အခါအခွင့်ကြုံကြိုက်တိုင်း တရားစကား ဆွေးနွေးမေးမြန်းခြင်းသည် မင်္ဂလာမည်၏

Type

 

 

ကျော်ကျော်လှိုင်

 

အခါအခွင့်ကြုံတိုင်း၊  သင့်လျော်သည့်အချိန်တိုင်း  တရားစကား  ဆွေးနွေးမေးမြန်းခြင်းသည်  မင်္ဂလာမည်၏ဟု  ဗုဒ္ဓဘုရားရှင်က  ဟောပါသည်။  “ကာလေန ဓမ္မဿဝနံ” သင့်လျော်သည့်အခါ တရားနာခြင်းသည် မင်္ဂလာမည်၏ဟုလည်း မင်္ဂလာတရားတော်ရှေ့ပိုင်းတွင် ဟောထားပါသည်။ “ကာလေနဓမ္မဿဝနံ”နှင့်“ကာလေနဓမ္မသာကစ္ဆာ”သည် တူသည်ဟုထင်ရသော်လည်း သေသေချာချာစဉ်းစားလျှင် အဓိပ္ပာယ် ကွဲပြားပါသည်။

 


ရှေးဦးစွာ အခါအခွင့် ကြုံကြိုက်သည်နှင့် ပတ်သက်၍  တွေးလိုက်လျှင်  အောက်ပါ အချက်များနှင့် ပြည့်စုံရမည်ကို  တွေ့ရ ပါသည်။
    ၁။     တရားစကားကို  မေးမြန်းသည့် အခါ ဖြေကြားမည့်သူသည်    အသိပညာနှင့်  ပြည့်စုံရန်  လိုပါ သည်။ 
    ၂။    တရားကိုသိပြီး     ကိုယ်တိုင် လည်း လိုက်နာကျင့်သုံးနေသူ  ဖြစ်ရပါမည်။
    ၃။     မေးမြန်းသည်ကို    စိတ်ရှည် လက်ရှည် ဆွေးနွေးဖြေကြား ပေးရန်     ဆန္ဒရှိသူလည်း  ဖြစ်ရ ပါမည်။ 

 


အခွင့်ကြုံကြိုက်တိုင်း   တရားစကား ဆွေးနွေးမေးမြန်းသည့်အခါ   ပါဠိစကား များနှင့်  မေးမြန်းဆွေးနွေးနိုင်မှ တရား စကားဖြစ်သည်    ဆိုသည့်အတွေးကို ဖျောက်စေလိုပါသည်။  တရားမျှတသည့် အကြောင်း၊  တရားမျှတအောင်  ဘဝကို ကျင့်ကြံ  နေထိုင်သင့်သည့်အကြောင်း၊ ကိုယ်ကျင့်တရား   အကြောင်းများကို ဆွေးနွေး     မေးမြန်းခြင်းသည်လည်း တရားစကားဖြစ်ပါသည်။

 


ဗုဒ္ဓဘာသာဝင်     မြန်မာလူမျိုး အများစုသည်  ဘုရားရှိခိုးသည့်အခါ ဩကာသ       ကန်တော့ချိုးမှာပါသည့် “အပါယ်လေးပါး၊  ကပ်သုံးပါး၊  ရပ်ပြစ် ရှစ်ပါး၊  ရန်သူမျိုးငါးပါး၊  ဝိပတ္တိတရား လေးပါး၊      ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းရပါလို၏” ဟုဆိုသည့်     ဆုတောင်းအကြောင်းကို ဦးစွာ တရားစကားအဖြစ်  ဆွေးနွေးလို ပါသည်။

 


အပါယ်လေးပါး


ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် ဘုံများသည်   အပါယ်လေးပါး   ဖြစ်ပါ သည်။   ချမ်းသာခြင်းမရှိသည့်   အရပ် ဒေသ၊  ချမ်းသာခြင်းမရှိသည့်  ဘဝတွေ ဖြစ်၍   မသွားသင့်   မရောက်သင့်သည့် နေရာများဖြစ်ပါသည်။ အပါယ်လေးပါး သည် ရပ်ပြစ်ရှစ်ပါးထဲမှာ ပါဝင်ပါသည်။ ရပ်ပြစ်ရှစ်ပါးတွင်  အပါယ်လေးပါးအပြင် နာမ်သက်သက်ရှိသည့်    အရူပဘဝ၊ အယူလွဲမှားသည့် ဘဝ၊  ဘုရား၊  တရား နားမလည်   သဘောမပေါက်သည့်ဘဝ၊ (ဥပမာ - စိတ်ထိခိုက်ပြီး ရူးသွပ်နေသူ သည် ဘုရားတရားကို နားမလည်သည့် ဘဝဖြစ်ပါသည်)နှင့်    ဘုရားမပွင့်သည့် အချိန် လူဖြစ်ရသည့်ဘဝ    စုစုပေါင်း  လေးပါးလည်း   ပါဝင်ပါသည်။   မီးဘေး၊ ရေဘေး၊   မင်း၊   ခိုးသူ၊   မချစ်မနှစ်သက် သောသူများသည်   ရန်သူမျိုးငါးပါး ဖြစ်ပါသည်။      သက်ဦးဆံပိုင်ဘုရင်စနစ် ခေတ်တွင်  အသက်အားလုံးကို မင်းက ပိုင်ဆိုင်၍ မင်းကို ရန်သူအဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်နိုင်ပါသည်။  ယနေ့ခေတ်တွင် မင်းသည်     လူတိုင်းအတွက်    ရန်သူ မဟုတ်ပါ။ 

 


ဝိပတ္တိတရားလေးပါး


နံပါတ်တစ်သည်   အကျင့်ပျက်သူ ဖြစ်ပါသည်။ 
နံပါတ်နှစ်သည်   အယူဘာသာ ပျက်သူဖြစ်ပါသည်။  အယူဘာသာ ပျက်နေသူဆိုသည်မှာ   အယူဘာသာ မတူသူ မဟုတ်ပါ။ လူအများအပေါ်တွင် လောဘတရားနှင့်  အမြဲအနိုင်ယူချင်သူ ဖြစ်ပါသည်။  အတ္တကြီးပြီး   တစ်ကိုယ် ကောင်းဆန်သူသည် အယူဝါဒပျက်သူ၊ မှားနေသူ ဖြစ်ပါသည်။ 
နံပါတ်သုံးသည် ကတိပျက်သူ ဖြစ် ပါသည်။ 

 


 နံပါတ်လေးသည်   ဥပဓိရုပ်ပျက် နေသူဖြစ်ပါသည်။  ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်ခြင်း၊    ရုပ်ရည်မပြေ ပြစ်ခြင်းကို ဥပဓိရုပ်ပျက်သည်ဟုဆို၍ မရပါ။  တစ်၊  နှစ်၊  သုံး  အချက်များဖြစ် သော  အကျင့်ပျက်ခြင်း၊  အယူဝါဒ ပျက်ခြင်း၊        ကတိပျက်ခြင်းများကို ချိုးဖောက်လျှင် မလွဲမသွေ  ဥပဓိရုပ်ပျက် မည်ဖြစ်ပါသည်။     အကျင့်သီလ ကောင်းသူ၊  တစ်ကိုယ်ကောင်းမဆန်သူ၊ ကတိတည်သူသည် ဥပဓိရုပ်ကောင်းသူ ဖြစ်ပါမည်။

 


ဗျသနတရားငါးပါးမှာ


    ၁။    ဆွေမျိုးများပျက်စီးခြင်း၊ 
    ၂။     စီးပွားပျက်စီးခြင်း၊ 
    ၃။     ရောဂါဖိစီးခြင်း၊ 
    ၄။     သီလပျက်စီးခြင်း၊
    ၅။ အယူဘာသာပျက်စီးခြင်းတို့ ဖြစ်ပါသည်။


အခါအခွင့်ကြုံတိုင်း၊ သင့်လျော်သည့် အချိန်တိုင်း  တရားစကား   ဆွေးနွေးမေး မြန်းခြင်းသည်    မင်္ဂလာတရားနှင့်ညီ သော်လည်း    တရားစကား ဆွေးနွေး မေးမြန်းရာမှ  တရားစကား   ငြင်းခုန် သည့် အခြေအနေသို့  မရောက်ရန်ကို သတိပြုရန်  လိုပါသည်။  ပုထုဇဉ်လူသား များသည်    မိမိသာမှန်သည်ဆိုသော အတ္တကို  ရှေ့တန်းတင်၍  တရားဆွေး နွေးလျှင်   မုချအငြင်းပွားကြမည်သာ ဖြစ်ပါသည်။  သို့ဖြစ်ပါ၍ တရား‌မေးမြန်း ဆွေးနွေးသည့်အခါ    အောက်ပါအချက် များကို     လိုက်နာကျင့်ကြံသင့်ပါသည်။

 


(၁)     ခါးဝတ်ပုဆိုးကဲ့သို့ သီလတရား မြဲရပါမည်။ 
(၂)     အကြားအမြင်  ဗဟုသုတတို့ကို မှတ်သားထားနိုင်ရပါမည်။ 
(၃)     အဆွေခင်ပွန်းကောင်းတို့အပေါ် စိတ်ကောင်းထားရှိရန်   လိုပါ သည်။
 (၄)     သည်းခံစိတ်မွေးပြီး ပညာရှိတို့က ဆိုဆုံးမလျှင်  ရိုသေစွာ  ခံယူနိုင် သည့် စိတ်ထားရှိရန် လိုပါသည်။
(၅)    မိမိတို့အချင်းချင်း      သာရေး၊ နာရေး၊  လူမှုရေးတို့တွင်  အပြန် အလှန်ကူညီလိုသည့်  စိတ်ထား ရှိရန် လိုပါသည်။
 (၆)     တစ်ဦးကိုတစ်ဦးက ရိုင်းပျသော စကားမျိုးမဟုတ်ဘဲချစ်ခင်ဖွယ်၊ သာယာဖွယ်  စကားတို့ဖြင့်သာ ပြောဆိုရန် လိုပါသည်။ 
(၇)    အကုသိုလ်တရားတို့ကို ပယ်နိုင် အောင်     ကြိုးစား၍      ကုသိုလ် တရားများ   တိုးပွားလာအောင် ကြိုးစားဖို့ လိုပါသည်။ 
(၈)     စား၊ ဝတ်၊ နေရေးတို့တွင် ဇီဇာ မကြောင်ဘဲ  ရသမျှဖြင့်  တင်း တိမ်နိုင်သောစိတ်ဓာတ် မွေးမြူ ရန် လိုပါသည်။
(၉)     မိမိပြောဆိုပြီးခဲ့သမျှ   စကားများ နှင့်    လုပ်ကိုင်ဆောင်ရွက်ပြီးခဲ့ သော အလုပ်များကို  ပြန်လည်  ဆန်းစစ်ပြီး       သတိတရားထား နိုင်သည့် စိတ်ဓာတ်ရှိရန် လိုပါ သည်။
(၁၀) သမထ၊ ဝိပဿနာ တရား၊ ရုပ် နာမ်တရားတို့၏    ဖြစ်ခြင်း၊ ပျက်ခြင်းတို့ကို    အားထုတ်လို သည့် စိတ်ဆန္ဒရှိရုံမျှမက သင်္ခါရ တရားတို့၏  မမြဲပုံကို ကိုယ်တွေ့  အားထုတ်ရန်  လိုပါသည်။
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန
တရားဓမ္မဆွေးနွေးရာတွင်  မိလိန္ဒ မင်းကြီးနှင့်   အရှင်နာဂသေန၏  ထုံး ကိုလည်း  စံပြုဖို့  လိုပါသည်။  ဂရိဘုရင် မိနန်ဒါ   သို့မဟုတ်   မိနန်ဒရိုစ်သည် မိလိန္ဒပဉှာတွင်ပါရှိသည့်      မိလိန္ဒ     ဖြစ် သည်ဟု   ရာဇဝင်ဆရာများက   တညီ တညွတ်တည်း       သတ်မှတ်ဆုံးဖြတ်ကြ ပါသည်။ ခရစ်သက္ကရာဇ်  မပေါ်ခင်  နှစ် ရာစုက   အိန္ဒိယပြည်၏   အနောက် မြောက်ပိုင်းဒေသများသည်       ဂရိဘုရင် တို့၏ လက်တွင်းသို့  ကျရောက်ခဲ့သည်ဟု ရာဇဝင်တွင်   အထင်အရှားဆိုသည်နှင့် လည်း  ကိုက်ညီနေပါသည်။      မိလိန္ဒပဉှာ ၌ ဗုဒ္ဓ၏ အဘိဓမ္မာဖြစ်သော အနတ္တဝါဒ၊ ကံ၊ နာမ်ရုပ်၊ နိဗ္ဗာန် စသောအကြောင်း များကို    ဥပမာ၊   ဥပမေယျတို့ဖြင့် ရှင်းလင်းပြတ်သားစွာ   ရေးသားဖော် ပြထား၍  ပိဋကတ်စာပေ  တစ်ခုလုံး၌  ဗုဒ္ဓဟောကြားချက်ပြီးလျှင်    အပြည့်အစုံ ဆုံးဟု  ပညာရှင်များက    သတ်မှတ်ထားပါ  သည်။    သို့ဖြစ်ပါ၍     မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေန၏   တရားအမေးအဖြေ အချို့ကို    အောက်တွင်  ရေးသားဖော်ပြ လိုက်ပါသည်။

 


ပဋိသန္ဓေတည်နေသော  နာမ်ရုပ်နှင့်  ပတ်သက်၍ မေးမြန်းခြင်း  


“အရှင်နာဂသေနဘုရား၊ အဘယ် တရားသည်    ပဋိသန္ဓေ     တည်နေပါ သနည်း” 
“မင်းမြတ်၊ နာမ်ရုပ်သည် ပဋိသန္ဓေ တည်နေ၏” 
“အရှင်ဘုရား၊ ဤပစ္စုပ္ပန် နာမ်ရုပ် သည် ပဋိသန္ဓေတည်နေပါသလော”
“မင်းမြတ်၊   ဤပစ္စုပ္ပန်နာမ်ရုပ်သည် ပဋိသန္ဓေမတည်နေပါ။    စင်စစ်အားဖြင့် ဤပစ္စုပ္ပန်နာမ်ရုပ်ကို  အမှီပြု၍  ပြုလုပ် ကြရသော  ကုသိုလ်ကံ၊  အကုသိုလ်ကံ ကြောင့်  အခြားသော  နာမ်ရုပ်က  ပဋိ သန္ဓေ တည်နေလာပေ၏”


“အရှင်ဘုရား၊  ဤပစ္စုပ္ပန်  နာမ်ရုပ် သည်  ပဋိသန္ဓေ  မတည်နေရပါလျှင် ယုတ်ညံ့သော   အကုသိုလ်ကံတို့မှ  လွတ် မြောက်ရမည် မဟုတ်ပါလော”
“မင်းမြတ်၊ အကယ်၍ နောက်ထပ် တစ်ဖန် ပဋိသန္ဓေ မတည်နေရပါလျှင် ယုတ်ညံ့သော   အကုသိုလ်ကံတို့မှ လွတ်မြောက်ရာ၏။  ပဋိသန္ဓေတည် နေရသေးလျှင်ကား အကုသိုလ်ကံတို့မှ မလွတ်မြောက်နိုင်ပေ”
“အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦး”


“မင်းမြတ်၊ ယောက်ျားတစ်ယောက် သည်   သရက်သီးကို    ခိုးယူလေရာ  ပိုင်ရှင်ဖြစ်သူက   ခိုးသူကို   ဖမ်းယူ၍ မင်းကြီးထံပြသရာ၏။  ထိုအခါ  ခိုးသူက “မင်းကြီး၊ ကျွန်ုပ်သည် ဤသူ၏ သရက် သီးကို မခိုးယူပါ။ ဤသူ စိုက်ပျိုးခဲ့သော သရက်ပင်သည်  အခြားဖြစ်၍  ကျွန်ုပ် ခိုးယူသော  သရက်သီးကား  တခြားဖြစ် ပါသည်။  သို့ဖြစ်၍  ကျွန်ုပ်ကို  အပြစ်ဒဏ် မပေးသင့်ပါဟု  လျှောက်ရာ၏။  ဤတွင် သင်မင်းမြတ်သည်  ထိုခိုးသူကို  အပြစ် ပေးပါမည်လော”


“အရှင်ဘုရား၊ ထိုခိုးသူကို တပည့် တော်  အပြစ်ဒဏ်ပေးရမည်သာ  ဖြစ်ပါ သည်။  ပိုင်ရှင်စိုက်ပျိုးခဲ့သော  သရက်ပင် က တခြား၊ ခိုးယူသော သရက်သီးက တခြားဟု   ဆိုပါသော်လည်း  ရှေးက စိုက်ပျိုးခဲ့သော သရက်ပင်နှင့် အကြောင်း အကျိုး      ဆက်စပ်နေသောကြောင့်ပင် ဖြစ်ပါသည်”


“မင်းမြတ်၊ ဤအတူသာပင် ဤနာမ် ရုပ်ကို   အမှီပြု၍  ပြုလုပ်ကြရသော ကုသိုလ်ကံ  အကုသိုလ်ကံ  အကြောင်း အကျိုး   ဆက်စပ်နေသောကြောင့် ပဋိသန္ဓေတည်နေရန်      ရှိသေးလျှင် အကုသိုလ်ကံတို့မှ    မလွတ်မြောက်နိုင် ပေ”
“ အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”


ထို့နောက်  ဆက်လက်၍  မိလိန္ဒ မင်းကြီးက  “အရှင်နာဂသေနဘုရား၊                     အရှင်ဘုရားသည် ပဋိသန္ဓေ တည်နေပါဦး မည်လော”
“ မင်းမြတ်၊   ဤပြဿနာကို  မမေး ပါလင့်၊   ဤပြဿနာကို   မေးခြင်းဖြင့် သင်မင်းမြတ်မှာ     ဘာအကျိုးရှိပါမည် နည်း။ ဥပါဒါန် ရှိနေသေးလျှင် ပဋိသန္ဓေ တည်နေရဦးအံ့၊  ဥပါဒါန်မရှိတော့လျှင် ပဋိသန္ဓေ မတည်နေတော့ပြီဟု စောစော ကပင် ငါဖြေကြားခဲ့ပြီ မဟုတ်လား”
“အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦး”


“မင်းမြတ်၊    မိမိအား   ကျေးဇူးပြု တတ်သော   မင်းခစားတစ်ယောက်ကို မင်းသည်  နှစ်သက်လှသဖြင့်  ကာမဂုဏ် 
ငါးပါးတို့ဖြင့်   ချီးမြှောက်၍   ထားရာ၏။ ထိုမင်းခစားယောက်ျားသည်   “ဤမင်း ကား  ငါ့အပေါ်  တစ်စုံတစ်ရာမျှ  ကျေးဇူး မပြုဟု   ဆိုချေသော်   ထိုမင်းခစား ယောက်ျား၏    အမှုသည်    သင့်လျော်ပါ မည်လော”
“အရှင်ဘုရား၊ မသင့်လျော်ပါ”


“မင်းမြတ်၊    ဤအတူသာပင်    ဤ ပြ ဿနာကို   မေးခြင်းဖြင့်   သင်မင်းမြတ် မှာ  ဘာအကျိုးရှိပါမည်နည်း။   ဥပါဒါန်ရှိ နေ သေးလျှင်   ပဋိသန္ဓေ  တည်နေရဦးအံ့။ ဥပါဒါန်မရှိတော့လျှင်  ပဋိသန္ဓေ  မတည် နေရတော့ပြီဟု   စောစောကပင်   ငါဖြေ ကြားခဲ့ပြီ မဟုတ်ပါလော”
“အရှင်ဘုရား၊ သင့်လျော်လှပါပေ၏”


မိလိန္ဒမင်းကြီးနှင့်  အရှင်နာဂသေန တို့    တရားမေးမြန်းဆွေးနွေးရာတွင် တစ်ဦးပေါ်တစ်ဦး    လေးလေးစားစား ပြောဆိုဆက်ဆံခြင်း၊   မိလိန္ဒမင်းကြီး ကလည်း   သိကြောင်း၊   တတ်ကြောင်း ပြလို၍  မေးခြင်းမဟုတ်ဘဲ  မရှင်းလင်း သည်များကို ရိုးသားစွာ မေးခြင်း၊ အရှင် နာဂသေနကလည်း  မသိရကောင်းလား ဟု စိတ်မရှိဘဲ မေးမြန်းလာသည့် အမေး များကို စေတနာထား၍ ဥပမာ၊ ဥပ‌မေ ယျတို့ဖြင့်  လွယ်ကူ  ရှင်းလင်းအောင် ဖြေကြားခြင်း၊  မေးသူနှင့် ဖြေသူနှစ်ဦး စလုံး  အသိပညာ  ဉာဏ်ရည်မြင့်မားခြင်း စသည်တို့သည်  အတုယူရမည့်  အချက် များဖြစ်ပါသည်။

 


နိဂုံးချုပ်အနေဖြင့်  “ကာလေန ဓမ္မ သာကစ္ဆာ”  အခါအခွင့်  ကြုံကြိုက်တိုင်း တရားစကား  ဆွေးနွေးမေးမြန်းခြင်းသည် မိမိ၏ အတွေးအခေါ်၊ အသိပညာတို့ကို တိုးတက်မှု  ဖြစ်စေသည့်အတွက် မင်္ဂလာ တရားတော်နှင့်အညီ   ချမ်းသာအောင် မြင်ခြင်း အကျိုးကျေးဇူးကို ခံစားရမည် ဖြစ်ပါသည်။

 


“မှတ်သားစရာ”


 တရားဓမ္မဆွေးနွေးရာတွင် ဆွေးနွေး သူအချင်းချင်း အပြန်အလှန် လေးစား မှုဖြင့် မေးမြန်းဆွေးနွေးမှသာ  အငြင်း အခုန်များကင်းဝေးကာ  အသိပညာများ တိုးပွားလာနိုင်မည် ဖြစ်ပါသည်။

 


ကျမ်းကိုး
  ၁။ မင်္ဂလာအဘိဓာန်။ နိုင်ပြည်သူ။ 
  ၂။ မိလိန္ဒပဉှာ။ ဦးသော်ဇင်။ 
 ၃။ မိလိန္ဒပဉှာ။   မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန် အမေးအဖြေ။ မာဏဝ ပြုစုသည်။