
လင်းဟန်သစ်
ဆီးရီးယားမှာ ကာ့ဒ်အင်အားစုတွေနဲ့ အကျဉ်းထောင်ကိုဝင်စီးတဲ့ အစ္စလာမ္မစ်အုပ်စုကြား ပြင်းထန်တဲ့တိုက်ပွဲတွေ စတုတ္ထနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ခုနစ်ဦးအပါအဝင် လူပေါင်း ၁၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။
အထင်ရှားဆုံးစစ်ဆင်ရေး
သောင်းကျန်းသူ ၁၀၀ ကျော်လောက် ဟာ အဖွဲ့ဝင်ဂျီဟတ်တွေ လွတ်မြောက်ဖို့ ကာ့ဒ်အင်အားစုတွေအုပ်ချုပ်တဲ့ ဂါဝေရန် အကျဉ်းထောင်ကို အင်္ဂါနေ့ နှောင်းပိုင်း မှာ ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်။ အဲဒီ အကျဉ်းထောင်ဟာ ဟာဆာကေး မြို့မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့သုံးနှစ် နီးပါးက ဆီးရီးယားမှာ တိုက်ခိုက် သိမ်းပိုက်မှုလုပ်မယ်လို့ ကိုယ်တိုင် ကြွေးကြော်ခဲ့ချိန် ကတည်းကစပြီး အခုလိုမျိုး ထောင်ဖောက်တိုက်ခိုက်တာ ဟာ အိုင်အက်စ်တွေရဲ့ အထင်ရှားဆုံး စစ်ဆင်ရေး တစ်ခုဖြစ်ပါတယ်။
အိုင်အက်စ်တွေအုပ်စုပြန်ဖွဲ့နေ
အဲဒီအချိန်ကတည်းက တိုက်ပွဲတွေ ပြင်းထန်လာပြီး အကြမ်းဖက်တွေဟာ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီး ထောင်ထဲမှာ သိမ်းထားတဲ့ လက်နက် ခဲယမ်းတွေကို သိမ်းယူခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ပြောခဲ့ပါ တယ်။ ဒါဟာအိုင်အက်စ်တွေ အုပ်စု ပြန်ဖွဲ့နေတာပဲဖြစ်တယ်လို့ ကျွမ်းကျင် သူတွေက သုံးသပ်ထားပါတယ်။
ဒီတိုက်ပွဲမှာ အိုင်အက်စ် အဖွဲ့ဝင် ၇၇ ဦး၊ အတွင်းစည်း လုံခြုံရေးတပ်ဖွဲ့ဝင်၊ အကျဉ်းထောင်အစောင့်၊ အကြမ်းဖက် တန်ပြန်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ အပါအဝင် ကာ့ဒ်တိုက်ခိုက်ရေးသမား စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့ပါတယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ပြောခဲ့ပါတယ်။
အရှေ့မြောက်ပိုင်း မြို့တိုက်ပွဲမှာ သေဆုံးခဲ့တဲ့လူတွေထဲမှာ အရပ်သား အနည်းဆုံး ခုနစ်ဦးလောက် ပါဝင်ခဲ့ တယ်လို့လည်း ကာ့ဒ်အဖွဲ့ကပြောပါတယ်။
တိုက်ပွဲတွေဆက်လက်ဖြစ်ပွား
ဇန်နဝါရီ ၂၃ ရက်အထိ လေးရက် ဆက်တိုက် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြင်းထန်တဲ့တိုက်ပွဲတွေ ဇန်နဝါရီ ၂၃ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ကာ့ဒ် တပ်ဖွဲ့တွေက အကျဉ်းထောင်ကို အိုင်အက်စ်လက်အတွင်း မသက်ဆင်း ရေး၊ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲဝင်ခဲ့သလို အိုင်အက်စ်တပ်ဖွဲ့ ကလည်း သူ့လူတွေကို ထုတ်ပေးနိုင်ရေး တိုက်ပွဲဝင်ခဲ့တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် ရက်စက်ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
တကယ့်ကို အံ့ဖွယ်ဖြစ်ရပ်
ကာ့ဒ်တပ်ဖွဲ့များက အဲဒီဒေသမှာ ရှိတဲ့ ပြည်သူတွေကို ဒီဒေသက အမြန်ဆုံး ထွက်သွားပေးဖို့ အသံချဲ့စက်နဲ့ လိုက်လံ နှိုးဆော်ခဲ့ပါတယ်။ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ အိမ်တွေထဲ ဝင်ပြီး ပြည်သူတွေကို လိုက်လံသတ်ဖြတ် နေကြပါတယ်လို့ အသက် ၃၀ အရွယ် လောက်ရှိ ထွက်ပြေးနေတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလိုမျိုး ထွက်ပြေးလွတ်မြောက် လာနိုင်တာ တကယ့်ကို အံ့ဖွယ်ဖြစ်ရပ် တစ်ခုပဲလို့ ကလေးငယ်ကို စောင်နဲ့ ပတ်ထားရင်း သူက ပြောလိုက်ပါ တယ်။
အခြေအနေတွေကတော့ တကယ့် ကို ဆိုးတယ်။ လေးရက်ကြာပြီးတာ တောင် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဟာ ဆက်ဖြစ်နေတုန်းပဲလို့ သူကပြော ပါတယ်။
ပြောက်ကျားတိုက်ခိုက်မှုတွေကို
မကြာခဏ ပြုလုပ်
တိုက်ပွဲက ပြင်းသထက်ပြင်းလာ တော့ အရပ်သားတွေဟာ ရေမပါ မုန့်မယူနိုင်ဘဲ ခြေဦးတည့်ရာ ပြေးလွှား နေရတယ်လို့ အသက် ၈၀ အရွယ်ရှိ ဟမ်ရှာဆွီဒန်က ပြောပါတယ်။
မိမိတို့တွေဟာ ရေငတ်လို့ပဲဖြစ်ဖြစ်၊ ထမင်းငတ်လို့ပဲဖြစ်ဖြစ် သေရတော့ မယ်လို့ သူက ပြောပါတယ်။ အခုလည်း ဘယ်ကိုသွားလို့ သွားရဦးမယ် မသိ သေးဘူးလို့ သူက ထပ်လောင်းပြောကြား လိုက်ပါတယ်။
အိုင်အက်စ် တိုက်ခိုက်ရေးသမား တွေဟာ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အစိုးရကို ပစ်မှတ်ထားပြီး ပုံမှန် တိုက်ခိုက်လျက် ရှိပါတယ်။
စစ်ဘက်ဆိုင်ရာပစ်မှတ်တွေနဲ့ ရေနံ လုပ်ကွက်တွေကို ပစ်မှတ်ထားတဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကို မကြာ ခဏ ပြုလုပ်လေ့ရှိပါတယ်။ အခုလို အကျဉ်းထောင် တိုက်ခိုက်မှုကတော့ ထပ်မံချမှတ်လိုက်တဲ့ နောက်ပစ်မှတ် တစ်ခု ဖြစ်ပါတယ်။
အိုင်အက်စ်တွေ ထွက်ပြေးလွတ်မြောက်
ထွက်ပြေးလွတ်မြောက်တော့မယ် အိုင်အက်စ်ထိန်းသိမ်းခံ ၁၀၀ ကျော်ကို ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့ဝင်တွေက ပြန်လည် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြော ပါတယ်။ သို့သော်လည်း အများအပြား ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ရှိနေသေးပါတယ်။ အတိအကျကိုတော့ မပြောနိုင်သေးပါဘူး။
အာမက် သတင်းအေဂျင်စီကတော့ အိုင်အက်စ်တွေဟာ အသေခံဗုံးခွဲမှု နှစ်ခု နဲ့အတူ အကျဉ်းထောင်ထဲက လက်နက် ထားသိုရာအခန်းကို ထိန်းချုပ်နိုင်ခဲ့ကာ အဖွဲ့ဝင်ဂျီဟတ်ရာချီကို လွှတ်ပေးခဲ့တယ် လို့ ဖော်ပြထားပါတယ်။
လက်ခံဖို့သဘောမတူ
ဇန်နဝါရီ ၂၂ ရက်က တက်လာတဲ့ ဒုတိယဗီဒီယိုဖိုင်ထဲမှာတော့ အိုင်အက်စ် အုပ်စုတွေဟာ အဲဒီတိုက်ပွဲမှာ ကာ့ဒ်ဘက် က ၂၅ ဦးနီးပါးကို ပြန်ပေးဆွဲခဲ့ပါတယ်။ ကာ့ဒ်တပ်ဖွဲ့ဝင်တွေကတော့ ဒီပြန်ပေးဆွဲ သွားတဲ့သူတွေဟာ အကျဉ်းထောင်က ထမင်းချက်ဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။
မိမိတို့ရဲ့တပ်ဖွဲ့ဟာ ပထမတိုက်ခိုက် မှုအတွင်း သူတို့နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်လို့ ထုတ်ပြန် ဖော်ပြချက်မှာ ကာ့ဒ်တပ်ဖွဲ့တွေက ပြောပါတယ်။ သူတို့ကို အကြာကြီး ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ မကြာသေးမီက စစ်ဆင်ရေးတွေမှာ အိုင်အက်စ် တိုက်ခိုက်ရေးသမား ထောင်ချီဖမ်းဆီးနိုင်ခဲ့တယ်လို့ ကာ့ဒ် အာဏာပိုင်များက ပြောပါတယ်။
ကာ့ဒ်အာဏာပိုင်တွေရဲ့ အဆိုအရ ကာ့ဒ်အင်အားစုတွေ ထိန်းချုပ်ထားတဲ့ အဲဒီအကျဉ်းထောင်တွေမှာ အိုင်အက်စ် ၁၂၀၀၀ ကျော် ထိန်းချုပ်ထားပါတယ်။ အဖမ်းဆီးခံ အိုင်အက်စ်အဖွဲ့ဝင်တွေရဲ့ မိခင်တိုင်းပြည်တွေဟာ သူတို့ကို ပြန်လက်ခံဖို့ သဘောမတူကြပါဘူး။ ဒီကိစ္စအပေါ် ပြည်တွင်းမှာ အများပြည်သူ ရဲ့ တုံ့ပြန်မှုအပေါ် စိုးရိမ်နေကြ ပါတယ်။
အိုင်အက်စ်တွေဟာ ကမ္ဘာပေါ်က ပျောက်ကွယ်လုနီးနီးမှာ ပြန်လည် တစ်ခေတ်ထလာတာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်သမားတွေကို ကမ္ဘာပေါ်က ပြည်သူတွေက လက်ခံကြမှာမဟုတ်တဲ့ အတွက် သူတို့ဟာ အနှေးနဲ့ အမြန် ဆိုသလို ကမ္ဘာပေါ်က ပြန်လည်ပျောက် ကွယ်သွားကြမှာ ဖြစ်ပါတယ်။
ကိုးကား- အေအက်ဖ်ပီ