အခြေခံပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲခများ သက်သာမှုရှိစေရေး စွမ်းအင်ချွေတာနိုင်သည့် လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရေး ပညာပေးခြင်းနှင့် တိုက်တွန်းခြင်းများဆောင်ရွက်

လျှပ်စစ်မီတာများ အရည်အသွေး အဆင့်မြင့်မားမှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးတို့အား ဆောင်ရွက်သွားရန်လို

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊   ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်း ဒေသကြီးရှိ အင်းတကော်စက်မှုဇုန်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းတကော်စက်မှုဇုန်နယ်မြေသို့ ရောက်ရှိကြရာ စက်မှုဇုန်နယ်မြေ ရှင်းလင်းဆောင်၌ မြန်မာ့စီးပွားရေး ဦးပိုင်   အများနှင့်သက်ဆိုင်သော   ကုမ္ပဏီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အင်းတကော်စက်မှု နယ်မြေ နောက်ခံသမိုင်းကြောင်း၊   စက်မှုနယ်မြေ အတွင်း မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ ACSR Wire များ၊  လျှပ်စစ်မီတာများနှင့်  အခြား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက် ခဲ့မှုနှင့်    ရပ်နားထားရသည့်  စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး  ဆောင်ရွက်နေမှုအခြေ အနေများကိုလည်းကောင်း၊  EVER Meter စက်ရုံ CEO ဦးမျိုးအောင်က Digital Meter များ ထုတ်လုပ် နေမှုနှင့် ၂၀၁၅ ခုနှစ်မှစ၍ AMI စနစ်ဖြင့် လျှပ်စစ် မီတာများ တပ်ဆင်ဆောင်ရွက်၍ Automatic Billing System၊  Automatic Reading System  များ အသုံးပြုပြီး မီတာခများကောက်ခံမှုနှင့် ထိန်းသိမ်းမှု များဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ Control Center မှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ အဆင့်မြင့်မီတာများထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ Analog Meter များနှင့်  ပြည်ပမှ  တင်သွင်းသည့် ဆက်သွယ်ရေးစနစ်မပါရှိသည့် ဒစ်ဂျစ်တယ်မီတာများ၏အားနည်းချက်များနှင့် AMI စနစ်တပ်ဆင်ထား သည့် မီတာများဖြင့် လဲလှယ်တပ်ဆင်နိုင်ရေး လိုအပ် ချက်ရှိသည့်   အခြေအနေ၊   လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများမှာ ယခင်က ပျမ်းမျှ ၁၆ ရာခိုင်နှုန်း ခန့်အထိရှိခဲ့ရာမှ ယခု AMI စနစ်တပ်ဆင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့်     ဓာတ်အားပျောက်ဆုံးမှုပျမ်းမျှ နှစ်ရာခိုင်နှုန်းအထိ ကျဆင်းခဲ့မှုအခြေအနေ၊ AMI စနစ် မီတာအသုံးပြုခြင်းဖြင့်      လျှပ်စစ်မီတာခများ ကောက်ခံရာတွင် Mobile Banking စနစ်များဖြင့် လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ လျှပ်စစ် ဓာတ်အား ပျောက်ဆုံးမှုများအား အထိုက်အလျောက် ထိန်းချုပ်နိုင်မှုနှင့် အခြားမြို့ပြဆိုင်ရာ လုပ်ငန်းများ တွင်လည်း   ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊  လျှပ်စစ် ဓာတ်အားသုံးစွဲမှုနှင့် သက်ဆိုင်သည့် အချက်အလက် များအား အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုဆောင်ရွက် နိုင်မှုအခြေအနေများကိုလည်းကောင်း၊  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီတာများ လိုအပ်မှုအခြေအနေ၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှု  အခြေအနေများကိုလည်းကောင်း  ရှင်းလင်း တင်ပြကြသည်။


စနစ်တကျထိန်းသိမ်းဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရပ်နားထားရသည့်စက်များ ပြန်လည်လည်ပတ်နိုင် ရေးဆောင်ရွက်ရန်၊ စက်ရုံများအလိုက် စက်ပစ္စည်း များအား မလိုလားအပ်ဘဲ ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ မြန်မာ့လျှပ်စစ် လုပ်ငန်းတွင်   အသုံးပြုရန်   လိုအပ်လျက်ရှိသည့် လျှပ်စစ်ဝိုင်ယာကြိုးများအား   ပြည်တွင်း၌   အရည် အသွေးပြည့်မီသည့်  ကုန်ကြမ်းများကို အသုံးပြု၍ စံချိန်စံညွှန်းကိုက်ညီစွာဖြင့်    ထုတ်လုပ်နိုင်ပါက ပြည်ပငွေသုံးစွဲမှုကို    လျှော့ချနိုင်မည်ဖြစ်သဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ရန်၊     လျှပ်စစ်ဓာတ်အားများအား  တရားမဝင် နည်းလမ်းများဖြင့် ရယူသုံးစွဲမှုမရှိစေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ   ကြပ်မတ်ဆောင်ရွက်ရန်၊ အခြေခံ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲခများ သက်သာ မှုရှိစေရေး စွမ်းအင်ချွေတာနိုင်သည့် လျှပ်စစ်ပစ္စည်း များ အသုံးပြုနိုင်ရေး ပညာပေးခြင်းနှင့် တိုက်တွန်းခြင်းများဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့်   မြန်မာနိုင်ငံရှိ   လျှပ်စစ် ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာမှုရှိစေ ရေး    နှိုင်းယှဉ်သုံးသပ်   ဆောင်ရွက်သွားရန်နှင့် ကျေးရွာများတွင်  ထင်းသုံးစွဲ၍ ချက်ပြုတ်မှုများ ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် ထင်းသုံးစွဲမှုလျှော့ချပေးရန် လိုအပ်ကြောင်း၊ ထင်းသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်၍ ဓာတ်အားသုံးစွဲခ များသက်သာစွာရရှိအောင်    ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်အိမ်ထောင်လျှင် ယူနစ် ၁၀၀ ခန့်သာသုံးစွဲပါက ခန့်မှန်းဓာတ်အား သုံးစွဲခငွေကျပ် ၆၀၀၀ ဝန်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာများတွင်  လျှပ်စစ်မီးရရှိစေရေး အတွက် ဆိုလာစနစ်များ တပ်ဆင်ပေးရန်လိုအပ် မည်ဖြစ်ကြောင်း၊    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာများဖြင့် အိမ်သုံးလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်လျက်ရှိသည့် ဆိုလာပြား များအား ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊   ရန်ကုန်မြို့ အတွင်း AMI စနစ်သုံးမီတာများ ရာနှုန်းပြည့် ပြောင်းလဲ တပ်ဆင်နိုင်ရေးဆောင်ရွက်ရန်နှင့် မန္တလေးမြို့တွင် လည်း AMI စနစ်သုံး လျှပ်စစ်မီတာများ ပြောင်းလဲ တပ်ဆင်နိုင်ရေး    လျာထားဆောင်ရွက်သွားရန်၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း တပ်ဆင်နိုင်ရေး အဆင့်လိုက် ဆောင်ရွက်သွားရန်၊  လျှပ်စစ်မီတာများ   အရည် အသွေး    အဆင့်မြင့်မားမှုရှိစေရေး၊  ဓာတ်အား ပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးတို့အား ဆောင်ရွက် သွားရန်လိုကြောင်း မှာကြားသည်။


တိုက်ရိုက်ကြည့်ရှု


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် EVER Meter များအသုံးပြု၍ AMI စနစ်ဖြင့် ဆောင်ရွက်ထား သည့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၏   လျှပ်စစ်သုံးစွဲနေမှုအခြေအနေကို မော်နီတာမှ တစ်ဆင့် တိုက်ရိုက်ကြည့်ရှုရာ EVER Meter စက်ရုံ CEO ဦးမျိုးအောင်က ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးဦးပိုင်   အများနှင့်သက်ဆိုင်သော ကုမ္ပဏီ   EVER Meter  စက်ရုံအတွင်း   စက်ရုံမှ ထုတ်လုပ်ထားသည့်    မီတာများနှင့်   မီတာများ ထုတ်လုပ်နေမှုအဆင့်ဆင့်ကို    လှည့်လည်ကြည့်ရှု စစ်ဆေးပြီး    လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်