
နေပြည်တော် ဒီဇင်ဘာ ၂၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်ညွှန်းစာစောင်များကို နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာ ရေး ကော်မတီတို့အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကောင်စီဝင်များ ဖြစ်ကြသော ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအောင်မြင်ထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြား ရေးမှူးချုပ် ဦးထင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ယခုလွှဲပြောင်း ပေးအပ်သည့် ရည်ညွှန်းစာစောင်များသည် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံ ပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်တက္ကသိုလ်အဆင့် ရည်ညွှန်း စာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်တို့ဖြစ်ကြောင်း၊ အဆိုပါ ရည်ညွှန်း စာစောင်များသည် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကိုသုံးသပ်၍ စနစ်တကျ ရေးသားပြုစုထားသော စာစောင်များဖြစ်ကြောင်း၊ အဆိုပါ ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဘာသာပြန်ဆိုထားခြင်းဖြစ်ကြောင်း၊ ရည်ညွှန်း စာစောင်များကို ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်များမှာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် တန်ဖိုးထားအပ်ပြီး လက်တွေ့ လိုက်နာ ကျင့်ကြံအားထုတ်တတ်စေရန်၊ အခြေခံစည်းကမ်း မူဘောင်များနှင့် ကျင့်ဝတ်များကို လိုက်နာခြင်းဖြင့် လူ့ဘောင် အဖွဲ့အစည်းအတွက် အကျိုးပြုသူများဖြစ်လာစေရန်၊ မိမိတို့ လူ့အဖွဲ့အစည်းအပေါ် မှန်ကန်ကောင်းမွန်သည့် အတွေး အမြင်များ ရရှိစေရန်၊ လူတိုင်းသည် မိမိတို့၏ လုပ်ဆောင် မှုတိုင်းအတွက် တာဝန်ယူမှုရှိစေရန်၊ ပြည်သူ့ဝန်ထမ်းများ နှင့် နိုင်ငံ့ဝန်ထမ်းများအတွင်း အများပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု (Public Integrity) ဖွံ့ဖြိုးတိုးတက် လာစေရန်တို့အတွက် ဖြစ်ပါကြောင်း၊ ဤရည်ညွှန်း စာစောင်များကို ကျယ်ကျယ်ပြန်ပြန့် လေ့လာဖတ်ရှုနိုင် အောင် စီစဉ်ဖြန့်ဝေပေးခြင်း၊ ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍတို့ တွင် ဖြောင့်မတ်တည်ကြည်မှု၊ ကိုယ်ကျင့်သိက္ခာနှင့် တာဝန် ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ခံယူချက်များ၊ အသိအမြင်များ ပိုမိုတိုးတက်ခိုင်မာလာစေမည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်ထံ နေပြည်တော် ကောင်စီနှင့် ခရိုင်၊ မြို့နယ်များအတွက် ရည်ညွှန်းစာစောင် များ လွှဲပြောင်းပေးအပ်ပြီး (ဝဲပုံ) ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ် မြတ်စိုးက နေပြည်တော်စည်ပင်သာယာရေးကော်မတီကော်မတီဝင် ဦးအေးမြင့်ထံသို့ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့တွင် ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် ကော်မရှင်၏ လုပ်ဆောင်ချက်များ အောင်မြင်မှုရှိသည်ကို လည်း တွေ့ရှိရပါကြောင်း၊ လက်ခံရရှိသည့် ရည်ညွှန်း စာစောင်ပါ အချက်အလက်များကို အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းများတွင် အလျဉ်းသင့်သလို အသိပညာပေး ဆက်လက်ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်