အခွင့်ကောင်းကို သိမြင်နိုင်ပါစေ

Type

 

မင်းခေါင်
 

 

မြန်မာ့နိုင်ငံရေးအပြောင်းအလဲ တစ်စုံတစ်ခုကြုံတိုင်း ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများသည် ရိုက်ခတ်မှုများနှင့်   ဦးစွာကြုံတွေ့ရလေ့ရှိသည်။ မရိုက်ခတ်လျှင်လည်း ရိုက်ခတ်လာအောင် နိုင်ငံရေးသမားဟုဆိုသူများက ဆော်ဩကြသည်။ မခံချင်အောင် သွေးထိုးလှုံ့ဆော်တတ်ကြသည်။

 


၁၉၈၈ ခုနှစ်  အရေးအခင်းကာလတွင်လည်း မူလက  ဒီမိုကရေစီရရှိရေးအတွက်   ရိုးသားစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသော   ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းအချို့သည် တပ်မတော် က နိုင်ငံ့တာဝန်ကို လွှဲပြောင်းရယူလိုက်သည့်အချိန် တွင် ဖမ်းဆီးခံရတော့မည်ဟူသော  စိုးရိမ်ပူပန်မှု တို့ဖြင့် နယ်စပ်ဒေသများမှတစ်ဆင့်  ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

 


အချို့ကလည်း  “အရေးအခင်းတွင် ပါဝင်သော ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် များကို ရပ်ကွက်အတွင်း လိုက်လံဖမ်းဆီးနေသည်” ဟူသော       ကောလာဟလသတင်းများကြောင့် အထိတ်တလန့်ဖြစ်ကာ ပြည်တွင်း၌ပုန်းအောင်းနေသူများရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ သွားရောက်ခိုလှုံသူများလည်းရှိခဲ့ကြသည်။

 


ဝမ်းပန်းတသာကြိုဆို


တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်း များကလည်း   ပြည်ပအထောက်အပံ့များအပြင် လူသစ်စုဆောင်းမှု      အစီအမံမလုပ်လိုက်ရဘဲ တပ်သားသစ်များအဖြစ် အလိုအလျောက်ရောက်လာ ကြသည်ဆိုတော့ ဝမ်းပန်းတသာကြိုဆိုခဲ့ကြသည်။ သို့ဖြစ်၍  ထိုစဉ်က  ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်း၊ ကရင်နီ၊ ပအိုဝ်း၊ ကေအင်န်ယူနှင့်  မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့     ကျောင်းသား ကျောင်းသူ  ၄၂၀၃ ဦး    ရောက်ရှိသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ      ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံသို့ ၂၀ ခန့်၊ အိန္ဒိယ- မြန်မာ နယ်စပ်သို့ ၂၂၂ ဦး ရောက်ရှိသွားခဲ့သည်။ အချို့မှာ ပြည်တွင်းမှာပင် ခိုအောင်းနေခဲ့ကြရာ  စုစုပေါင်း ၅၀၀၀ ခန့်ရှိကြောင်း  ထိုစဉ်က သတင်းထုတ်ပြန် ချက်များအရ သိရသည်။

 


ထို့ကြောင့် ၁၉၈၈ ခုနှစ်      စက်တင်ဘာလ             ၂၆ ရက်နေ့တွင်   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယ ဗိုလ်ချုပ်ကြီးသန်းရွှေက “စစ်မှန်သော   ဒီမိုကရေစီ အခွင့်အရေးရရှိရေးအတွက်    ငြိမ်းချမ်းစွာ ဆန္ဒပြ ခဲ့ပြီးနောက် စိုးရိမ်စိတ်ဖြင့် မြို့ပေါ်တွင်  ရှောင်တိမ်း ပုန်းအောင်းနေသည့် ကျောင်းသား  ကျောင်းသူများ ရှိနေကြောင်းနှင့်  အချို့မှာ   သောင်းကျန်းသူအဖွဲ့ အစည်းများထံ  သွားရောက်ခိုလှုံရန်     ကြံစည် လျက်ရှိနေကြောင်း    သိရပါသည်။     တပ်မတော် အနေဖြင့်  ရာဇဝတ်မှုကျူးလွန်ခဲ့သည့်  ပုဂ္ဂိုလ်များ မှအပ  ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော  သားငယ် သမီးငယ်အရွယ်များဖြစ်သည့်       ကျောင်းသား ကျောင်းသူများအပေါ်တွင်  မည်သည့်အာဃာတ တရားမျှမထားသည့်အပြင် အတိဒုက္ခရောက်စေ လိုသောဆန္ဒ လုံးဝမရှိပါကြောင်း   ကြေညာအပ်ပါ  သည်”စသည်ဖြင့် တပ်မတော်၏   သဘောထား ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးနောက်     အောက်တို ဘာလ ၁၇ ရက်နေ့မှစတင်၍    နယ်စပ်ဒေသတွင် တပ်မတော်က    ကြိုဆိုရေးစခန်းပေါင်း     ၂၇   ခု   ဖွင့်လှစ်ကာ   ကျောင်းသား  ကျောင်းသူများအား ကြိုဆိုခဲ့ပါသည်။

 


တပ်မတော်၏သဘောထားကို    အချိန်မီသိရှိ နိုင်ရန်အတွက်လည်း ကျောင်းသား ကျောင်းသူများရှိ နေသည်ဟု   သတင်းရရှိသော   စခန်းများအနီး တစ်ဝိုက်သို့ တပ်မတော်၏ သဘောထားနှင့် ကြိုဆို ရေးစခန်းများတွင်      ကြိုဆိုလက်ခံမည့် အစီအစဉ် ပါရှိသော  စာရွက်များကို   လေယာဉ်ပျံများဖြင့်  ကြဲချပေးခဲ့ပါသည်။

 


သွားရောက်ခေါ်ယူရန် စီစဉ်ဆောင်ရွက်


ထို့နောက်   ရန်ကုန်မြို့     မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းသားများ ယာယီလက်ခံရေးစခန်းဖွင့်လှစ်၍ ထိုစခန်းမှတစ်ဆင့်      ကျောင်းသားမိဘများထံ ပြန်လည်အပ်နှံပေးရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင်    ထိုင်းနိုင်ငံတွင်     ထိုင်း တပ်မတော်နှင့် ကြက်ခြေနီ တပ်ဖွဲ့တို့က   ပူးပေါင်း ဖွင့်လှစ်ထားသည့်   တပ်ခ်(Tak)  ခရိုင်စခန်းသို့ တပ်မတော်အထူးလေယာဉ်ဖြင့်  သွားရောက်ခေါ်ယူ ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

 


ကျောင်းသားများ     ပြန်လည်ခေါ်ယူရေးနှင့် ပတ်သက်၍  အနောက်နိုင်ငံများက    နိုင်ငံရေး သဘောအရ မလိုလားကြသဖြင့် လူသားချင်းစာနာမှု အနေဖြင့်   ကြက်ခြေနီတပ်ဖွဲ့ဝင်များက    ပါဝင် ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည်။ 

 


ထို့နောက်    ထိုင်းနိုင်ငံနယ်စပ်အသီးသီးသို့ ရောက်ရှိနေကြသူ ၃၆၉ ဦးကို မင်္ဂလာဒုံလက်ခံရေး စခန်းသို့  တပ်မတော်လေယာဉ်ဖြင့်    ၁၃ ခေါက် ခေါ်ယူခဲ့မှုအပါအဝင် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလကုန် အထိ ကျောင်းသား    ကျောင်းသူ စုစုပေါင်း   ၁၈၃၅ ဦး ပြန်လည်ခေါ်ယူခဲ့သည်။ ၁၉၉၈ ခုနှစ်  ဒီဇင်ဘာလ ကုန်တွင် ကြိုဆိုလက်ခံရေးစခန်းများသို့ ကျောင်းသား ကျောင်းသူ ၃၃၂၀  ပြန်လည် ရောက်ရှိလာခဲ့ကြရာ တပ်မတော်က  ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးဝါး ကုသပေးခြင်းများ ပြုလုပ်ပေးပြီးနောက် မိဘများထံ   ပို့ဆောင်အပ်နှံပေးခဲ့ကြရသည်။

 


“သားရယ်  အမေဖြင့်  ငါ့သားကိုသေပြီလို့ထင်နေ တာသားရယ်၊ အခု ပြန်တွေ့ရတော့ အမေ့ရင်ထဲ ဘယ်လိုဖြစ်နေတယ်ဆိုတာ  သားကိုပြောမပြတတ် ဘူး သားရယ်”


“သားပြန်လာမယ်ဆိုတာသိရတော့  ဝမ်းသာ လိုက်တာ    ပြောကိုမပြနိုင်ပါဘူး၊   ကျွန်မတို့က သားပျောက်သွားကတည်းက ဘာသတင်းမှမကြားရ တော့ သေပြီလား၊ ဘယ်ရောက်နေသလဲ၊  သူပုန်ပဲ ဖြစ်သွားသလားဆိုပြီး   ဖြစ်နေရတယ်။  နောက်ကျ တော့   သတင်းစာတွေထဲမှာ   ကျောင်းသားတွေ ပြန်လာဖို့ အစိုးရကစီစဉ်မှုတွေပြုနေတယ်ဆိုတော့ သားလေးပြန်လာမယ့်အထဲ  ပါပါစေ၊   ဘေးမသီ         ရန်မခပါစေနဲ့လို့ ဆုတောင်းနေရတာပေါ့၊  အခုတော့ ကျွန်မသားလေး   မသေမပျောက်ပြန်တွေ့ရမယ်   ဆိုတော့ ဝမ်းသာတာမှရှင် ပြောကိုမပြောနိုင်ပါဘူး”


“သားက မိတ်ဆွေနဲ့ထားဝယ်ဘက်ကို အလုပ် သွားလုပ်မယ်လို့     ကျွန်မကိုပြောတယ်၊     လက်ရှိ ကျောင်းလည်းမနေတော့  သားကို   ခွင့်ပြုလိုက်မိ တယ်။ အဲဒါ အောက်တိုဘာလလောက်ကဖြစ်မယ်၊  အဲဒီ နောက်မှာ ပျောက်ချင်းမလှ  ပျောက်သွားတာပါ ပဲ။ အခု သားရောက်လာမယ်လို့  လူကြီးတစ်ယောက် လာပြောတော့ အံ့ဩသွားတယ်၊    သားကိုလွမ်းလို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်နေတာ သားကို ခုတွေ့ရတော့ ကျွန်မ စိတ်မထိန်းနိုင်ဘဲ ငိုမိတော့တာပါပဲရှင်”


“ကျွန်တော်တို့က လက်လုပ်လက်စားလက်သမား ပါ။  ကျွန်တော့်သားက   အဋ္ဌမတန်းမှာ   ပညာ သင်နေတုန်းပျောက်သွားတာ၊  နောက်မှ တောထဲ ရောက်နေတယ်လို့ သတင်းကြားရတယ်။   ကြားရ တဲ့သတင်းတွေကလည်း  မကောင်းတော့ သေပြီလို့ မှတ်ထားတာ။ အခုတော့ မသေဘူး။  ပြန်တွေ့ရတော့ မယ်ဆိုတော့ဗျာ ဝမ်းသာတာပေါ့”


“ကျွန်တော့်ကို ဖေဖေလိုက်ရှာရင်း  ကားမှောက် သေသွားတယ်လို့ သိရတယ်။  အခုတော့ ကျွန်တော် နောင်တရနေပါပြီ၊ ဖေဖေ့ကို တသသဖြစ်နေရတော့ မှာပါဗျာ”


စသည်ဖြင့်  တပ်မတော်၏  ကြိုဆိုလက်ခံရေးစခန်း များမှတစ်ဆင့် အနယ်နယ်အရပ်ရပ်ရှိ မိဘရပ်ထံ ပြန်လည်ရောက်ရှိလာကြသော      ကျောင်းသား ကျောင်းသူလူငယ်များအား     ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက      လေဆိပ်တွင်     အိုးစည် ဗုံမောင်းများဖြင့်  ဝမ်းပန်းတသာ    ကြိုဆိုခဲ့ကြသည့် ပုံရိပ်များ၊   မိဘဆွေမျိုးများနှင့်   မသေကောင်း မပျောက်ကောင်း ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ကြသဖြင့် ဝမ်းနည်းဝမ်းသာ ပုံရိပ်များ၊  အမိရင်ခွင်သို့  ပြန်လည် ရောက်ရှိလာခဲ့ကြသူများ၏   ရင်တွင်းဖြစ် စကားသံ များ၊    မိဘဆွေမျိုးများ၏    ပီတိစကားသံများကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာ၊ ၁၉၈၉ ခုနှစ် ဇန်နဝါရီလထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာတို့တွင်  ခေတ် တစ်ခေတ်၏ သမိုင်းပုံရိပ်များကို သမိုင်းသင်ခန်းစာ များအဖြစ် တွေ့မြင်နိုင်သည်။ 

 


ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး      အပြောင်းအလဲတွင်လည်း ကျောင်းသား၊  လူငယ်များနှင့်  နိုင်ငံ့ဝန်ထမ်းများ ကြားတွင် ကြီးစွာသော ရိုက်ခတ်မှုများ၊ လှုပ်ခတ်မှု များ ထပ်မံကြုံတွေ့ခဲ့ကြရပြန်ပါသည်။  အချို့က ဆွဲဆောင်စည်းရုံးမှုကြောင့်၊  အချို့ကား  သွေးထိုး လှုံ့ဆော်မှုတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတည်ရှိရာ နယ်မြေဒေသများနှင့် ပြည်တွင်း ပြည်ပဒေသအချို့သို့  ရောက်ရှိသွားခဲ့ကြပြန်သည်။

 


စနစ်တကျလက်ခံပေး


သို့ဖြင့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည်  နိုင်ငံတော်၏   လူသားအရင်းအမြစ်များ မလိုအပ်ဘဲ  ဆုံးရှုံးမှုမရှိစေရေးအတွက်  တာဝန်မှ ကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများ ကို    ပြန်လည်ဖိတ်ခေါ်ခြင်း၊    PDF   အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်နေသူများအနက်မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကို ပြန်လည် ဖိတ်ခေါ်ခြင်းတို့အား     အသိပေးထုတ်ပြန်ခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများကိုလည်း စနစ်တကျ လက်ခံပေးလျက်ရှိသည်။ 

 


ယခုတစ်ဖန်    နယ်စပ်ဒေသအသီးသီးနှင့် အချို့သော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်းရောက်ရှိနေသည့်  CDM ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်  လူငယ်လူရွယ် များအား နယ်စပ်ကြိုဆိုရေး    စခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊  မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့စခန်း အသီးသီးသို့ဆက်သွယ်၍   ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့်   ယင်းသို့ သတင်းပို့ ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ   နေ့စဉ်     ပြည်သူ့ဘဝတွင် အေးချမ်းစွာ     နေထိုင်နိုင်ရေး     အာမခံချက်ပေး သွားမည်ဖြစ်ကြောင်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က  အသိပေး ကြေညာချက်   ထုတ်ပြန်ခဲ့ပါသည်။  ကြေညာချက် အပြည့်အစုံကိုလည်း    နိုင်ငံပိုင်မီဒီယာများတွင် ဆက်တိုက်ဖော်ပြပေးလျက်ရှိသည်။

 


ပုထုဇဉ်လူသားတိုင်းလိုလို   အမှားမကင်းနိုင် ကြပါ။ သို့သော်  အမှားကိုမြင်ပြီး  မှားမှန်းသိလျှင် ပြင်နိုင်ကြရပေမည်။        လမ်းကြောင်းမှန်ကို လျှောက်လှမ်းဖို့ဆိုလျှင် အခွင့်ကောင်းကို ရအောင် ယူတတ်ဖို့လိုသည်။ အခွင့်ကောင်းကို ရအောင်ယူပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်စေရန် မြန်မာစကားပုံ များတွင် “လသာတုန်း ဗိုင်းငင်”၊ “မိုးရွာတုန်းရေခံ”၊ “နေပူတုန်း စပါးလှန်း”ဟူ၍ ဖော်ပြထားသည်။ 

 


လောကတွင်   “အခွင့်ကောင်းဆိုတာ  နှစ်ခါ မလာဘူး၊ တစ်ခါပဲလာတယ်”ဟု  သုံးသပ်ဆင်ခြင် ပြီး   အခွင့်ကောင်းကို  ပိုင်ပိုင်နိုင်နိုင်   အသုံးချ၍ ဘဝခရီးတွင် ကြီးပွားတိုးတက်အောင် စွမ်းဆောင် နိုင်သူများရှိသကဲ့သို့     အခွင့်ကောင်းတစ်ရပ်နှင့် ကြုံကြိုက်သော်လည်း    အခွင့်ကြုံမှန်းမသိကြဘဲ အခွင့်ကောင်းကို   အသုံးမချနိုင်ခဲ့၍   ဘဝတစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ကြရသူများလည်း  ရှိကြသည်။ 

 


စင်စစ်အားဖြင့်မူ          အကြောင်းအကျိုး၊ အကောင်းအဆိုး၊ လုပ်သင့်တာနှင့်   မလုပ်သင့်တာ၊ အခွင့်ကောင်းကြုံကြိုက်ခြင်း၊   မကြုံကြိုက်ခြင်း၊ အခွင့်ကောင်းကြုံလျှင်        ဘာလုပ်သင့်သည် ဆိုသည်များကို    ပညာဖြင့်သာ     ခွဲခြားသိမြင်နိုင်သည်။

 


သို့ဖြစ်၍ နယ်စပ်ဒေသအသီးသီးနှင့်   အချို့ သော    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်း ရောက်ရှိနေသည့် CDM   ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များ သည်   နေ့စဉ် ပြည်သူ့ဘဝတွင် အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက်  အတိတ်က  သမိုင်းသင်ခန်းစာများ ကို   ပညာဉာဏ်ဖြင့်ဆင်ခြင်၍   အခွင့်ကောင်းကို လက်မလွှတ်တမ်း   အသုံးချနိုင်စေရန်   တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။     ။