
ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ ၁၉ သန်းခန့်ရှိပြီဖြစ်၍
ရည်မှန်းလူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးပြီဖြစ်
နေပြည်တော် ဒီဇင်ဘာ ၂၇
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield အမှတ်တံဆိပ်ကာကွယ်ဆေး doses ၁၃ ဒသမ ၄ သန်း အနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး doses ၆ ဒသမ ၇ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁နာရီ ၂၅မိနစ်က ရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံ ရယူသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက် အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေ ၁၃ ဒသမ ၄၅ သန်းကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ပြီး ၅ ဒသမ ၅၄ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက်(၁၈) နှစ်နှင့်အထက်ရှိသူ စုစုပေါင်း ၁၉ သန်းခန့်ရှိပြီ ဖြစ် သောကြောင့် ရည်မှန်းလူဦးရေအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အခြေခံပညာကျောင်းများတွင် အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၂၈ သန်းကို နှစ်ကြိမ် အပြည့် ထိုးနှံပေးခဲ့ပြီး ၁၈၉၁၀၄ ဦးကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။ လာမည့် ၂၀၂၂ ခုနှစ်တွင် လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်အောင် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၃၇ ဒသမ ၇ သန်းနှင့် လှူဒါန်းမှုမှ ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၄၉ ဒသမ ၆၆သန်းခန့် ရရှိပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာ သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှု ရရှိထားသူများအနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကိုသတ်မှတ်ရက် (သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ် များသို့သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်