
စုစုပေါင်း ကာကွယ်ဆေး ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီးဖြစ်
နေပြည်တော် ဒီဇင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးများ ထပ်မံရောက်ရှိ မှုအနေဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ၆ ဒသမ ၇ သန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ည ၉ နာရီ ၃၅ မိနစ်တွင် ထပ်မံရောက်ရှိလာပြီဖြစ်ရာ စုစုပေါင်း ကာကွယ်ဆေး ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီးဖြစ်သည်။
အဆိုပါ ဒုတိယအသုတ်အဖြစ် ရောက်ရှိလာသည့် ရောဂါကာကွယ် ဆေး Covishield အမှတ်တံဆိပ်ကာကွယ်ဆေး ၆ ဒသမ ၇ သန်း doses ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက်ရှိသူ ၁၃ ဒသမ ၇၈ သန်းကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ပြီး ၅ ဒသမ ၃၇ သန်းကို တစ်ကြိမ် ထိုးနှံ ပေးခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ စုစုပေါင်း ၁၉ ဒသမ ၁၅ သန်းခန့်ရှိပြီဖြစ်သောကြောင့် ရည်မှန်းလူဦးရေအားလုံး၏ ၅၁ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့် အထက် ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၂၉ သန်းကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ပြီး ၁၈၈၈၃၆ ဦး ကို တစ်ကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဝယ်ယူခြင်းမှ ၄၄ ဒသမ ၄ သန်းနှင့် လှူဒါန်းမှုမှ ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၅၆ ဒသမ ၃၆ သန်းခန့်ရရှိပြီး ဖြစ်သည်။
လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမို ကောင်းမွန်အောင် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုက်တွန်းနှိုးဆော်
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
သတင်းစဉ်