
ထွန်းကျော်
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ အပြီးတိုင် မချုပ်ငြိမ်းခင်မှာ နောက်ထပ် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးစိတ်သစ်တစ်ခုဖြစ်တဲ့ အိုမီခရွန် ကူးစက်ဖြစ်ပွားမှုတွေ အရှိန်အဟုန်နဲ့ ထပ်မံကူးစက်ဖြစ်ပွားလာပါတယ်။ ဒီလိုကူးစက်ဖြစ်ပွားမှုတွေဟာ ဥရောပမှာ သာမက အခုဆိုရင် အာရှ၊ အရှေ့တောင်အာရှပါမကျန် နိုင်ငံနဲ့ဒေသပေါင်း အတော်များများကို ရိုက်ခတ်လာပြီဖြစ်ပါတယ်။
ကမ္ဘာကြီးကို ကာကွယ်ဆေးထိုးမယ်
(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌဖြစ်တဲ့ အဗ္ဗဒူလာရှာဟစ်က နှစ်သစ်အတွက် သူ့ရဲ့ပထမဆုံး ရည်မှန်းချက် ကတော့ ကမ္ဘာကြီးတစ်ခုလုံးကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးဖို့ပဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ထို့အတူ ကိုဗစ်- ၁၉ ကာကွယ်ဆေး ဖြန့်ဝေပေးရာမှာ သာတူညီမျှဖြစ်ဖို့ကိုလည်း အလေးထားပြောကြားထားပါတယ်။ ဒါမှသာ အစောပိုင်းရက်တွေကလို ကမ္ဘာကြီး ပုံမှန်အနေအထားအတိုင်းပြန်လည်ရောက်ရှိမှာ ဖြစ်တယ် လို့ သူက ထပ်လောင်းပြောကြားလိုက်ပါတယ်။
မိမိရဲ့ ထိပ်တန်းဦးစားပေးကိစ္စကတော့ ကာကွယ်ဆေးထိုးကြဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်မြင့်အစည်းအဝေးကနေပြီးတော့ စည်းရုံးပြောကြားနေရတာ ဖြစ်ပါတယ်။ နှစ်သစ်တစ်ခုကို အကောင်း ဆုံးအစပြုဖို့ဆိုရင် ကာကွယ်ဆေးထိုးခြင်းက မိမိရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌက နယူးယောက် ရှိ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို သတင်းစကား ဖြန့်ဝေပေးခဲ့ပါတယ်။
ကာကွယ်ဆေးမထိုးရင် ရုန်းထွက်နိုင်မှာမဟုတ်
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတော်များများမှစတင်ကာ မိမိရဲ့ဘဝမှာ နှစ်သစ်ကူးဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ပိုပြီးတော့ အကောင်းဆုံးဖြစ်မယ့် တစ်ခုကို ရွေးချယ်လိုက်ပါတယ်။ အဲဒါကတော့ ကမ္ဘာကြီးကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးဖို့ပဲ ဖြစ်ပါတယ်။ လူတိုင်း မိမိနဲ့အတူ ပါဝင်စေချင်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကသာလျှင် အဲဒီလိုလုပ်နိုင်တဲ့ အရည် အချင်းရှိပါတယ်။ အခုဆိုရင် အခြေအနေက အတော်ကို ရှင်းရှင်းလင်း လင်း တွေ့မြင်နေရပြီဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုရင် မိမိတို့တွေ ကိုဗစ်- ၁၉ ကာကွယ်ဆေးမထိုးရင် ဒီထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါ ဘူးဆိုတာပဲ ဖြစ်ပါတယ်။
အခုချိန်အထိ အောင်မြင်မှုမရသေး
ကုလသမဂ္ဂရဲ့ ဒီနှစ်အကုန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ၂၀၂၂ ခုနှစ် နှစ်လယ်မရောက်ခင်မှာ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေး မျှော်မှန်းချက်ဟာ အခုချိန်အထိ အောင်မြင်မှု မရရှိသေးဘူးလို့ သူကပြောပါတယ်။
အာဖရိကနိုင်ငံတွေကို ပြန်ကြည့်ရင် ပျမ်းမျှကိုဗစ်- ၁၉ ကာကွယ် ဆေးထိုးနှုန်းဟာ အများဆုံး ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိပဲ ရှိတယ်လို့ သူက ပြောလိုက်ပါတယ်။ ဒီအချက်ကိုကြည့်ပြီး နေရာတိုင်း မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး ညီတူမျှတူ ဖြစ်နေပြီဆိုတာ ယုံကြည်ချက်ရှိရှိနဲ့ ပြောလို့မရနိုင်ပါဘူးလို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ၁၉၃ နိုင်ငံရှိတဲ့ မိမိတို့ ကုလသမဂ္ဂကြီးရဲ့ တစ်ခုတည်းသောရည်မှန်းချက်ဟာ ကမ္ဘာကြီးကို ကာကွယ်ဆေးထိုးဖို့ပဲဖြစ်တယ်လို့ သူကပြောပါတယ်။
ကာကွယ်ဆေးမထိုးရင် အရင်လိုပြန်ဖြစ်ဖို့မလွယ်သေး
ကမ္ဘာကြီးကို ကာကွယ်ဆေးမထိုးပေးနိုင်ရင် စီးပွားရေးနာလန်ပြန်ထူလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အလားတူ လူမှုရေးနဲ့ ပညာရေး တွေလည်း ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့တောင် ဖြစ်လာ မှာ မဟုတ်ပါဘူး။ စိတ်ချရတဲ့အနေအထားတစ်ခုလို အရင်လို အခြေ အနေတွေ ပြန်လည်ရောက်ရှိလာဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
ကမ္ဘာကြီးမှာ သေဆုံးနှုန်းအမြင့်ဆုံးဖြစ်
အခုဆိုရင် အမေရိကန်မှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှု နဲ့အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ဟာ ၅၁ သန်း ကျော်လာပြီး သေဆုံးသူပေါင်းဟာလည်း ရှစ်သိန်းကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးမှာ ကိုဗစ်- ၁၉ နဲ့ သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်တယ်ဆိုတာ ဖော်ပြနေပါတယ်။
ဇန်နဝါရီလလယ်မရောက်ခင် အိုမီခရွန် လွှမ်းမိုးလာမယ်
အီးယူအကြီးအကဲ အာဆူလာဗွန်ဒါလီယန်က အိုမီခရွန် ဗိုင်းရပ်စ် သစ်ဟာ ဇန်နဝါရီလလယ်မရောက်ခင် ဥရောပကို လွှမ်းမိုးလာတော့ မယ်လို့ သတိပေးထားပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံကတော့ အဲဒီ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ လုံလောက်တဲ့ ကာကွယ်ဆေးအနေအထား ရှိတယ်လို့ ပြောပါတယ်။
ဂျာမနီ၊ စပိန်နဲ့ ဂရိအပါအဝင် ဥရောပနိုင်ငံအမြောက်အမြားမှာ ကပ်ရောဂါကို ထိန်းချုပ်ဖို့နဲ့ ကျောင်းတွေဖွင့်နိုင်ဖို့အတွက် အသက် ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးတွေကို ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ပါတယ်။
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်စကိုက ဂျာမနီနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို ဆန့်ကျင်နေသူတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကာကွယ်ရဦးမယ်လို့ ပြောကြားထားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ပါတီက အမတ် ၁၀၀ နီးပါး ဟာလည်း ဗိုင်းရပ်စ်သစ်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို ဆန့်ကျင်မဲတွေပေးခဲ့ပါတယ်။
ကန့်သတ်ချက်တွေ တင်းကျပ်လာကြ
အီတလီနိုင်ငံကလည်း ကျန်တဲ့အီးယူနိုင်ငံက ရောက်ရှိ လာသူတွေ ကို ကန့်သတ်ချက်တွေ တင်းကျပ်ထားပါတယ်။ လူတိုင်း ကိုဗစ်- ၁၉ စစ်ဆေးဖို့လိုအပ်ပြီး ကာကွယ်ဆေးမထိုးထားသူတွေအတွက် ငါးရက် ကြာ ကွာရန်တင်းဝင်ရမှာပဲ ဖြစ်ပါတယ်။
ဥရောပဆေးဘက်ဆိုင်ရာ အေဂျင်စီက ဂျွန်ဆင်နဲ့ဂျွန်ဆင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပိုဆောင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အိုမီခရွန်ဗိုင်းရပ်စ်သစ်ဟာ လှိုင်းအသစ်တစ်ခုလို ထပ်မံပျံ့နှံ့လာတဲ့ အတွက် ဂျီးဆက်မွေးဖွားရာ ပါလက်စတိုင်းမြို့ရဲ့ ခရစ္စမတ်ကာလဟိုတယ်ဖွင့်လှစ်မှုတွေ အဆုံးသတ်ခဲ့ရပါတယ်။
အလားတူ အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ ခြောက်ဦး တွေ့ရှိခဲ့တဲ့ ရဝမ်ဒါမှာလည်း နိုက်ကလပ်တွေကို ပိတ်ထားလိုက်ရပြီး နိုင်ငံတကာဆိုက်ရောက်သူတွေအတွက် ကွာရန်တင်းကာလကို ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။
ကင်ညာမှာလည်း အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ သုံးဦးတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ကင်ညာမှာ ပထမဆုံး ဗိုင်းရပ်စ်သစ်ကို တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။
သေဆုံးမှုနှုန်းတွေ နှစ်ဆ၊ သုံးဆလောက် မြင့်တက်လာဦးမယ်
၂၀၁၉ ခုနှစ်ဒီဇင်ဘာလမှစတင်ကာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွား ခဲ့တဲ့ ကိုဗစ်- ၁၉ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၅၃၂၀၄၃၁ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၈၀၀၄၇၃ ဦး ရှိလာခဲ့ပါတယ်။ သူ့နောက်မှာတော့ ဘရာဇီး နိုင်ငံဟာ သေဆုံးသူ ၆၁၆၉၇၀ နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ၄၇၆၁၃၅ ဦးနဲ့ မက္ကဆီကိုမှာတော့ ၂၉၆၉၈၄ ဦး ရှိလာခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်မှာ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ နိုင်ငံတွေက တော့ ဆွစ်ဇာလန်နိုင်ငံ၊ ပီရူးနိုင်ငံ၊ စပိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ သေဆုံးမှုနှုန်းဟာ နောက်ထပ်နှစ်ဆ၊ သုံးဆလောက် ထပ်မံမြင့်တက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုတွေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်ဖို့ဆိုရင် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌဖြစ်တဲ့ အဗ္ဗဒူလာရှာဟစ် ပြောကြားခဲ့သလို ကမ္ဘာကြီးကို ကိုဗစ်- ၁၉ ကာကွယ်ဆေး များများထိုးပေးဖို့ပဲ လိုပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ၊ ဆင်ဟွာ