
မန္တလေး အောက်တိုဘာ ၂၀
မန္တလေးမြို့ သီရိမာလာကုန်စိမ်း လက်ကားဈေးအတွင်းသို့ ရှမ်းပြည် နယ်တောင်ပိုင်း အောင်ပန်းဒေသ မှ ထွက်ရှိ ဝင်ရောက်လာသည့် အာလူးများ ယခင်ရက်များထက် ဈေးကောင်းများ ရရှိနေကြောင်း အဆိုပါ ဈေးအတွင်း ရှိ အာလူးပွဲရုံ များထံမှ သိရသည်။
အဆိုပါ အောင်ပန်းဒေသ အာလူးများသည် လက်ရှိအချိန် တွင် မန္တလေးမြို့ သီရိမာလာ ကုန်စိမ်းဈေးသို့ တစ်ရက်လျှင် ခြောက်ဘီးကားအစီးရေ ၂၀ အထိ ပုံမှန် ဝင်ရောက်လျက်ရှိပြီးဈေးနှုန်းများမှာလည်း ယခင်ရက် များထက် ဈေးကောင်းရရှိနေ ကြောင်း၊ ပြီးခဲ့သည့် နှစ်ပတ်ခန့်က အာလူးဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ငွေကျပ် ၇၀၀ မှ ၁၂၀၀ အထိ ရရှိခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် အာလူး တစ်ပိဿာလျှင်ငွေကျပ် ၁၇၀၀ မှ ၁၈၀၀ အထိ ဈေးနှုန်းများ ရရှိနေကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင် က ပြောသည်။
“လက်ရှိမှာတော့ အာလူးက အဓိကစိုက်ပျိုးတဲ့ အောင်ပန်း ဒေသဘက်ကပဲ ထွက်ရှိပြီး ဝင်ရောက်လာတာပါ။ ကျန်တဲ့ ဒေသက အာလူးတွေ ဈေးကွက် ကို ဝင်ရောက်ခြင်း မရှိသေးပါဘူး။ ရှမ်းပြည်နယ် တောင်ပိုင်းအောင်ပန်း ဒေသကပဲ အများဆုံး ထွက်ရှိတော့ တာပါ။ ဒါကြောင့် အာလူးက အဝင်နည်းသွားပါတယ်။ မနှစ်က အာလူးဈေးကမကောင်း၊ အရှုံးပေါ် တာကြောင့် တောင်သူတွေက ဒီနှစ်မှာ မစိုက်ကြတော့ပါဘူး။ အာလူးစိုက်ဧကတွေ ထက်ဝက် လောက်ကို လျော့သွားပါတယ်။ အဲဒါကြောင့် အာလူးဈေးတွေက မြင့်တက်လာပြီး ဈေးကောင်းရရှိ နေကြတာပါ။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာလည်း ဆီဈေးတွေက တက်တာလည်းပါ တယ်။ ဒါ့အပြင် ဒီနှစ်က ကိုဗစ် ဖြစ်တော့ ပြည်သူတွေက အထား ခံတဲ့အာလူးကို ဝယ်ယူသိမ်းဆည်း ထားကြပါတယ်။ အဲဒါကြောင့် ဈေးကောင်းများလည်း ရရှိနေကြ ပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ အောင်ပန်းဒေသ ထွက် အာလူးများသည် လက်ရှိ အချိန်တွင် မန္တလေးဈေးကွက်သို့ နေ့စဉ် ဝင်ရောက်လျက်ရှိနေပြီး ဈေးနှုန်းမှာလည်း ကောင်းမွန် လျက်ရှိကြောင်း၊ ယင်းအာလူးများ ဈေးကောင်းရရှိနေခြင်းနှင့် အတူ ကျန်သည့်ကုန်သီးနှံများဖြစ်သည့် ဂေါ်ဖီထုပ်၊ သခွားသီး၊ ဗိုလ်စားပဲ နှင့် ပန်းမုန်လာတို့ကိုလည်း ဈေးကောင်းများဖြင့် ရောင်းချနေ ရကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ ဈေးသို့ ကုန်မျိုးစုံ ဝင်ရောက်နေသည့် ကားအစီး ရေသည်နေ့စဉ် အစီး ၅၀ မှအစီး ၇၀ အထိ ပုံမှန်ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။
မင်းထက်အောင်
(မန်းကိုယ်ပွား)