
နေပြည်တော် ဒီဇင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိသည်။
ထပ်မံရောက်ရှိလာ
ထိုသို့ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေး များ ထပ်မံရောက်ရှိမှုအနေဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVISHIELD အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ၆ ဒသမ ၇ သန်း doses သည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ညပိုင်းတွင် ထပ်မံရောက်ရှိ လာပြီဖြစ်ရာ စုစုပေါင်း ကာကွယ်ဆေး ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီး ဖြစ်သည်။
အဆိုပါ ဒုတိယအသုတ်အဖြစ်ရောက်ရှိလာသည့် ရောဂါကာကွယ်ဆေး COVISHIELD အမှတ်တံဆိပ် ကာကွယ်ဆေး ၆ ဒသမ ၇ သန်း doses ကို ရန်ကုန် တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဦးဆောင်သည့်အဖွဲ့က လက်ခံရယူ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်အထိ အသက် ၁၈ နှစ် နှင့်အထက်ရှိသူ ၁၃ ဒသမ ၇၈ သန်း ကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ပြီး ၅ ဒသမ ၃၇ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
သို့ပါ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ စုစုပေါင်း ၁၉ ဒသမ ၁၅ သန်း ခန့်ရှိပြီဖြစ်သောကြောင့် ရည်မှန်းလူဦးရေ အားလုံး ၏ ၅၁ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။
ထို့ပြင် အခြေခံပညာကျောင်းများတွင် အသက် ၁၂ နှစ်နှင့် အထက်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၂၉ သန်းကို နှစ်ကြိမ် အပြည့် ထိုးနှံပေးခဲ့ပြီး ၁၈၈၈၃၆ ဦးကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၄ ဒသမ ၄ သန်းနှင့် လှူဒါန်းမှုမှ ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၅၆ ဒသမ ၃၆ သန်းခန့်ရရှိပြီးဖြစ်သည်။
လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုကောင်းမွန်အောင် သတ်မှတ်ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုးနှံမှုခံယူ
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိ လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ် များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
သတင်းစဉ်