
ရန်ကုန် ဩဂုတ် ၁၈
၂၀၂၃-၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန်ခြေစစ်ပွဲ Play-off ပွဲစဉ်အဖြစ် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်း သည် (အောက်ပုံ) အင်ဒိုနီးရှားကလပ် မာကာဆာအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲ၏ အာဆီယံဇုန်ခြေစစ်ပွဲကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပခဲ့ပြီး အကြို ခြေစစ်ပွဲအဆင့်တွင် လေးသင်းယှဉ်ပြိုင်ပြီး အနိုင်ရသည့်နှစ်သင်းမှာ Play-off အဆင့် တက်ရောက်ခွင့်ရကာ တိုက်ရိုက်ကစားခွင့် ရထားသည့် နှစ်သင်းနှင့် ထပ်မံကစားရ ခြင်းဖြစ်သည်။ Play-off ပွဲစဉ်တွင် အနိုင် ရသည့် နှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင် မည်ဖြစ်ပြီး အာဆီယံဇုန် အုပ်စုအဆင့်တွင်
ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အာဆီယံဇုန် ခြေစစ်ပွဲ Play-off ပွဲစဉ်များ ကိုသြဂုတ် ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားကလပ် မာကာဆာ အသင်းနှင့် မြန်မာကလပ် ရန်ကုန်ယူနိုက်တက်အသင်း၊ စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်း အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ခြေစစ်ပွဲများကို တစ်ကျော့ တည်းကျင်းပမည်ဖြစ်ပြီး ရန်ကုန်အသင်းသည် အကြိုခြေစစ်ပွဲကို အိမ်ကွင်းကစားရသော်လည်း Play-off ပွဲစဉ်ကို အဝေးကွင်းသွားရောက် ကစားရခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup အာဆီယံဇုန် အကြိုခြေစစ်ပွဲတွင် ဘရူနိုင်းကလပ် DPMM အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သဖြင့် ခြေစစ်ပွဲ Play-off အဆင့် တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။ မာကာဆာသည် အင်ဒိုနီးရှားလိဂ်၏ ထိပ်သီး ကလပ်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်သည် မြန်မာကလပ်များတွင် AFC Cup ပြိုင်ပွဲ အကြိမ်အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည်။
လာမည့် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ် နှစ်သင်း ယှဉ်ပြိုင်ခွင့် ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။
ရဲရင့်လွင် ၊ ဓာတ်ပုံ - သော်လေး