
နေပြည်တော် မေ ၁၆
မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ် အား တိုကျိုမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စတာ ဒါဘာ ဒက်ဘ်အီးလ် ဟွန်းဒ် အား ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ၂၀၀၆ ခုနှစ်တွင် အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အဲဒစ်အဘာဘာမြို့ရှိ ပြည်သူ့ ဝန်ထမ်းတက္ကသိုလ်မှ ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုဆိုင်ရာဘွဲ့ကို လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ အဇူဆာပစိဖိတ်တက္ကသိုလ်မှ အဖွဲ့အစည်း ဦးဆောင်မှုဆိုင်ရာမဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ ၎င်းသည် ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အီသီယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အဲဒစ်အဘာဘာမြို့ရှိ အိုရိုမီယာဒေသ စားနပ်ရိက္ခာ ဖူလုံရေးရုံး အကြီးအကဲအဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အိုရိုမီယာဒေသ လူထုစည်းရုံးရေးနှင့် လူမှုရေးရာဗျူရို အကြီးအကဲအဖြစ် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘူရာယု မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အဲဒစ်အဘာဘာမြို့တော် အုပ်ချုပ်ရေးရုံး၏ စွမ်းရည်မြှင့်တင်ရေး ဗျူရိုအကြီးအကဲအဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အိုရိုမီယာဒေသ ပညာရေးဗျူရိုအကြီးအကဲအဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အိုရိုမီယာတိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အိုရိုမီယာ ဒေသ စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ် ဗျူရိုအကြီးအကဲအဖြစ် လည်းကောင်း၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရဝမ်ဒါသမ္မတနိုင်ငံ ဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်လည်းကောင်း ရာထူးအသီးသီးဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် တိုကျိုမြို့အခြေစိုက် ဂျပန်နိုင်ငံ ဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။
သတင်းစဉ်