မကျရောက်အောင် သတိမူနိုင်ဖို့ ဒီစာကိုရေးပါတယ်။ ဇာတိပုညဂုဏ်မာနနဲ့ နေခဲ့တဲ့မြန်မာဟာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပါပြီ။ ဒါကြောင့် မြန်မာဆိုတာ ခုမှ ပေါ်ပေါက် လာတာ မဟုတ်ပါဘူး။ ဗုဒ္ဓပွင့်တော်မူချိန် ဘီစီ (၆၀၀) ဝန်းကျင်ထဲက ရှိခဲ့ပြီဖြစ်တယ်။ မြို့ပြနိုင်ငံတွေအဖြစ်ကတော့ ပျူတွေကစပါတယ်။” ဒါကြောင့် ပျူမြို့ပြနိုင်ငံတွေဟာ ဘီစီ (၄၀၀) ကျော်လောက်ကတည်းက မြန်မာတနံတလျား ရှိနေခဲ့တယ်။ သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းရဲ့ မှတ်တမ်းအရ ပျူမြို့ပြတွေဟာ အနောက်နဲ့မြောက်၊ အရှေ့နဲ့တောင်မှာသာမက ကမ်းရိုးတန်းဒေသတွေမှာပါ ပင်လယ် ပျူမြို့ပြရယ်လို့ ရှိခဲ့ကြောင်း ဆိုညွှန်းထားပါတယ်။ ဟန်လင်း၊ မိုင်းမော၊ ဗိဿနိုးနဲ့ သရေခေတ္တရာ စတာတွေကတော့ အထင်ရှားဆုံး ပျူမြို့ ပြတွေပဲလို့ ပြောရပါမယ်။ ပျူစစ်ရင် ဗမာပဲဆိုတဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်း အဆိုအရ မြန်မာပြည်အနှံ့ များပြားလှတဲ့ မြို့ပြ
ပျူလူ့အဖွဲ့အစည်းဟာ နောင်အခါ ဗမာလူ့အဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနေခဲ့တယ်လို့ ဆိုလိုတာဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်မှာ ဗမာဟာ လူများစုဖြစ်နေရတဲ့အကြောင်းပဲလို့ ဆိုနိုင် ပါတယ်။
အစဉ်အဆက် မြန်မာ့အာဏာ ဖြန့်ကြက်မှုနဲ့ ပတ်သက်လို့ဆိုရရင် ရခိုင်ဘုရင်တွေ ဘုန်းမီးနေလတောက်စဉ်က အခု ကာလကတ္တားနယ် အထိ အာဏာချဲ့ထွင်ခဲ့တယ်။ အုပ်စိုးခဲ့တယ်။ ဒါကြောင့် အရှေ့ ဘင်္ဂလားကို ဗုဒ္ဓသာသနာ ပြန့်ပွားချိန်ကစပြီး ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာ ကို ဆောင်ယူကိုးကွယ်ခဲ့တာ ယနေ့တိုင်ပါပဲ။ တကောင်းပြည်ကစလို့ ဗမာတွေရဲ့ ပုဂံမြို့ပြနိုင်ငံအဖြစ် အတည်တကျဖြစ်လာခဲ့ချိန် အနော်ရထာခေတ်မှာ အာသံ၊ မဏိပူရ၊ ကသည်းနယ်တွေအထိ အုပ်ချုပ်ခဲ့တယ်။ ဘုရင့်နောင်ဟာလည်း အယုဒ္ဓယ (ထိုင်း) ကို ချီတက် သိမ်းပိုက်ခဲ့တယ်။ ကုန်းဘောင်ခေတ်မှာ မြန်မာဟာ ပြည်ပစစ်တွေကို အောင်နိုင်ခဲ့သလို တရုတ်ကျူးကျော်စစ်တွေကိုလည်း နိုင်အောင် တွန်းလှန်ခဲ့တယ်။ ကွမ်လုံနဲ့ ဗန်းမော်ကြောင်းချီ တရုတ်စစ်တွေ သုံးကြိမ်သုံးခါရှုံးခဲ့လို့ တရုတ်ဘုရင်ခံ မိမိကိုယ်ကို အဆုံးစီရင် ခဲ့တယ်။ တရုတ်တပ်မှူးတွေလည်း ကွပ်မျက်ခံရတာ သမိုင်းမှာ ရှိခဲ့တယ်။ ဟိုစဉ်က တရုတ်စစ်ကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့တဲ့ ဗမာတပ်မှူး တိမ်ကြားမင်းခေါင်နဲ့ မဟာသီဟသူတို့ဟာ ရာဇဝင်ပြောင်အောင် စွမ်းဆောင်ခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသားရေး သွေးနီခဲ့တဲ့ မှတ်တမ်းတွေပဲ။ မြန်မာ့ အချုပ်အခြာအာဏာ လက်လွတ်မဆုံးရှုံး ရအောင် သွေးနဲ့ရေးတဲ့ မှတ်တမ်းတွေပဲ။
လွတ်လပ်ရေးသမိုင်းမှာလည်း နယ်ချဲ့နဲ့ ဖက်ဆစ်ကို တော်လှန် ခဲ့တဲ့ မြန်မာလူမျိုးပေါင်းစုံရဲ့ သွေးတွေဟာ ရဲရဲနီခဲ့တယ်။ ကိုယ့်မြေ ကိုထိရင် မချိအောင်နာတတ်တဲ့ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တွေက ဗီဇသွေးထဲမှာ ကိန်းအောင်းလျက်ရှိတာကို ဘယ်သူမေ့မလဲ။ ဘိုးဘွား တွေရဲ့ အသက်သွေးချွေးနဲ့ စတေးရယူခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးကြီးကို ဘယ်သူမေ့မလဲ။ ဘယ်မြန်မာပြည်သား ဘယ်လူမျိုးကများ မေ့နိုင်မှာ တဲ့လဲ။ ၁၈၅၂ ခုနှစ် ဖြစ်ခဲ့တဲ့ အင်္ဂလိပ်- မြန်မာ ဒုတိယအကြိမ် နယ်ချဲ့ ကျူးကျော်စစ်တုန်းက ဖားရွှေကျော်မှာ ရှမ်းအမျိုးသမီး တပ်ဗိုလ်တွေ ဓားလွတ်ကိုင်ပြီး နယ်ချဲ့တပ်ကို မြင်းတပ်နဲ့ တိုက်ခဲ့တာရော မေ့လို့ရ
မတဲ့လား။ ဒါတွေဟာ မြန်မာ့ဇာတိသွေးရဲ့သမိုင်း၊ မြန်မာ့အချုပ်အခြာ အာဏာကို ကာကွယ်တဲ့သမိုင်းပဲ။ ခုခါကျမှ သွေးနဲ့ရေးခဲ့ရတဲ့ မြန်မာ့ အမျိုးသားလွတ်လပ်ရေးသမိုင်းကို အရိုင်းခံရတော့မှာလား။ မြန်မာကို ဖြိုခွဲမယ့်အကြံ ခံရတော့မှာလား။ ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလား။ စဉ်းစားကြပါ။ ဒါကြောင့် ဇာတိသွေးကိုပြဖို့ တိုင်းချစ်ပြည်ချစ်စိတ်ကိုပြဖို့ မြန်မာတွေညီကြပါစို့။ ဒီနေရာမှာ အလျဉ်းသင့်လို့ နိုင်ငံတကာ နိုင်ငံရေးနဲ့ပတ်သက်ပြီး တစ်ဆက်တည်းတင်ပြရရင် လူ့သိက္ခာ၊ လူ့တန်ဖိုးနဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးဆိုတဲ့ နိုင်ငံတကာ တရားမျှတ မှုကို စောင့်ရှောက်ဖို့ ကုလသမဂ္ဂဆိုတာ ရှိနေပါတယ်။ ခုအခါမှာ ဒီအဖွဲ့ကြီးဟာ နိုင်ငံတကာ ဗိုလ်ကျစိုးမိုးမှုကို လက်ပိုက်ကြည့်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ဒါကြောင့် သမိုင်းရဲ့မှန်ကန်တဲ့ဘက်မှာ ရပ်ဖို့လိုပါတယ်။ နိုင်ငံကြီးတွေရဲ့ ကစားပွဲနေရာအဖြစ်မခံဘဲ နိုင်ငံရေး ဟိရိဩတ္တပ္ပတရားအပြည့်နဲ့ နိုင်ငံတကာစည်းမျဉ်းများကို ကာကွယ် ထိန်းသိမ်းသူအဖြစ် မြင်လိုကြပါတယ်။
ဒါကြောင့် မြန်မာဟာ နိုင်ငံခြားရေးမူဝါဒမှာ ဖော်ပြတဲ့အတိုင်း နိုင်ငံရေး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေတာဖြစ်တယ်။ ဆက်လက်ပြီး နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအတွင်း စစ်မှန်တဲ့ ကိုယ်စားပြုမှုနဲ့ နိုင်ငံတကာ တရားမျှတမှုတွေအတွက် လျှောက်လှမ်း နေမှာလည်းဖြစ်တယ်။ အခုဆိုရင် မြန်မာ့လွတ်လပ်ရေးဟာ (၇၄) နှစ်တိုင်ခဲ့ပါပြီ။ နောက်နှစ်ဆို လွတ်လပ်ရေးစိန်ရတု အခါသမယကို ရောက်ပါတော့မယ်။ အမိမြေကို ကာကွယ်ခဲ့ကြတဲ့ မြန်မာမျိုးချစ် သူရဲကောင်းတွေ၊ ဒီမြေအတွက် အသက်ပေးခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ၊ လွတ်လပ်ရေးဖခင်ကြီးတွေ အသက်သွေးနဲ့ ပေးဆပ်ခဲ့တဲ့ အချုပ်အခြာအာဏာ လွတ်လပ်ရေး အဓွန့်ရှည်ရေးကို ရည်မျှော်ပြီး
- အသက်အိုးအိမ် ဆုံးရှုံးနေရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက်
အကြမ်းဖက်မှုအပါအဝင် နိုင်ငံသားအချင်းချင်း စစ်ခင်းနေမှု
တွေကို ရပ်တန်းကရပ်သင့်ပါပြီ။
- အမိမြေကို ဖြိုခွဲပြီး သစ္စာဖောက်တဲ့ သမိုင်းတရာခံတွေအဖြစ်
မရောက်ကြစေရေးနဲ့။
- ပြင်ပပယောဂတွေကို နိုင်ငံရေးသတိရှိရှိနဲ့ ဖယ်ရှားပြီးပြည်သူ
တစ်ရပ်လုံး အေးချမ်းတည်ငြိမ်စွာ အသက်ဝမ်းကျောင်းနိုင်ရေး
အလေးပေးဆောင်ရွက်နိုင်စေကြောင်း လွတ်လပ်ရေး ဆုမွန်
ကောင်း တောင်းလိုက်ပါတယ်။
- Log in to post comments